ဒီနေ့ခေတ် စမတ်ဖုန်းတွေဟာ သိုလှောင်သိမ်းဆည်းနိုင်စွမ်း မြင့်မားလာတာနဲ့ အမျှ ဖုန်းထဲမှာ ကိုယ်ရေးကိုယ်တာ ဖိုင်များ၊ ဓါတ်ပုံများ၊ ဗီဒီယိုများ၊ အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ အရေးကြီး ဖိုင်များကို သိမ်းဆည်းလာကြပါတယ်။ သင့်ရဲ့ Android Device နဲ့ iPhone ပျောက်ဆုံးသွားရင် အဲဒီဖိုင်တွေအတွက် စိုးရိမ်စရာပါ။ ဒီလို စိတ်ပူစရာတွေ မဖြစ်ရလေအောင် သင့်ရဲ့ စမတ်ဖုန်း မပျောက်ဆုံးခင်မှာ ကြိုတင်ကာကွယ်ထားရမယ့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
Bonus : သင့်ရဲ့ ဖုန်းကို Lock ပြုလုပ်ထားပါ။
သင့်ရဲ့ စမတ်ဖုန်း ပျောက်ဆုံးသွားရင် အခြားလူများ ဖုန်းထဲသို့ လွယ်ကူစွာ ၀င်လို့မရအောင် Lock ပြုလုပ်ထားသင့်ပါတယ်။ စမတ်ဖုန်းတွေမှာ Passcode, Password, Face Unlock, Pattern နဲ့ အခုဆိုရင် လက်ဗွေရာလုံခြုံရေးစနစ်တွေနဲ့ ကာကွယ်ထားနိုင်ပါပြီ။ iOS အတွက် Settings> Passcode or Touch ID & Passcode မှာ Lock ပြုလုပ်နိုင်ပါတယ်။ Android အတွက်တော့ Settings> Security > Screen Lock မှာ ပြုလုပ်နိုင်ပါတယ်။
၁။ Find my iPhone/iPad နဲ့ Android Device Manager တို့ကို အသုံးပြုပါ။
ဒီစွမ်းဆောင်ချက် နှစ်ခုက ပျောက်သွားတဲ့ သင့်ဖုန်းရဲ့ တည်နေရာကို ခြေရာခံပေးနိုင်ပါတယ်။ အဝေးကနေ Lock ပြုလုပ်နိုင်သလို ဒေတာတွေကို ဖျက်ဆီးနိုင်ပါတယ်။ ဒါပေမယ့် ဒီစွမ်းဆောင်ချက်တွေကို သင့်ဖုန်း မပျောက်ခင်မှာ Enable လုပ်ထားရမှာပါ။
Android : Google Setttings App ထဲသွားပြီး Security အောက်မှ “ Remotely locate …. “ နဲ့ “ Allow remote lock …. “ နှစ်ခုမှာ အမှန်ခြစ်ပေးပါ။
Android Phone ပျောက်သွားရင် Android Device Manager ၀က်ဆိုက်ကိုသွားပြီး ဖုန်းမှ Google Account နဲ့ Log In ၀င်ပါ။ ၀က်ဆိုက်ကနေ ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်ပြီး Lock ပြုလုပ်တာ၊ ဒေတာများကို ဖျက်ဆီးတာတို့ကို ပြုလုပ်နိုင်ပါတယ်။
iOS : Settings> iCloud > Find My iPhone ( or iPad) ထဲသွားပြီး Find My iPhone Setting ကို Enable လုပ်ပါ။
ဖုန်းပျောက်သွားရင် ဒတ်စတော့ ၀က်ဘရောက်စာကနေ iCloud.com ကို သွားပြီး Apple Account နဲ့ Log In ၀င်ပါ။ Find My iPhone ကို နှိပ်ပြီး သင့်ဖုန်းရဲ့ တည်နေရာကို မြေပုံမှာ ရှာဖွေပါ။
၂။ သင့်ဖုန်း Sleep ဖြစ်သွားတာနဲ့ ချက်ချင်း Lock ပြုလုပ်ဖို့ သတ်မှတ်ပါ။
သင့်ဖုန်းဟာ Sleep ဖြစ်သွားပြီးနောက် အချိန်ဘယ်လောက်ကြာရင် အလိုအလျှောက် Lock ပြုလုပ်ရမလဲဆိုတာကို သတ်မှတ်နိုင်ပါတယ်။ သင့်ဖုန်း ပျောက်သွားတာနဲ့ Lock ဖြစ်နေစေဖို့ အချိန်ကို နည်းသထက်နည်းအောင် သတ်မှတ်ထားသင့်ပါတယ်။
Android : Settings> Security > Automatically Lock ထဲသွားပြီး အများဆုံး ၃၀ မိနစ်ကနေ ချက်ချင်း Lock လုပ်ဖို့ သတ်မှတ်သင့်ပါတယ်။
iOS : Settings> Passcode> Require Passcode ထဲသွားပြီး လေးနာရီကနေ ချက်ချင်း Lock လုပ်ဖို့ သတ်မှတ်နိုင်ပါတယ်။ Touch ID ပါရင်တော့ Immediately ကိုပဲ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
၃။ Control Center ကို Lock Screen မှာ ပိတ်ပါ။ ( iOS )
iOS 7 ကနေ စပြီး iOS Device တွေမှာ Control Center ပါရှိလာပါတယ်။ Control Center ကနေ WiFi, Cellular Settings, Media Controls, Alarms, Timers, Camera တို့ကို လျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်။ Control Center ကို Lock Screen ကနေလည်း အသုံးပြုနိုင်တဲ့အတွက် အဆင်ပြေပေမယ့် သင့်ဖုန်း ပျောက်ဆုံးသွားရင်တော့ ဖုန်းရဲ့ Settings နဲ့ အခြားအရာများကို အခြားလူများက အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Control Center ကို Lock Screen မှာ ပိတ်ထားသင့်ပါတယ်။
Settings> Control Center ထဲသွားပြီး “ Access on Lock Screen “ ကို Off လုပ်ပေးပါ။
၎။ အားကောင်းတဲ့ PIN , Password များပေးပါ။
သင့်ဖုန်းကို Lock လုပ်တဲ့ နေရာမှာလည်း ရှည်လျား ၊ ရှုပ်ထွေးပြီး သင် အလွယ်တကူ မှတ်မိနိုင်တာမျိုးကို ပေးသင့်ပါတယ်။ ဥပမာ အားဖြင့် “ My Father’s Name Is U Myint Naing and His Birthday Is 4th January 1950. “ ဆိုတဲ့ ၀ါကျကနေ ထိပ်ဆုံး စကားလုံးတွေကို ထုတ်နုတ်လိုက်ရင် “ mfniumnahbi4j1 “ ဆိုတဲ့ Password ကို ဖန်တီးနိုင်ပါတယ်။ အဲဒီ Password ဟာ ရှည်လျား ၊ ရှုပ်ထွေးပေမယ့် သင် အလွယ်တကူ မှတ်မိနိုင်ပါတယ်။
Screen Lock ပြုလုပ်ရမယ့် နေရာကိုတော့ Bonus အပိုင်းမှာ ပြောပြခဲ့ပြီးပါပြီ။
၅။ သင့်ဖုန်းမှ ဒေတာများကို Encrypt လုပ်ပါ။ ( Android )
Android 5.0 Lollipop ကို Pre-installed လုပ်ထားတဲ့ Android Phone, Tablet များမှာတော့ ဖုန်းမှ ဒေတာများကို Default အားဖြင့် Encrypt လုပ်ထားပေးပါတယ်။ သင့်ရဲ့ Passcode နဲ့ ဖွင့်မှသာ ဒေတာများကို ရယူနိုင်မှာ ဖြစ်ပါတယ်။
Lollipop ကို ကိုယ်တိုင် အဆင့်မြှင့်ထားတဲ့ ဖုန်းများအပါအ၀င် Android Phone , Tablet အဟောင်းများမှာတော့ ကိုယ်တိုင် Encrypt လုပ်ရမှာပါ။ Encrypt လုပ်ရင် အချိန် တစ်နာရီလောက်ကြာမြင့် တတ်ပြီး အဲဒီအချိန်အတွင်းမှာ ဖုန်းကို အသုံးပြုလို့မရပါဘူး။ နောက်ပြီး Encrypt လုပ်နေစဉ်မှာ ဖုန်းကို အားသွင်းထားရမှာ ဖြစ်ပါတယ်။
Settings> Security > Encrypt Phone မှာ ပြုလုပ်နိုင်ပါတယ်။
သတိပြုရန် ။ ။ Encrypt လုပ်နေစဉ်မှာ Abort ပြုလုပ်ရင် သင့်ရဲ့ ဒေတာ အချို့ သို့မဟုတ် အားလုံး ဆုံးရှုံးသွားနိုင်တယ်လို့ Google က သတိပေးထားပါတယ်။ အဲဒီအတွက် စိတ်ရှည်ရှည်ထားပါ။
၆။ Activation Lock ကို ဖွင့်ပါ။ ( iOS )
ဖုန်းသူခိုးများက သင့်ရဲ့ ဖုန်းမှ ဒေတာတွေကို စိတ်မ၀င်စားကြပါဘူး။ သူတို့ အလိုရှိတာက သင့်ဖုန်းမှ ဒေတာများကို ဖျက်ဆီးပြီး ဖုန်းကို ရောင်းစားဖို့ပါ။
iOS 8 မှာ Activation Lock ဆိုတဲ့ စွမ်းဆောင်ချက် အသစ်ပါရှိလာပြီး ဖုန်း ခိုးခံရရင် သင့်ရဲ့ Passcode ကို သိမှသာ ဖုန်းကို Reactivate လုပ်လို့ရမှာ ဖြစ်ပါတယ်။ Activation Lock ဟာ Find My iPhone or iPad ကို Enable လုပ်ထားမှ အလုပ်လုပ်ပါတယ်။
Settings> iCloud> Find My iPhone or iPad မှာ Enable လုပ်ပေးပါ။
၇။ သင့်ရဲ့ အမည်နဲ့ Contact Info ကို Lock Screen မှာ ရေးထားပါ။ ( Android )
သင့်ရဲ့ ဖုန်း၊ တက်ဘလက် ပျောက်သွားရင် Android Device Manager ကနေ Lock ပြုလုပ်လို့ရသလို ဖုန်းထံ Message ပေးပို့နိုင်ပါတယ်။ ဖုန်းကို ကောက်ရသူက ပြန်ပေးချင်ရင် သင့်ကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဖုန်းဟာ Airplane Mode ထဲမှာ ရှိနေရင် သို့မဟုတ် လိုင်းမမိတဲ့ နေရာမှာ ရောက်နေရင် အပေါ်က နည်းလမ်းက အဆင်မပြေပါဘူး။
အဲဒီအတွက် သင့်ရဲ့ Android Device မပျောက်ခင်မှာ Lock Screen မှာ သင့်ရဲ့ အမည်၊ အီးမေး၊ နေရပ်လိပ်စာ၊ အခြားဆက်သွယ်ရမယ့် ဖုန်းနံပါတ် စတဲ့ Contact Info ကို ရေးသားထားသင့်ပါတယ်။
Settings> Security> Owner Info မှာ ရေးသားနိုင်ပါတယ်။ Lollipop မတိုင်ခင် ဖုန်းတွေမှာတော့ Show owner info on lock screen မှာလည်း အမှန်ခြစ်ပေးရမှာ ဖြစ်ပါတယ်။
၈။ Send Last Location ကို အသုံးပြုပါ။ ( iOS )
သင့်ရဲ့ iOS Device ဟာ ဘက်ထရီ ကုန်သွားရင် Find My iPhone ကို အသုံးပြုပြီး ရှာဖွေလို့ မရတော့ပါဘူး။ အဲဒီအတွက် ဘက်ထရီ မကုန်ခင်မှာ သင့် iDevice ရဲ့ နောက်ဆုံးတည်နေရာကို Apple ရဲ့ ဆာဗာများထံ ပေးပို့ထားရင် သင့်ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။
Settings> iCloud> Find My iPhone or iPad မှာ Send Last Location ကို On ပေးပါ။
၉။ Lock Screen မှာ Notification များကို ဖွက်ထားပါ။
Lock Screen မှာ Notification များကို ပြသပေးထားခြင်းဟာ အီးမေး၊ Text Messages ၊ Calendar Events နဲ့ အခြား သတင်းအချက်အလက်များကို Unlock လုပ်စရာမလိုဘဲ သိနိုင်တဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမယ့် အခြားလူများက Lock Screen မှ သတင်းအချက်အလက်များကို သိသွားနိုင်ပါတယ်။ ဒီလို မဖြစ်စေချင်ရင်တော့ Lock Screen မှာ Notification များ ပြသထားခြင်းကို ပိတ်ထားနိုင်ပါတယ်။
Android : Settings> Sounds and Notifications ထဲသွားပြီး When device is locked ကို နှိပ်ပါ။ အဲဒီကနေ Option သုံးခုကို ရွေးချယ်နိုင်ပါတယ်။ Show all notification content ကတော့ Notification အားလုံးကို အပြည့်အစုံပြသမှာပါ။ Hide sensitive notification content ကတော့ ဥပမာအားဖြင့် အီးမေးဝင်လာရင် အသိပေးမှာ ဖြစ်ပေမယ့် Subject Line ကို ဖွက်ထားပေးမှာ ဖြစ်ပါတယ်။ Don’t show notification ကတော့ Notification အားလုံးကို Lock Screen မှာ ပိတ်ပေးထားမှာပါ။
iOS : iOS မှာတော့ Lock Screen မှာ Notification တွေကို ပိတ်တာဟာ Android လောက် မလွယ်ကူပါဘူး။ Notification ပြသတဲ့ Apps တိုင်းကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ Settings> Notifications ထဲသွားပြီး App တစ်ခုချင်းစီထဲကို ၀င်ကြည့်ရမှာပါ။ App မှာ Show on Lock Screen ပါရင် Off လုပ်ရမှာ ဖြစ်ပါတယ်။