Thursday, December 1, 2016

♪ “ဆိုက်ဘာလုံခြုံရေးအတွက် သတိပြုရမယ့်အချက်(၇)ခု” ♫


ယနေ့ခေတ်လူနေမှုဘ၀မှာ လူတွေဟာနေ့စဉ်လိုလိုအင်တာနက် အသုံးပြု နေကြပါတယ်။ လူမှုကွန်ရက်တွေသုံးစွဲကြ တယ်။ E-mail တွေ အသုံးပြုကြ တယ်။ သိချင်တာတွေရှာဖွေကြတယ် စသဖြင့်ပေါ့။ အင်တာနက်မှာ အံ့အား သင့်ဖွယ်ရာ အဆုံး အစမဲ့သတင်းအချက်အလက်တွေ ပြည့်နှက်နေသလို အန္တရာယ်ပေါင်းစုံနဲ့လည်း ပြည့်နှက်နေတယ်ဆိုတာက သာဓကပေါင်းစုံနဲ့ နေ့စဉ်ကြားသိနေရပါတယ်။ ဘဏ်စာရင်းတွေ အခိုးယူခံရတယ်၊ ကိုယ်ရေး ကိုယ်တာအချက်အလက်တွေ ခိုးယူခံရတယ်၊ ဆိုက်ဘာဘူလီလိုမျိုး အွန်လိုင်း ကနေ ခြိမ်းခြောက်အကျပ်ကိုင်ခံရ၊ ငွေညှစ်ခံရတာတွေရှိတယ်။ ကိုယ့်ရဲ့ E-mail နဲ့ လူမှုကွန်ရက် account တွေ အခိုးခံရပြီး မိမိတို့ရေးသလိုလို ကိုယ်စား စာတွေဝင်ရေးသွားတယ်၊ post တွေ ၀င်တင်သွားတယ်စသည့် ဆိုက်ဘာ ရာဇ၀တ်မှုများစွာ ကြုံတွေ့နေရပါတယ်။ မြန်မာပြည်ကဲ့သို့သော ယခုမှ အိုင်တီနည်းပညာများစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် နိုင်ငံများအဖို့ လတ်တလောကြီးမားလှသည့် ဆိုက်ဘာရာဇ၀တ်မှုများ သိပ်မကြုံရသေးပေမယ့် အနာဂတ်မှာ အကြီးအကျယ်ဖြစ်လာနိုင်မှာဖြစ်ပါ တယ်။ဒီတော့ ကျွန်တော်တို့ အွန်လိုင်းမှာ မိမိတို့ရဲ့ လုံခြုံရေးကိုတတ်နိုင်သမျှ ကာကွယ်မှုတွေလုပ် ထားမယ်ဆိုလျှင် တော်ရုံတန်ရုံတော့ အဆိုပါကြုံတွေ့ရ မယ့် ပြဿနာများစွာကနေ ကာကွယ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ ဘယ်လို မျိုးကြိုတင်ကာကွယ်မှုတွေ လုပ်မလဲဆိုတာတွေထဲက အရေးအကြီးဆုံး အချက် တွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။

၁. အလွယ်တကူအခြားသူမသိနိုင်သည့် password များသုံးပါ

ကိုယ့်ရဲ့ password တွေက အခြားသူခန့်မှန်းလို့မရနိုင်တာတွေ ပေးသင့်ပြီး အကြီးစာလုံး၊ အသေးစာလုံး၊ ကိန်းဂဏန်း များနှင့် သင်္ကေတများစွာကို ရောထွေးသုံးစွဲသင့်ပါတယ်။ ကိုယ့်ရဲ့နာမည်တွေ၊ ၁၂၃၄ ဆိုတာမျိုးတွေ၊ မွေးသက္ကရာဇ်တွေစတဲ့ အခြားသူခန့်မှန်းရလွယ်ကူစေမယ့် password တွေ မသုံးသင့်သလို မိမိရဲ့ password ကို အခြားသူအားပြောဆိုခြင်း ကိုယ့်ဖုန်း၊ ကွန်ပျူတာစတာတွေထဲမှာ ရေးမှတ်ထားခြင်းတွေလည်း မလုပ်သင့်ပါဘူး။ ထို့အတူစာအုပ်နဲ့ ရေးမှတ်ထားခြင်းတွေလည်း မလုပ် သင့်ပါဘူး။ Account များစွာအတွက် တူညီသော password တွေကို မသုံးစွဲသင့်ပါဘူး။ အနည်းဆုံး လအနည်းငယ်ကြာတဲ့ အခါတိုင်း ပုံမှန်ပြောင်းလဲသင့်ပါတယ်။ email များကို ဖုန်းနဲ့ပါ verify လုပ်ရတဲ့ 2-step verification လုပ်ထားသင့်ပါတယ်။

၂. လိုက်နာရန်အချက်တွေကို လက်ခံတာ၊ ပရိုဂရမ်များကို install လုပ်ရာ မှာသတိထားပါ

အကယ်၍ newsletter တွေရယူဖို့၊ ပရိုဂရမ်တွေ install ဖို့ (သို့) တစ်ခုခု အတွက် လိုက်နာရန်အချက်များကို လက်ခံ ရာမှာ သတိထားဖို့လိုအပ်ပါတယ်။ များစွာသော Website တွေက သင့်ရဲ့ကွန်ပျူတာထဲသို့ adware များပါ တစ်ပါတည်း (မိမိ မသိလိုက်ဘဲ) ထည့်သွင်းသွားနိုင်ပြီး သင့်ရဲ့လုပ်ဆောင်မှု တွေနဲ့ browser မှာ ဘာတွေကြည့်တတ်သလဲဆိုတဲ့ အလေ့အကျင့် တွေကို ခြေရာခံနေနိုင်ပါတယ်။ အချို့သော sites တွေမှာ product တစ်ခုကိုရယူဖို့ ပုံစံဖြည့်သွင်းရာမှာ မဖြစ်မနေထည့်သွင်းရ မယ့်အကွက်ကို asterisk (*) နဲ့ ပြထားကြပြီး အဲဒါတွေလောက်ပဲထည့်သင့်ပါတယ်။ အခြား အကွက်တွေကို ချန်ထားခဲ့နိုင်ပါ တယ်။

၃. ကိုယ်ရေးကိုယ်တာ အချက်အလက်အသေးစိတ်ကို သူစိမ်းများ အား မပေးပါနဲ့

ကိုယ့်ရဲ့နာမည်အပြည့်အစုံ၊ လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်စတာတွေကို အွန်လိုင်းပေါ်မှ သင်မသိတဲ့သူ (သို့) ယုံကြည်မှုမရှိတဲ့သူတွေကို မပေးသင့် ပါဘူး။ အထူးသဖြင့် chat rooms တွေမှာပေါ့။ အွန်လိုင်းမှာ friends လုပ်ရာ မှာ သတိထား ရမှာ ဖြစ်ပါတယ်။အထူးသဖြင့် လူမှုကွန်ရက်များမှာပဲဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အသိပုံစံမျိုး account အတုနဲ့ ပုံမှား ရိုက်နိုင်တာမျိုးတွေဖြစ်တတ်လို့ပါပဲ။

၎. Dating Website များစွာကိုလည်း သိပ်ယုံကြည်မှုမရှိပါနှင့်

Dating site များမှာ အမျိုးသမီးပုံများဖြင့် သွေးဆောင်ဖြားယောင်းကာ စကား ပြောလိုလျှင် ဘယ်လောက်ပေးရမည်ဆိုပြီး ပုံလှလှလေးများနဲ့ ဆွဲဆောင် ထားတတ်ကြပါတယ်။ အဲဒါကမိမိတို့ရဲ့ ငွေများကို လှည့်စားရယူနိုင်ဖို့ ထောင်ချောက်တစ်ခုပါပဲ။ အွန်လိုင်းပေါ်မှာ မသိတဲ့လူတစ်ယောက်ကို ငွေမလွှဲ ပေးပါနှင့်။ အပြင်မှာတွေ့ကြဖို့ ချိန်းဆိုမှုများပြုလုပ်ရာတွင် လူစည်ကားရာ public area လိုမျိုးနေရာတွေဖြစ်တဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေမှာသာ ချိန်းဆိုမှုတွေပြုလုပ်သင့်ပါတယ်။ ကိုယ်ရေး ကိုယ်တာအချက် အလက် အသေးစိတ် များဖြစ်တဲ့ ကိုယ့်ရဲ့ accounts တွေနဲ့ identity တွေကို သူစိမ်း များအားပြောဆိုခြင်း မပြုပါနှင့်။ Chat room တွေ၊ Social Media တွေနဲ့ Website တွေမှာရယူထားတဲ့ အချက်အလက်တွေကနေ သင့်ရဲ့အိမ်၊ ရုံး စတာတွေအထိ လိုက်လံအန္တရာယ်ပြုတာတွေကြုံနိုင်ပါတယ်။ များစွာသော ဆိုက်ဘာရာဇ၀တ်မှုများက ဒီလိုနည်းလမ်းနဲ့ ကျူးလွန်လေ့ ရှိပါတယ်။ အထူး သဖြင့် မသိနားမလည်သေးတဲ့ ကလေးသူငယ်များ၊ ဆယ်ကျော်သက်များအဖို့ ဒီလိုမျိုး ကျူးလွန်ခံရနိုင်မှုဖြစ်နိုင်ခြေပိုများပါတယ်။ မိမိတို့အွန်လိုင်းမှာဝယ်ယူ မယ့် Online Shopping site တွေဟာ အတုလား အစစ်လားဆိုတာသတိပြု ရမှာ ဖြစ်ပါတယ်။ Pop ups ကနေ ကြော်ငြာသဘောတက်လာတဲ့ site တွေကို မယုံကြည်ဖို့ လိုအပ်ပါတယ်။

၅. အတုအယောင်ဖြစ်တဲ့ Phishing လုပ်မှုများကို သတိထားပါ

ကိုယ့်ရဲ့ mail ထဲကို phishing e-mails တွေဝင်တတ်ပါတယ်။ အဲဒါတွေကတော့ သင်စာရင်းဖွင့်ထားတဲ့ဘဏ် (သို့) သင်ဈေးဝယ်လေ့ရှိတဲ့ ဆိုင်တွေကနေပို့တဲ့ ပုံစံမျိုးနဲ့ ယုံကြည်ရလောက်အောင် ယုတ္တိရှိရှိ စာတွေရေးသားထားပြီး website အတုတစ်ခုသို့ link ပေးကာ သင့်ရဲ့ ကိုယ်ရေးအချက်အလက်များစွာကို ဖြည့်သွင်းခိုင်းပြီး ခိုးယူသွားတာပါပဲ။ Gmail ထဲကို sign in ၀င်တဲ့ interface နဲ့ တစ်ထေရာတည်းတူတဲ့ page အတုတွေကနေသင့်ရဲ့ gmail account တွေကို လည်းခိုးယူနိုင်ပါတယ်။ အဆိုပါ mail များထဲမှာပါဝင်တဲ့ တစ်ခုခုကိုနှိပ်ဖို့ (attachment လိုမျိုး) ညွှန်ကြားထားလျှင် မနှိပ်မိပါစေနှင့်။ အဲဒီကနေ spyware လိုမျိုးတွေတင်သွားတတ်ပါတယ်။ သင်ကဘယ်နှယောက်မြောက် user ဖြစ်တဲ့အတွက် ဒေါ်လာဘယ်နှသန်းရမယ်၊ ပြည်ပက ထီကို ၀င်ရောက် ကံစမ်းဖို့ ဖိတ်ခေါ်တာစတာတွေကို မယုံကြည်ဖို့လိုအပ်ပါတယ်။

၆. လူမှုကွန်ရက်များမှာ သင့်အကြောင်းအချက်အလက်ဖြည့်သွင်းမှုများကို ကန့်သတ်ထားပါ။

Facebook, Twitter, Google+, Instagram, LinkedIn နှင့် အခြားသော social media တွေဟာ ဒီနေ့လူတွေတော် တော်များများ အသုံးပြုနေကြ ပါတယ်။ Facebook မှာဆိုလျှင် ကိုယ့်ရဲ့ မွေးသက္ကရာဇ်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ မိသားစုဝင်တွေနဲ့ အခြားသော ကိုယ်ရေးအချက်အလက်များစွာ ဖြည့်သွင်း ရပါတယ်။ အဆိုပါအချက်အလက်များနဲ့ ပတ်သက်ပြီး အခြားသူများ မသိ စေရန် ကန့်သတ်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်တင်လိုက်တဲ့ သင့်အိမ်အတွင်းက ပုံတွေ၊ သင်သွားလေ့ ရှိတဲ့နေရာတွေ၊ သင့်မိသားစုဝင် တွေရဲ့ အကြောင်းတွေ၊ အမူအကျင့်တွေအားလုံးကို တွက်ချက်ကာ လူမှု ကွန်ရက်ပေါ်က သင့်ရဲ့အချက်အလက်တွေကနေတစ်ဆင့် ဖောက်ထွင်းမှု လိုမျိုး၊ လိမ်လည်မှုလိုမျိုးတွေ လုပ်ဆောင်လာနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လူမှုကွန်ရက် တွေမှာ တင်မယ် ဆိုလျှင်သတိထားပြီး ကိုယ့်ရဲ့ privacy ကို အမြင့်ဆုံးထားသင့်ပါတယ်။ သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ account အတုလုပ်ကာ သင့်ကိုယ်စား လိမ်လည်မှုတွေလည်း လုပ်ဆောင်နိုင်ပါသေးတယ်။

၇. E-mail accounts များစွာထားပါ

E-mail accounts က သုံးခုလောက်ထားသင့်ပါတယ်။ သင့်ရဲ့အလုပ်နဲ့ ပတ်သက်တာ၊ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တာ စသဖြင့်ခွဲခြားထား သင့်ပါတယ်။ Business နဲ့ပတ်သက်တဲ့ email ကတော့ သင့်အလုပ်ခွင်နဲ့ ပတ်သက်တာတွေမှာ သုံးသင့် ပါတယ်။ ပင်မ email ကတော့ ဘဏ်မှာဖြည့် တာ၊ အလုပ်ရှာတာ၊ အာမခံထားတာတွေနဲ့ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းတွေ အတွက် သုံးစွဲသင့်ပါတယ်။ နောက်ထပ် email ကတော့ online store တွေမှာ ၀ယ်ယူတာတွေပဲဖြစ်ဖြစ်၊ လူမှုကွန်ရက်တွေမှာ သုံးစွဲတာပဲဖြစ်ဖြစ်၊ အင်တာနက်မှာ ဖြည့်သွင်းရတာတွေမှာပဲဖြစ်ဖြစ်စတဲ့ email ဖြည့်ရတဲ့ လုပ်ငန်းစဉ်တွေအတွက် သုံးသင့်ပါတယ်။ဒီလောက်ဆိုလျှင်တော့ အခြေခံ အားဖြင့် လုံလောက်သွားပြီဖြစ်ပေမယ့် ကိုယ့်ရဲ့ဖုန်း၊ ကွန်ပျူတာတွေမှာ antivirus ပရိုဂရမ်တွေ၊ anti-spyware program တွေနဲ့ firewall တွေ တင်ထားသင့်ပါတယ်။ ကိုယ့်ရဲ့ Wireless Router ကိုလည်း လုံခြုံမှုရှိအောင် လုပ်ဆောင်ထားရမှာဖြစ်ပါတယ်။ Public Wireless Network တွေမှာ သုံးစွဲ တဲ့အခါ File sharing and network discovery ကို turn off လုပ်ထားရမှာပါ။ သိပ်မယုံကြည်ရတဲ့ source တွေကနေ download ချတာတွေ မလုပ်ဆောင် သင့် ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီနေ့ခေတ်မှာ ဆိုက်ဘာလုံခြုံရေးက အလွန်တရာ အရေးကြီးလာပြီဖြစ်လို့ အဲဒါနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေကို တတ်နိုင်သမျှ ရှာဖွေလေ့လာရင်း လိုက်နာကြမယ်ဆိုလျှင် မလိုလားအပ်တဲ့ ပြဿနာ များစွာ အား ကြိုတင် ကာကွယ်ပြီးသားဖြစ်နေမှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment