Monday, October 31, 2016

♪ လာမယ့်နှစ်အတွင်း ထွက်ရှိမယ့် စမတ်ဖုန်းနဲ့ လက်ပ်တော့တွေမှာ ပိုမိုမြန်ဆန်တဲ့ Wi-Fi နည်းပညာသစ် ပါဝင်လာမည် ♫



ကျနော်တို့လက်ရှိအသုံးပြုနေတဲ့ စမတ်ဖုန်းနဲ့ လက်ပ်တော့တွေက Wi-Fi စနစ်ဟာ ရှေ့နှစ်အတွင်းမှာ အခုထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လာတော့မှာဖြစ်ပါတယ်။

Wi-Fi နည်းပညာအဖွဲ့အစည်းဖြစ်တဲ့ Wi-Fi Alliance ဟာ ယခုအခါမှာ WiGig လို့ အမည်ရတဲ့ အလွန်မြန်နှုန်းမြင့် Wi-Fi နည်းပညာတစ်ခုကို အသိအမှတ်ပြုဖို့ စစ်ဆေးလျက်ရှိပြီး၊ နောက်အသစ်ထွက်ရှိမယ့် စမတ်ဖုန်း၊ တက်ဘလက် ၊ router နဲ့ လက်ပ်တော့မော်ဒယ်အသစ်တွေမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

မြန်နှုန်းမြင့် WiGig နည်းပညာသစ်ဟာ ၁၀ မီတာ ( ၃၃ ပေ) အကွာအဝေးအတွင်းမှာပဲ ကောင်းကောင်း အလုပ်လုပ်မှာဖြစ်တာကြောင့် အကွာအဝေး အနည်းငယ်ကျဉ်းပြီး၊ ရုံးတွင်း၊အိမ်တွင်းလောက်ပဲ တွင်တွင်ကျယ်ကျယ်သုံးနိုင်မှာဖြစ်ပါတယ်။

အကွာအဝေးကျဉ်းတယ်ဆိုပေမယ့်လည်း၊ WiGig ကို ကောင်းကောင်းအသုံးချနိုင်မယ့် နေရာတွေရှိပါတယ်။
လောလောဆည်မှာ သင့်အနေနဲ့ VR သုံးချင်တယ်ဆိုရင် VR headset နဲ့ PC ဒါမှမဟုတ် ဂိမ်းစက်တစ်ခုခုကို ကြိုးနဲ့ ချိတ်သုံးရမှာပါ။ ဘာလို့လည်းဆိုတော့ လက်ရှိ Wi-Fi ကြိုးမဲ့နည်းပညာဟာ VR သုံးဖို့အထိ မြန်နှုန်းမမြင့်သေးတာကြောင့် ကြိုးနဲ့ချိတ်သုံးနေရတာဖြစ်ပြီး၊ ကြိုးတွေ ပါတာကြောင့် လွတ်လွတ်လပ်လပ်လှုပ်ရှားဖို့ အခက်အခဲတွေ ရှိနေသေးပါတယ်။

ဒီအတွက် WiGig နည်းပညာက ကောင်းကောင်းအထောက်အကူပြုနိုင်မှာဖြစ်ပြီး၊ Wi-Fi Alliance အဖွဲ့အစည်းကိုယ်တိုင်က ဒီနည်းပညာဟာ AR ၊ VR ၊ 4K Video ၊ စက်တစ်ခုကနေ တစ်ခုကို ဗီဒီယို stream လွှင့်တာတွေအတွက် တော်တော်အသုံးဝင်မှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

WiGig နဲ့အတူ တွေ့လာရမယ့် စံနှုန်းသစ်တစ်ခုကတော့ 802.11ad ပါ။ဒါဟာ WiGig နည်းပညာ support လုပ်ပေးတဲ့စံနှုန်းအသစ်တစ်ခုဖြစ်ပြီး၊ နောက်ပိုင်းနည်းပညာပစ္စည်းတွေမှာ ပါဝင်လာမယ့်စံနှုန်းသစ်ဖြစ် ပါတယ်။ လက်ရှိသုံးနေတဲ့ 802.11ac Wi-Fi ဟာ မြန်နှုန်း 4.5 Gbps ရရှိနိုင်ပြီး၊ 802.11ad ကတော့  8 Gbps လောက်အထိ ရရှိမှာဖြစ်ပါတယ်။

တကယ်တမ်းတော့ WiGig ဟာ နည်းပညာသစ်လို့တော့ မဆိုနိုင်ပါဘူး။ WiGig ထွက်ပေါ်လာတာ နှစ်အနည်းငယ်ကြာပြီဖြစ်ပြီး၊ ဒီနည်းပညာပါဝင်တဲ့ ထုတ်ကုန်တွေလည်း ဈေးကွက် အတွင်း ဝင်ရောက်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန်ကျမှ Wi-Fi Alliance ကနေ တရားဝင်အသိအမှတ်ပြုပေးဖို့ ကြေငြာလိုက်တာဖြစ်ပြီး၊ ဒီအဖွဲ့အစည်းကို တည်ထောင်ထားတဲ့ နည်းပညာကုမ္ပဏီကြီးတွေကလည်း လက်ခံအသုံးပြုဖို့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။


Credit to ==> Digital Times

No comments:

Post a Comment