Tuesday, October 18, 2016

♪ “iPhone data Android ထဲ လွှဲမယ်” ♫


iPhone တွေဟာ လက်တွေ့သုံးတဲ့နေရာမှာ သိပ်ပြီးကောင်းပါတယ်။ ဒါပေမယ့် တန်ဖိုးကြီး တယ်။ ပြုပြင်ရေးမှာ Android တွေလောက် အဆင်ပြေမြန်ဆန်မှု မရှိပါဘူး။ ဒါကြောင့် ပိုက်ဆံသိပ်ပေါပြီး ဖုန်းကို အလဲလဲအလှယ်လှယ်ကိုင် နိုင်တဲ့ လူကလွဲရင် iPhone ကို အထိအခိုက် အပျက်အစီးမခံနိုင်ပါဘူး။ တစ်လ ကို တစ်သိန်းလောက်ကျစ်ကျစ်ပါအောင် စုပြီး iPhone ၀ယ်ကိုင်ရတဲ့ လူတွေ ဟာ Android ဖုန်းအလယ်အလတ် တစ်လုံးကို အရံဖုန်းအဖြစ် ကိုင်ကြပါတယ်။ အကြမ်းပတမ်းသုံးရတဲ့ နေရာမှာ Android ဖုန်းကို ကိုင်ဖို့ပါ။ ဒါဆိုရင် Android ဖုန်းထဲက iPhone ထဲက ရွှေ့သင့်ရွှေ့ထိုက်တဲ့ data တွေ ရွှေ့ရမယ်။ ဖုန်းနှစ်လုံးရဲ့ OS တွေက မတူကြဘူး။ iPhone ကလည်း port တွေကို အများသုံးဖြစ်အောင် လုပ်မထားတာကများတယ်။ ကောင်းပြီ။ data တွေ ဘယ်လို ရွှေ့ကြမလဲ။

အောက်မှာဖော်ပြမယ့် နည်းလမ်းတွေအတိုင်း လိုက်နာမယ်ဆိုရင် iPhone ထဲက data တွေကို Android ထဲရွှေ့နိုင်ဖို့ လမ်းကြောင်းအမှန် ပေါ်ရောက်ပြီလို့ ဆိုနိုင်ပါတယ်။ ကံကောင်းတဲ့အချက်က iPhone ထဲက data တွေကိုရွှေ့တဲ့ နေရာမှာ အများစုကိုအောင်အောင်မြင်မြင်ရွှေ့ယူနိုင်တာဖြစ်ပါတယ်။ စနစ် မတူတဲ့ဖုန်းနှစ်ခုကြားမှာ data တွေ လွှဲမယ်ဆိုရင် သုံးနိုင်တဲ့ tool တွေ အတော်များများရှိသလို လှည့်ကွက်တွေ အတော်များများလည်းရှိပါတယ်။

iPhone ထဲကနေ Android ဖုန်းထဲကို လွှဲနိုင်တဲ့ data တွေထဲမှာ Contacts, music, photos, email, calendar information နဲ့ text messages တွေ ပါပါတယ်။ဒါပေမယ့် ရွှေ့ယူလို့မရတဲ့ အခက်အခဲအနည်းအပါးလည်း ရှိပါတယ်။ အထူးသဖြင့် iOS သီးသန့်သုံးတဲ့ app တွေဟာ Android အတွက် version သပ်သပ်ထပ်ပြီးမလာတာများပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အနီးစပ်ဆုံး တူတဲ့ Android App ကိုပဲရှာပြီး သုံးရပါမယ်။ ဒီနေ့အချိန်မှာ Apple ရဲ့ App Store ထက်စာရင် Google ရဲ့ Play Store က ရွေးစရာ app ပိုများပါတယ်။ iOS app နဲ့ အနီးစပ်ဆုံးတူတာကို Play Store မှာ ရှာမတွေ့စရာအကြောင်း မရှိပါဘူး။

ပထမဆုံးကျွန်တော်တို့အတွက် အရေးအကြီးဆုံးဖြစ်တဲ့ Contact List ကို iPhone ထဲကနေ Android ထဲ ရွှေ့ကြပါ မယ်။ ဒီလိုရွှေ့တဲ့ နေရာမှာ အလွယ်ကူဆုံးနည်းလမ်းက contact list ကို www.icloud.com ပေါ် အရင် တင်ပြီး အဲဒီကနေ Android ဖုန်းထဲလွှဲတာဖြစ်ပါတယ်။ ဒီကိစ္စအတွက် ကွန်ပျူတာလိုတယ်။ Web browser လိုပါတယ်။ ကွန်ပျူတာထဲကနေ iCloud ကို Log in ၀င်ပါ။ ပြီးရင် Contacts icon နေရာမှာ ကလစ်နှိပ်ပါ။ Contacts ပေါ်လာပြီဆိုရင် Screen ရဲ့ အောက်ဘက် ဘယ်ဘက်ထောင့်မှာရှိတဲ့ စက်သွားပုံလေးကိုရွေးပါ။

ပြီးလျှင် Select all ဆီကိုသွားပါ။ ပြီးရင် Export vcard နေရာမှာ ကလစ်နှိပ်ပါ။ဒုတိယအဆင့်မှာ vcf ဖိုင်ကို save လုပ်ပါမယ်။ ဒီဖိုင်က contact list တွေသိမ်းတဲ့ဖိုင်ပါ။ Android ဖုန်းအချင်းချင်း contacts လွှဲချင်ရင်လည်း ဒီဖိုင်ကတစ်ဆင့်ပဲလုပ်ပါတယ်။ vcf ကို သိမ်းပြီးရင် www.gmail.com ဒါမှမဟုတ် www.mail.google.com ကိုသွားပါ။ Screen အပေါ်ဘယ်ဘက်ခြမ်းကိုသွားပြီး dropdown ကနေ contacts ကို ရွေးပါ။ ပြီးရင် Select Mode ကို ရွေးပါ။ ပြီးရင် leave ကို ကလစ်နှိပ်ပါ။ တကယ်လို့များ ရွေးချယ်ပိုင်ခွင့်ရမယ်ဆိုရင် Contacts Preview ကိုရွေးထားပါ။ Preview ကြည့်ပြီး ဖိုင်တွေကို import လုပ်ခွင့်ပေးမထားပါဘူး။ ဒါကြောင့် contact ဖိုင်တွေကို preview ကြည့်ချင်ရင် Contacts Screen အဟောင်းကတစ်ဆင့်ပဲ သွားကြည့်နိုင်ပါမယ်။ ပြီးရင် More ကိုရွေးပါ။ ပြီးရင် import ကိုထပ်ပြီးရွေးပါ။

Contact ဖိုင်တွေ import လုပ်တဲ့လုပ်ငန်းစဉ် စပါမယ်။ iCloud.com မှာဝင် ပြီး save လုပ်ထားတဲ့ ဖိုင်နေရာကိုပြပေးပါ။ ပြီးရင် More မှာ ကလစ်နှိပ်ပါ။ Find & Merge duplicates ကို ရွေးချယ်ဖို့ဖြစ်ပါတယ်။ ဒီလိုရွေးချယ်လိုက်ရင် Android ထဲက Contact နဲ့ iPhone ထဲက contact တွေ ပေါင်းသွားပါမယ်။ တစ်ထပ်တည်းတူတဲ့ contact ကို ဖယ်ထုတ်ပေးပါမယ်။

ဒီအဆင့်ကို ရောက်ပြီဆိုရင် Android ဖုန်းထဲမှာ ရှိတဲ့ contacts app ထဲသွား ပါ။ iPhone ထဲက အဆက်အသွယ်အားလုံးကို Android ဖုန်းထဲမှာ တွေ့ရပါ လိမ့်မယ်။နောက်ထပ်အရေးကြီးတဲ့ email တွေကို ရွှေ့ကြမယ်။ Gmail Account ကိုသုံးပြီး ရွှေ့မယ်ဆိုရင် ဒီအပိုင်းကလည်း အတော်လေး လွယ်ပါ တယ်။ ပထမဆုံး Android ဖုန်းထဲမှာရှိတဲ့ Gmail App ကနေ Gmail ထဲ Sign in ၀င်ရပါမယ်။ ကိုယ့် account ကြီးပွင့်လာပါမယ်။ iCloud email တွေကို ရွှေ့ချင် တာမျိုးဆိုရင် ပထမဆုံး Microsoft Outlook for Android ကို download ဆွဲချရပါမယ်။ အဲဒါကိုဆွဲချ ထားရင် iCloud setup လုပ်ရတာ အလွန်လွယ်ပါ တယ်။ ကိုယ့်လက်ရှိ email လိပ်စာနဲ့ password ထည့်ပေးလိုက်ရုံပါပဲ။

iPhone calendar (တကယ်တမ်းပြောရရင် Calendar ထဲက အလုပ်ဇယား)ကို Sync လုပ်ဖို့ခွင့်ပြုလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီထဲက data တွေဟာ Android ဖုန်းထဲမှာ အလိုအလျောက်လာပေါ်ပါမယ်။ ကြည့်ချင်ရင် Settings> Mail Contacts, Calendar အတိုင်း အဆင့်ဆင့်ဝင်ပါမယ်။ အဲဒီထဲမှာ Google Account ပေါင်းထည့်ထားတာ သေချာပါစေ။ iCloud ကို အခြေခံပြီး သုံးတဲ့ Calendar တွေအတွက်ဆိုရင် Android app တစ်ခုဖြစ်တဲ့ SmoothSync for Cloud Calendars ကောင်းကောင်းကြီး အလုပ်လုပ်ပေးနိုင်ပါတယ်။

အသေအချာရွှေ့နိုင်တဲ့အထဲမှာ iPhone ထဲက ဓာတ်ပုံတွေလည်းပါတယ်။ iPhone က ကင်မရာ သိပ်ကောင်းပါတယ်။ ဓာတ်ပုံတွေက လွှင့်ပစ်ရက်စရာ မရှိပါဘူး။ ဒါကြောင့် အားလုံးရအောင် ရွှေ့ယူကြပါမယ်။ ဒီကိစ္စအတွက် ကွန်ပျူတာရဲ့ အကူ အညီလိုတယ်။ iPhone နဲ့ ကွန်ပျူတာ အရင်ဆုံးချိတ် ပါမယ်။ ပြီးရင် ဖုန်းထဲက ဓာတ်ပုံတွေကို ကွန်ပျူတာထဲ export လုပ်ပါမယ်။ ပြီးရင် Android ဖုန်းကိုကွန်ပျူတာမှာချိတ်ပြီးdrag ဖိဆွဲတဲ့နည်းနဲ့ ရွှေ့ယူပါ မယ်။ Mobile Go မှာ Android အတွက်ရော iOS အတွက်ပါ app နှစ်မျိုး ရှိတာ မို့ ဆန္ဒရှိရင်သုံးနိုင်ပါတယ်။

iPhone မှာ သုံးနိုင်တဲ့ Google Photos app ဆိုတာလည်း ရှိတယ်။ သူ့ကို iPhone ထဲ ဆွဲချပြီး သုံးမယ်ဆိုရင် iCloud Backup စွမ်းရည်ပါတယ်။ install တင်ပြီးရင် app ကိုဖွင့်ပါ။ back up & Sync ကို ရွေးပါ။ Google က တစ်ဆင့် Android နဲ့ Sync လုပ်ပြီး ဓာတ်ပုံတွေရွှေ့ ပေးပါမယ်။ဓာတ်ပုံတွေကို Cloud မှာ အကန့်အသတ်မဲ့ သိုလှောင်ချင်တယ် ဆိုရင် Original Version ကို မရွေးပါနဲ့။ High-quality backups ကို ရွေးပါ။ Cloud ကတစ်ဆင့် Google Photos နဲ့ Sync လုပ်နိုင်ပါတယ်။ ခဏလေး စောင့်ရပါမယ်။

အင်တာနက်နှေး ရင်တော့ ကြာမယ်။ ပြီးရင် Android ထဲက photo app ကိုဖွင့်ပါ။ iPhone ထဲက ဓာတ်ပုံတွေ အဆင်သင့်စောင့်နေတာ တွေ့ရ ပါမယ်။ သီချင်းတွေကလည်း မိတ်ဆွေ ချန်မထားခဲ့ချင်တဲ့အထဲ ပါပါ လိမ့်မယ်။ iPhone ထဲက သီချင်းတွေ Android ထဲရွှေ့ယူရ တာလည်း လွယ်ပါ တယ်။ iTune သုံးပြီး iPhone ထဲက သီချင်းတွေကို ကွန်ပျူတာနဲ့ Sync လုပ်ယူ ပါ။ ပြီးရင် ကွန်ပျူတာထဲမှာ Google Play Music Manager ကို install လုပ်ပါ။ ပထမအဆင့်မှာ iTune ဟာ သီချင်းတွေကို Cloud ထဲကို ပို့ပါမယ်။ ဒုတိယ အဆင့်မှာ Cloud က သီချင်းတွေကို Google Play Music ကနေ ယူသုံးလို့ ရပါ ပြီ။ အင်တာနက်ချိတ်ဖို့လိုပြီး data အတွက် ကုန်ကျစရိတ်လည်း များပါမယ်။

နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 
 

No comments:

Post a Comment