Wednesday, November 30, 2016

♪ “မြန်မာ့အင်တာနက်နယ်ပယ်အကြောင်း သိထားသင့်တာတွေ” ♫


ပြီးခဲ့သည့် ၃ နှစ်အတွင်း မြန်မာပြည်တွင် အသိသာဆုံးအပြောင်းအလဲ တစ်ခုမှာ ဆက်သွယ်ရေးစနစ် ဖွံ့ဖြိုးတိုးတက်လာ ခြင်းဖြစ်သည်။ အထူးသဖြင့် မိုဘိုင်းဆက်သွယ်ရေးစနစ်ဆိုင်ရာတော်လှန်ပြောင်းလဲမှုများကြောင့် မိုဘိုင်းဖုန်းများသည် ဇိမ်ခံ ပစ္စည်းဆန်ဆန် အခြေအနေမှ အများပြည်သူနှင့် သက်ဆိုင်သည့် တစ်ကိုယ်ရေသုံးဆက်သွယ်ရေးပစ္စည်းတစ်ခုအဆင့်သို့ ရောက်ရှိလာခဲ့သည်။ မိုဘိုင်းဖုန်းအသုံးပြုသူ အရေ အတွက် မှာလည်း တိုင်းပြည်လူဦးရေ၏ ၉၀% ခန့်အထိရှိလာနေပြီဖြစ်သည်။

ထို့အပြင် ယင်း ပမာဏ၏ ၆၄% ခန့်မှာ စမတ်ဖုန်းသုံးစွဲနေကြသည်ဟု ဆက်သွယ်ရေး အော်ပရေတာများကလည်း ဆိုကြသည်။ GSMA အဖွဲ့အစည်းကြီး၊ သီရိလင်္ကာ အခြေစိုက် LIRNEasia နှင့် မြန်မာပြည်မှ MIDO တို့မှထုတ်ပြန်သည့် “Mobile phones, internet and gender in Myanmar” စာတမ်းအရ ပြည်တွင်းရှိ အသက်၁၅နှစ်မှ ၆၅နှစ်အကြား လူဦးရေ၏ ၄၀% မှာ မိုဘိုင်းဖုန်း အသုံးပြု နေကြပြီဖြစ်သည်။ ထို့အပြင် ၄၁% မှာလည်း မိုဘိုင်းဖုန်းဝယ်ယူသုံးစွဲရန် ရည်ရွယ် ထားကြောင်းဖော်ပြထားသည်။မိုဘိုင်းကွန်ရက်များ တိုးတက် လာမှုကြောင့် ၂၀၁၆ နှစ်ကုန်တွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးခန့်က အင်တာနက် အသုံးပြုလာကြမည် ဖြစ်သော်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများ တွင်သာ တိုးတက်မည်နေမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူတိုးတက်ရန် ခက်ခဲနေ သေးကြောင်း ITU က ပြီးခဲ့သည့် ရက်ပိုင်းကအစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လူဦးရေ ၈၀ ရာခိုင်နှုန်းက အင်တာနက် အသုံးပြုနိုင် ကြသည်။ သို့သော်လည်းဖွံ့ဖြိုးဆဲ နိုင်ငံများ တွင် အင်တာနက်အသုံးပြုနိုင်သူ ၄၀ ရာခိုင်နှုန်းခန့်သာရှိပြီး ဖွံ့ဖြိုးမှုနှေးကွေးသော နိုင်ငံများတွင် ၁၅ ရာခိုင်နှုန်း အောက်သာ အင်တာနက် အသုံးပြုကြကြောင်း အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ (ITU) ၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။ သို့သော် လည်း မြန်မာနိုင်ငံတွင်မူအဆိုပါ အစီရင်ခံစာနှင့် ဆန့်ကျင်စွာပင် မိုဘိုင်း ဆက်သွယ်ရေး စနစ်ဖွံ့ဖြိုးမှုနှင့်ထပ်ချပ်မကွာပင် အင်တာနက် အသုံးပြုမှုများ မှာသိသိသာသာတိုးတက်လာနေပြီး လက်ရှိနှစ်ကုန်တွင် အင်တာနက် အသုံးပြုသူဦးရေ ၃၉ သန်းကျော် (၈၀% နီးပါး) အထိ ရှိမည်ဖြစ်ကြောင်း ၀န်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။ဤကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးတက် လာနေသည့် လက်ရှိမြန်မာ့အင်တာနက်နယ်ပယ်နှင့် ပတ်သက်၍ သိထား သင့်သည့် အချက် ၅ ခု ရှိသည်။ ပထမတစ်ချက်မှာမြန်မာနိုင်ငံ၏ မိုဘိုင်း အင်တာနက် အသုံးပြုမှုနှုန်းတိုးတက်နှုန်းမှာ နှစ်စဉ် ၁၀၀% တိုးပွား နေခြင်း ဖြစ်သည်။ မြန်မာ့အင်တာနက်နယ်ပယ်မှာယင်းကဲ့သို့ အင်နှင့်အားနှင့် တိုးတက် နေကြောင်း MMRD ၏ Study report broadband internet landscape in Myanmar အစီရင်ခံစာကဆိုလေသည်။

ယင်းသို့ အရှိန်အဟုန်ဖြင့် အင်တာနက်အသုံးပြုမှု တိုးပွားလာနေမှုနှင့် အစိုးရ အဖွဲ့အစည်းများကိုယ်တိုင်က အင်တာနက် ဖွံ့ဖြိုးရေးကို အားစိုက် တွန်းအား ပေးနေသည့်အတွက် လက်ရှိတွင် မြန်မာ့အင်တာနက်လုပ်ငန်းအပေါ် ပြည်တွင်း ပြည်ပရင်းနှီး မြှုပ်နှံသူများက အင်နှင့်အားနှင့် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားနေကြသည်။ အင်တာနက်အသုံးပြုမှု တိုးတက်လာနေသော် လည်း မိုဘိုင်းအင်တာနက်အသုံးပြုမှုသာများပြားနေသေးပြီး fixed line များ နှင့် fiber internet အသုံးပြုမှုများပိုမိုမြင့်တက်လာစေရန် အခြေခံအဆောက် အအုံပိုင်း မြှင့်တင်မှုများပြုလုပ်ရန် လိုအပ်နေသေးသော ကြောင့်ဖြစ်သည်။
ဒုတိယအချက်မှာနိုင်ငံတကာအင်တာနက်ဆက်ကြောင်းများကို အလျင် အမြန်တိုးချဲ့နေခြင်းဖြစ်ပြီး တိုင်းပြည်အနေဖြင့် လက်ရှိအင်တာနက် bandwidth ကိုထပ်မံတိုးချဲ့ရန် အင်တိုက်အားတိုက် ကြိုးပမ်းနေသည်။ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်က မြန်မာ နိုင်ငံ၏ အင်တာနက် bandwidth မှာ 15 Gbps (0.3 Kbps per capita) သာရှိပြီး အာဆီယံဒေသအတွင်း အနိမ့်ဆုံး ပမာဏ ဖြစ်သော်လည်း ယခုအခါ 70 Gbps (1.3 kbps per capita) အထိ တိုးတက်လာနေပြီဖြစ်သည်။ ထို့အပြင် လက်ရှိချိတ်ဆက် နေသည့် SEA-ME-WE 5 submarine cable ချိတ်ဆက်ပြီးစီးမည့် ၂၀၁၆ ဒီဇင်ဘာလကုန်တွင် 100 Gbps အထိတိုးတက်လာမည်ဖြစ်သည်။

ထို့အပြင် ဆက်သွယ်ရေးအော်ပရေတာများတည်ဆောက်နေသည့် နယ်စပ် ဖြတ်ကျော် အင်တာနက်ဆက် ကြောင်းများ ပြီးစီးပါက bandwidth ပမာဏ ထပ်မံ တိုးတက်လာဦးမည်ဖြစ်သည်။တတိယတစ်ချက်မှာ အင်တာနက် အသုံးပြုခသက်သာခြင်းပင်ဖြစ်သည်။ လက်ရှိတွင် မိုဘိုင်းအင်တာနက်ကို အဓိကထား အသုံးပြုနေသောကြောင့် ပြည်တွင်းတွင် အင်တာနက် အသုံးပြုခ မှာ ၃၉ သန်းသော အင်တာနက် အသုံးပြုသူဦးရေနှင့် အချိုးချ ကြည့်မည် ဆိုပါကတစ်လလျှင် ပျမ်းမျှ ၁၂ $ ခန့်သာကျသင့်ကြောင်းစစ်တမ်းများက ဆိုသည်။ ထို့အပြင် ယခုနောက်ပိုင်းတွင် အိမ်သုံးဝန်ဆောင်မှုများလည်း ထပ်မံပေါ်ထွက်လာနေပြီးသင့်တင့်သည့်ဈေးနှုန်းများဖြင့် ၀န်ဆောင်မှု ပေးနေသည်ကို မြင်တွေ့ နေရသည်။ Bandwidth များတိုးချဲ့ နေသော်လည်း လက်ရှိအချိန်အထိသင့်လျော်သည့် Fixed broadband အင်တာနက်ဈေးကွက် ကို မတည်ထောင် နိုင်သေးသည်မှာအမှန်ပင်ဖြစ်သည်။ မိုဘိုင်းအင်တာနက် အသုံးပြုသူများပြားနေသော်လည်း တည်ငြိမ်သည့် ကွန်နက်ရှင်နှင့် နေအိမ်၊ ရုံးများအတွက် အမှန်တကယ်ပြည့်စုံစွာအသုံးပြုနိုင်သည့် Fixed broadband အသုံးပြုသူ အရေအတွက် မှာမူနည်းပါးနေသေးပြီး လူ ၁၀၀၀ လျှင် ၁ ဦး နှုန်းသာ အသုံးပြုမှုရှိကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာ များကဆိုသည်။

ပိုမိုဈေးနှုန်း မြင့်မားပြီး နည်းပညာလည်းမြင့်မားသည့် satellite internet အသုံးပြုသူ အရေအတွက်မှာမူပိုမိုနည်းပါးလှပြီး လူ ၁၀၀၀၀ လျှင် ၁ ဦးနှုန်း သာ ရှိလေသည်။ Fixed lines များသည် ပျမ်းမျှတပ်ဆင်ခနှင့် လစဉ်ကြေး $၅၀ ခန့် ကျသင့်သည့်အပြင် နေရာဒေသကန့်သတ်ချက်များလည်း ရှိနေ သောကြောင့် နေအိမ်တွင်တပ်ဆင်အသုံးပြုရန် အသုံးပြုသူများအနေဖြင့် စိတ်ပါဝင်စားမှု နည်းပါးကြသည်။ ယခု နောက်ပိုင်းတွင် လုပ်ငန်းအသေးစား များပင်လျှင် မိုဘိုင်းအင်တာနက်ကိုသာ ချိတ်ဆက် အသုံးပြုကြသည် များကို အတွေ့များလာနေသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် Fixed lines အင်တာနက်အသုံးပြုခများမှာ နှစ်စဉ် ၁၀% ခန့် ကျဆင်းနေကြောင်း MMRD အစီရင်ခံစာကဆိုသည်။ လက်ရှိတွင် ပြည်တွင်း၌ ISP အရေအတွက်မှာလည်း နည်းပါး နေသေးပြီးအရေအတွက် ပိုမိုများပြားလာပါက ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာပြီး ဈေးနှုန်းနှင့် ၀န်ဆောင်မှုများလည်း ပိုမိုကောင်းမွန်လာဖွယ်ရှိ လေသည်။ နောက်ဆုံးတစ်ချက်မှာမူ မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုသူ များနှင့် ပတ်သက်၍ မဖြစ်မနေသိထားသင့်သည့်အချက် ဖြစ်ပြီး ယင်းမှာ မြန်မာနိုင်ငံတွင် လူသုံးအများဆုံးအင်တာနက်ဝက်ဘ်ဆိုက်မှာ Facebook ဖြစ်နေခြင်းဖြစ်သည်။ မြန်မာ့အင်တာနက် အသုံးပြုသူအရေအတွက်၏ ၉၆% မှာ Facebook ကို ပုံမှန် အသုံးပြုနေကြပြီးယင်းမှာ မူဝါဒများ ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်တစ်ခုဖြစ်လေသည်။

ယင်းနောက်တွင် Viber က ၈၀% နှင့် Email က ၅၄% ရှိကာ နိုင်ငံတကာ တွင် ခေတ်စားသော Twitter မှာအသုံးပြုသူ ၆% သာရှိလေသည်။ ယင်းအချက် များသည် မြန်မာ့အင်တာနက်လောက၏ လက်ရှိအခြေအနေဖြစ်ပြီး မူဝါဒ ချမှတ်ရာတွင်ဖြစ်စေ၊ ရင်းနှီး မြှုပ်နှံရာတွင်ဖြစ်စေ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့်အကြောင်းအရာများလည်းဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့လူဦးရေ ၏ ၄၇ ရာခိုင်နှုန်းသည် အင်တာနက် အသုံးပြုကြပြီး ၂၀၂၀ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းရှိလာရန် ကုလသမဂ္ဂက မျှော်မှန်းထားသည်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်ရှိသောလူဦးရေ ၃.၉ ဘီလီယံခန့်မှာ အင်တာနက် အသုံးပြု နိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာမှာ လည်း အင်တာနက်ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံ တည်ဆောက် ရေး လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံမည့်သူများကိုဆွဲဆောင်မှု ကောင်းကောင်း ဖြင့် ဆွဲဆောင်နေသည်။ ထို့ကြောင့် လက်ရှိ အင်တာနက်အပေါ် လူအများ၏ စိတ်ပါဝင်စားမှုနှင့် နည်းပညာကဏ္ဍအပေါ် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုနှုန်း မြင့်မားလာနေမှုတို့ကိုအခြေပြု၍ ဆွဲဆောင်ပါက မြန်မာ့ အင်တာနက်နယ်ပယ်သည် ယခုထက် ပိုမိုတိုးတက်လာမည်ဟု ယူဆရ ပေသည်။

မောင်မိုးဇွန်

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment