Tuesday, October 25, 2016

♪ “Android ဖုန်းရှိရင် ဒါတွေရှိသင့်တယ်” ♫


ရွှေမြန်မာအများစုကိုင်နိုင်တာ Android ဖုန်းပါ။ Android ဖုန်းဝယ်ပြီဆိုရင် အရောင်းဆိုင်အများစုက အလကားပဲတင်း စုဆောင်းထားတဲ့ app တစ်ပြုံကြီး ထည့်ပေးတတ်ကြပါတယ်။ ဖုန်းသုံးမယ့်လူရဲ့အနေအထားကိုမကြည့်ဘဲ ပုံသေ သတ်မှတ်ချက် တစ်ခုနဲ့အလုပ်လုပ်တော့ တစ်ခါတလေမှာ ဖုန်းထဲမယ် ဂိမ်းကြီး တွေပွလို့။ ဖုန်းသုံးတဲ့လူက ဖုန်းသုံးတဲ့အတွေ့အကြုံရှိပြီး ဟန်းဆက် နောက်ထပ် အသစ်ဝယ်တာဆိုရင် တော်ပါရဲ့။

ဘာတွေလိုပြီး ဘာတွေမလိုဘူး ဆိုတာသိနေပြီ။ မလိုတာတွေလည်း ဖြုတ်တတ်ကြပြီ။ဖုန်းအသစ် ကိုင်တဲ့ လူတွေကလည်း တခြားလူတွေအကိုင်များလို့ရယ်။ ဟန်းဆက်ဈေးတွေကျလို့ ရယ် ဆိုတာတွေကြောင့် ချိုချိုချောင်ချောင် စမတ်ဖုန်းဝယ်ကိုင်လိုက်ပေမယ့် သုံးကာစမှာ ဖုန်းပွတ်တတ်ဖို့တောင် လေ့လာနေရတာ။ ဘာတွေလိုတယ်။ မလိုတယ်သိတာမဟုတ်ပါဘူး။ ဆိုင်ကနေ app တွေသိပ်ထည့်ပေးလိုက်တဲ့ အကျိုးက Internal Storage သိပ်ပြီး စားသွားတာပါ။စမတ်ဖုန်းအချို့ရဲ့ Internal Storage က 4GB ပါတယ်။ OS က version မြင့်လေ အရွယ်ကြီး လေဖြစ်ပါတယ်။

သူ့မှာ တစ်ပါတည်း တွဲထည့်တဲ့ app တွေကလည်း ဟန်းဆက်ကုမ္ပဏီအပေါ် မူတည်ပြီး တော်တော်လေးများပါတယ်။ အဲဒါတော့ OS နဲ့ တွဲဖက် app တွေ အခြေခံလိုအပ်မယ့် app တွေထည့်ပြီးရင် နေရာလွတ် ကျန်လှ 1GB စွန်းစွန်းပါ။သုံးတဲ့လူက app တွေ ထပ်ထည့်သလား။ ထည့်ပါ တယ်။ များသောအားဖြင့် အပေါင်းအသင်းတွေက ဟိုဟာလေး ကောင်းတယ်။ ဒီဟာလေး ကောင်းတယ်ဆိုပြီး ဇွတ်ထည့်ပေးလို့ရောက်လာတာရှိတယ်။

သူများတွေ အသုံးများတယ်ဆိုလို့ ကိုယ်ကလိုလိုချင်ချင်တောင်းပြီး ထည့်တာရှိ တယ်။ လို၏ မလို၏ သေသေချာချာသိလို့ ထည့်တာမဟုတ်ဘူး။ ဖုန်းကလည်း အင်တာနက်သုံးတိုင်း app တွေ သုံးတိုင်း cache ဖိုင်တွေသိမ်းပါတယ်။ နောင် မှာ မြန်မြန်ဆန်ဆန် Loading တက်အောင်လို့ပါ။ ဒီတော့ နောက်ပိုင်းမှာ Storage နေရာမရှိတော့ပါဘူးဆိုတဲ့ Notification တွေ တက်ပါတယ်။ ဒါကြောင့် တကယ်လိုတာလေး တွေ ရွေးထည့်ကြပါမယ်။

<Battery Doctor>
ဖုန်းတစ်လုံးဟာ ဘက်ထရီအသုံးခံမှ သုံးပျော်ပါလိမ့်မယ်။ ဘက်ထရီအသုံးမခံ ရတဲ့အကြောင်းမှာ နောက်ကွယ်က အလုပ်ထလုပ်နေတဲ့ app တွေက အကြောင်း တစ်ခုအနေနဲ့ပါတယ်။ ဟန်းဆက်ဟာ ဘာအလုပ်မှ မလုပ်ဘဲနေတဲ့ အချိန်မှာ sleep mode ထဲမ၀င်လို့ပါတယ်။ အခြေခံအလုပ်လောက် လုပ်တဲ့ အချိန်မှာ processor speed မလျှော့နိုင်လို့မေ့ပြီး Wi-Fi တို့၊ Mobile Data တို့လို ကွန်ရက်တွေ ဖွင့်ထားမိတာတွေပါတယ်။ ဘက်ထရီအားသွင်း ပုံမမှန် လို့ဆိုတာပါတယ်။ အကြောင်းရင်းတွေ အများ ကြီးပဲ။အခြေခံအကြောင်း အရင်းအတော်များများကို Battery Doctor က ရှင်းပေးနိုင်မယ်။ အခု နောက်ဆုံးထွက် version မှာ နောက်ကွယ်က အလုပ်လုပ်နေတဲ့ app တွေကို ရှာဖွေပြီး အလိုအလျောက် ရှင်းလင်းပေးနိုင်တဲ့ စနစ်ပါလာတယ်။

အဲဒီ app တွေ ကို ၅ မိနစ်ကြာရင်တစ်ခါ ဒါမှမဟုတ် ၁၀မိနစ်ကြာရင် တစ်ခါ ရှင်းလင်း ပေးဖို့ သတ်မှတ်ထားနိုင်ပါတယ်။ ဘက်ထရီအားသွင်း တာကို သူ့ထဲမှာ စနစ် တကျလုပ်နိုင်တယ်။ စနစ်တကျ ဘယ်လိုအားသွင်းသင့်တယ်ဆိုတဲ့ လမ်းညွှန် ပါတယ်။ ဖုန်းကို အလုပ်ကြီး အကိုင်ကြီး ခိုင်းမစားရင် CPU Speed ကို လျှော့ချ ထားနိုင်တယ်။ ဒါဆိုရင် ဘက်ထရီပါဝါအစား သက်သာပါမယ်။ ဘယ် app တွေ ပါဝါဘယ်လောက် စားသလဲဆိုတာ ပြတဲ့စာရင်းပါတယ်။ အသုံးမရှိရင် ဒီ app ကို disable လုပ်ထားနိုင်တယ်။ ပြောရရင် အများကြီးပဲ။ သူ့စွမ်းဆောင်ရည်က သိပ်များလို့ နှံ့စပ်အောင် အချိန်ပေးပြီး လေ့လာဖို့လိုပါတယ်။

<Droid Optimizer>
ဖုန်းသုံးတဲ့လူတွေ ကိုယ့်ဖုန်းကိုဘယ်လိုသုံးချင်ကြသလဲ မေးကြည့်လိုက်ပါ။ အလုပ်လုပ်တာ မြန်စေချင် တယ်။ အလုပ်လုပ်တဲ့နေရာမှာ အထစ်အငေါ့မရှိဘဲ ချောချောမွေ့မွေ့ ရှိစေချင်တယ်။ မလိုအပ်ဘဲ ဘက်ထရီအင်အားကို အပို မကုန် စေချင်ဘူး ... စတဲ့ စတဲ့ လိုအင်တွေကို ပြောကြပါလိမ့်မယ်။ ဒီလိုအင် တွေကို အနီးစပ်ဆုံးဖြည့်ဆည်းပေးမှာက Droid Optimizer ဖြစ်ပါတယ်။ သူက ဖုန်းထဲမှာမလိုလားအပ်တဲ့ဖိုင်တွေ မရှိအောင် ရှင်းလင်းပေးနိုင်တယ်။ နောက်ကွယ်မှာ ကိုယ်မခိုင်းဘဲ တရစပ် ထပြီး အလုပ်လုပ်နေတဲ့ app တွေကို ပိတ်ချပေးနိုင်တယ်။

DVD burner တွေကိုထုတ်လုပ်တဲ့ Ashampoo က ထုတ်လုပ်တာမို့ သူ့အရည်အသွေးကိုလည်း စိတ်ချနိုင်ပါတယ်။ နောက်ထပ် သဘောကျစရာအချက်တစ်ခုက သူ့ရဲ့ User interface ရိုးရှင်းမှုဖြစ်ပါတယ်။ နည်းပညာကိုသိပ်ပြီး စိတ်ဝင်စား လိုက်စားတဲ့ လူတွေတင်မကဘဲ ရိုးရိုး ရှင်းရှင်း နည်းကိုပဲ ကြိုက်တဲ့လူတွေပါ။ ဒီ app ရဲ့ ကောင်းကျိုးတွေကို ထုတ်ဖော်ခံစားနိုင်ပါတယ်။ သူ့ရဲ့ Screen တစ်ခုတည်းကနေ လိုအပ်တဲ့ သတင်းအချက်အလက်တွေရနိုင်တယ်။ System Cleanup Action ကိုလည်း အဲဒီ Screen တစ်ခုတည်းကနေ လုပ်နိုင်ပါတယ်။ Free RAM ဘယ်လောက်ရှိ သလဲ။ Free Space ဘယ်လောက်ရှိ သလဲဆိုတာကို ဒီ Screen ပေါ်မှာ ကြည့်နိုင်တယ်။

Screen ပေါ်မှာ မြင်နေသမျှ အရာတွေပေါ်မှာ လက်နဲ့တစ်ချက် ခေါက်ကြည့် ပြီး အသေးစိတ် အချက်အလက်တွေကို ကြည့်နိုင်တယ်။ လောလောဆယ် ဘယ် app တွေ အလုပ်လုပ်နေသလဲ ဆိုတာသိနိုင်တယ်။ App တစ်ခုပေါ်မှာ တစ်ချက် ခေါက်ရင် အဲဒီ app ကို Shut Down လုပ်ချနိုင်ခွင့် တွေ့ရမယ်။ အားလုံးကိုပိတ်ချချင်ရင် Close All ကို ရွေးနိုင်ပါတယ်။ Optimization လုပ်တဲ့ အခါမှာ မတူညီတဲ့ Category တွေအလိုက် လုပ်နိုင်ပါတယ်။ Optimizer တွေ ထဲမှာ ဒီလိုမျိုး လုပ်နိုင်တာ ရှားပါတယ်။ Optimize လုပ်တဲ့အခါ 1-touch speed up/ clean up/Automatic App Manager/ Privacy Advisor ခေါင်းစဉ် တွေအောက်ကနေ လုပ်နိုင်ပါတယ်။

1-touch Speed up ကတော့ background app တွေကို အမြန် ဆုံးပိတ်ပြီး memory ရရှိမှု တိုးတက်လာပါမယ်။ Clean up ကတော့ junk ဖိုင်တွေ ရှင်းလင်းပေးနိုင်တဲ့ လက်နက်ဖြစ်ပါတယ်။ သူက boot တက်ချိန်မှာ ခွင့်ပြုမယ့် App ကိုလည်း သတ်မှတ်ပေးနိုင်ပါတယ်။ Auto Cleanup က အချိန်ကာလ တစ်ခုကြားတိုင်း Cleanup လုပ်ပေးဖို့ အသုံးတည့်ပါတယ်။ Cache နဲ့ background app တွေ ရှင်းပေးနိုင်ပါတယ်။ မရှင်းစေချင်တဲ့ app တွေလည်း ရွေးပေးနိုင်ပါတယ်။ App Manager မှာတော့ app တွေက တောင်းထားတဲ့ permission တွေကို ကြည့်နိုင်တယ်။ သူတို့က ပေးတဲ့ service တွေကိုကြည့် နိုင်တယ်။ မလိုရင် ပိတ်ပစ် နိုင်တယ်။ Privacy advisor က သံသယရှိတဲ့ app တွေကို scan လုပ်နိုင်တယ်။ စိတ်မချရင် ပိတ်ပစ်နိုင်ပါတယ်။

<Avast Antivirus and Security>
Free Antivirus တွေထဲမှာတော့ Avast က အကောင်းဆုံးပါ။ Android Security App ထဲမှာလည်း Avast က ထိပ်ပိုင်း မှာ ရှိနေပါတယ်။ ဘာကြောင့် ထိပ်ပိုင်းရောက်လာသလဲဆိုရင် အရင်က အခပေးသုံးခဲ့ရတဲ့ စွမ်းဆောင်ချက် တွေကို အခမဲ့ app ထဲမှာ ထည့်ပေးလာလို့ဖြစ်ပါတယ်။ နောက်ဆုံးထွက် Avast မှာ Call blocking ပါလာတယ်။ App Lock စနစ်ပါလာတယ်။ App တစ်ခုစီက တောင်းတဲ့ permission တွေကို Scan လုပ်ကြည့်နိုင်တဲ့ စနစ်ပါ လာတယ်။ Malware Scanning က ပိုအားကောင်း လာသလို Trojan-removal ကလည်း အားကိုးလောက်ပါတယ်။ Battery Saver နဲ့ Clipboard Cleaner တို့ကတော့ အထူးခြားဆုံးဖြစ်ပါလိမ့်မယ်။

<Adblock Browser>
ကြော်ငြာထိုးတာလုံးဝမရှိတဲ့ browser မျိုးကို မလိုချင်ပါဘူးလို့ ပြောမယ့်လူ သိပ်ရှိမယ် မထင်ပါဘူး။ Page Loading မြန်စေပြီး data ပမာဏအစား သက်သာစေမယ့် Adblock browser ကိုတော့ လူအတော်များများကြိုက်ပါ လိမ့်မယ်။ ဒီ browser က System အပေါ် လုံးဝမမှီခိုပါဘူး။ Blocking လုပ်တဲ့ အခါမှာ Phishing အလုပ်တွေကို ပိတ်ဆို့ပေးနိုင်သလို user နောက်ကနေ Tracking လုပ်မယ့် ကိစ္စတွေကိုလည်း ပိတ်ဆို့ပေးနိုင်ပါတယ်။ အင်တာနက် သုံးတဲ့ဖုန်းက အလုပ်လုပ်ရသက်သာလာလို့ ဘက်ထရီပိုပြီးကြာကြာခံမယ့် အပြင် Data အတွက် ကုန်ကျစရိတ်လည်း သက်သာပါလိမ့်မယ်။

နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment