Sunday, December 25, 2016

♪ “Android အတွက် အကောင်းဆုံး E-mail” ♫


Image may contain: phone and screen
Android ဖုန်းများ ခေတ်မီလာပြီး အချင်းချင်း ဆက်သွယ်ရာတွင် viber ၊ facebook စသည်တို့ကို မည်မျှပင် သုံးစွဲလာ သည်ဟုဆိုဆို အီးမေးကို ပစ်ပယ်ရန်ကား လုံးဝမဖြစ်နိုင်သေးပါ။ စာရွက်စာတမ်းနှင့်တကွ နောက်ဆက်တွဲ ဖိုင်များကို အဝေးသို့ ပေးပို့ရာတွင် အီးမေးက အားသာ ချက်များရှိသောကြောင့်ဖြစ်သည်။ စမတ်ဖုန်းနှင့် တက်ဘလက်များတွင် အီးမေးစနစ် အသင့် ထည့်သွင်းပေးလိုက်သော်လည်း ပြည့်စုံကောင်းမွန် သည်ကား မဟုတ်ပါ။ ထို့ကြောင့် Third party မှ ထုတ်လုပ်သော အီးမေး app တို့ကို သုံးသင့်ပါသည်။ Android အတွက် အခမဲ့ရနိုင်သော အကောင်းဆုံး အီးမေး app တို့ကို အောက်ပါအတိုင်း တွေ့ရ ပါမည်။

<Type App>

Android စနစ်တွင် သုံးနိုင်သော အခမဲ့ အီးမေးများအနက် အကောင်းဆုံး နေရာတွင်ရှိသော app ဖြစ်သည်။ www.bit.ly/typeapp 394 မှ download ဆွဲချပြီး အခမဲ့ အသုံးပြုနိုင်သည်။ ဤ app သည် မူလက Type Mail ဟု အမည်ပေး ထားပြီး ယခုအခါ Type App ဟု အမည်ပြောင်းထားခြင်းဖြစ် သည်။ Type Mail ဘ၀ကလည်း Android စနစ်အတွက် အကောင်းဆုံး အခမဲ့ အီးမေး app ဆုကို ရခဲ့ဖူးသည်။ ရလည်းရထိုက်ပါပေသည်။ အသုံးတည့်မှု၊ စွမ်းဆောင်ရည်ကောင်းမွန်မှု နှင့် feature စုံလင်မှုကို ညီညွတ်မျှတစွာ ပေါင်းစပ်ထားသောကြောင့် ဖြစ်သည်။နာမည်အသစ်ပေးပြီးသည့်နောက်တွင် ဤ Software ရေးသူတို့သည် ထည့်သင့်ပါလျက် ကျန်နေသေးသည်ဟု ယူဆ သော feature တစ်ရပ်ကို ထပ်မံပေါင်းထည့်ခဲ့သည်။ သို့ဖြစ်ရာ ယခုအကြိမ် တွင်လည်း အကောင်းဆုံး app နေရာသို့ ရောက်စေမည့် အခွင့်အလမ်းကို ရရှိခဲ့ပါသည်။ အသစ်ပါဝင်လာသော tool မှာ clusters ဟုခေါ်သည်။

အီးမေး၏ Inbox ထဲတွင် တစ်စစီ ပြန့်ကျဲနေသော စာများကို အလို အလျောက်စနစ်ဖြင့် အုပ်စုဖွဲ့ပေးပြီး ရှင်းလင်းသောစနစ်ဖြစ်သည်။ အုပ်စုဖွဲ့ထားသော စာများကို သေသပ်သော subfolder များတွင် ထည့်သွင်းပြီး သိမ်းဆည်းပေးပါသည်။ ဥပမာပြရသော် Group on မှနေ၍ အရောင်းမြှင့်တင်ရေးအတွက် ပေးပို့သော အီးမေးများကို အုပ်စုတစ်စုစည်း စုစည်း ပေးထားခြင်းမျိုးဖြစ်သည်။ ယင်းတို့သည် အုပ်စုတစ်ခုအဖြစ် Inbox တွင်ရှိနေပြီး နောက်ဆုံး ပို့ခဲ့သော အီးမေးကို အချိန်နှင့်တကွ ပြသပေးထား ပါမည်။ Gmail တွင် သုံးသော Promotional and social filter များနှင့်မတူ သည်မှာ စုစည်းထားသော စာများအား ဒုတိယ သို့မဟုတ် တတိယ Inbox ထဲတွင် ၀င်စစ်စရာမလိုဘဲ လွယ်ကူလျင်မြန်စွာ ရှာဖွေနိုင်ခြင်းဖြစ်သည်။ ထို့ပြင် ယင်းစာများ ကို တစ်စုတည်း သိမ်းဆည်းပေးရာ၌ နေရာယူမှု အနည်းဆုံးဖြစ်အောင်လည်း ဆောင်ရွက်ပေးပါသည်။ ထို့ကြောင့် မိမိ အီးမေး တွင်ရှိသော စာအ၀င်အထွက်ကို ပို၍ အာရုံစိုက်လာနိုင်ပါသည်။

ထို့ပြင် Clusters စွမ်းဆောင်ချက်သည် စာများကို တူရာစု၍ အုပ်စုဖွဲ့သော အလုပ်အပြင် အခြားသောစွမ်းဆောင်ချက် များကိုလည်း လုပ်ဆောင်ပေးပါ သည်။ ယင်းတို့မှာ ဖတ်ပြီးသောစာများတွင် read ဟူသော အမှတ်အသား ထည့်ပေးခြင်း သို့မဟုတ် ဖတ်ပြီးသောစာများကို ဖျက်ပေးခြင်းဖြစ်ပါသည်။ ထို့ပြင် မလိုအပ်ဘဲ တက်လာမည့် အနာဂတ် notification များအား မပြဘဲ နေအောင်လည်း လုပ်ဆောင်ပေးနိုင်ပါသေးသည်။ ထိုသို့သော လုပ်ဆောင်ချက် များကြောင့် Inbox ကို ကိုင်တွယ် ထိန်းသိမ်းရသည်မှာ ပို၍ လွယ်ကူလာပါသည်။ တစ်မျိုးထက်မကသော account များ (ဥပမာ- Gmail၊ Out look ၊ Office 365 ၊ Yahoo နှင့် Exchange) တို့အား တစ်နေရာတည်း တွင် ထည့်သွင်းပြသပေးနိုင်ခြင်းမှာလည်း ထူးခြားချက်ဖြစ်သည်။ ယင်း စွမ်းရည်ကြောင့် Type App ၏အပေါ် သို့မဟုတ် ဘေးဘက်တွင်ရှိသော menu မှတစ်ဆင့် Account များကြားတွင် ကူးလူးသွားလာနိုင်ပါသည်။
တစ်ခုတည်းသော inbox မှတစ်ဆင့် မတူညီသော အီးမေး account ပေါင်းစုံ ၏ ၀င်စာများကို ကြည့်နိုင်ခြင်းမှာလည်း အလွန်အသုံးဝင်သည်။ ဤ App သည် ၀င်စာထွက်စာများကို Conversation view တွင် ပြသပေးနိုင်သည်။ ထို့ပြင် အထူးဂရုပြုရန်လိုသော အီးမေးများအတွက် သတိပေးစာများကို task list တွင် ထည့်သွင်းနိုင်သည်။ အခြားအီးမေး App များထက် သာလွန်မှုမှာ မိမိစိတ်ကြိုက်ပြုပြင်ပြောင်းလဲနိုင်ခွင့်အများအပြားကို ပေးအပ်ထားခြင်းဖြစ် သည်။ ထို့အပြင် Do not Disturb tool က အီးမေးပိုင်ရှင်အား သက်ဆိုင်ရာ account တစ်ခုအတွက် သီးခြားနာရီ၊ သီးခြားရက်များတွင် စိတ်အနားရစေ ပါသည်။ Type App သည် user interface ပိုင်း အနည်းငယ်ပြောင်းလဲသင့် သည်မှအပ အခြားအားနည်းချက်မရှိပါ။

<Gmail>

အများသုံးနေကျ Gmail ကိုပင် Apk ဖိုင်အဖြစ်ဖန်တီးပြီး ဖုန်းနှင့် တက်ဘလက် များပေါ်တွင် သုံးခွင့်ပြုခြင်းဖြစ်သည်။ www.bit.ly/gmail394 မှနေ၍ download ဆွဲချပြီး အခမဲ့အသုံးပြုနိုင်သည်။ နောက်ဆုံးထွက် Gmail version တွင် မိတ်ဆက် လာသည်မှာ Gmailify ဖြစ်သည်။ ယင်း Gmail inbox ထဲတွင် အခြားအီးမေး account တစ်ခုကို ထပ်မံပေါင်းထည့်ခွင့်ပြုပါသည်။ အီးမေး account အသစ်သည် Gmail app ၏ အကောင်းဆုံး tool များကို အပြည့်အ၀ အသုံးချနိုင်ခွင့်ရပါမည်။ဤ App သည် မိမိ၏ အီးမေး account ကို ပင်မကဏ္ဍ သုံးခုအဖြစ် ခွဲထုတ်ပေးပါမည်။ ယင်းကဏ္ဍသုံးခုမှာ primary ၊ social နှင့် Promotions တို့ဖြစ်သည်။ ထို့ကြောင့် Gmail app ကို ချိတ်ဆက်လိုက်သည့် အီးမေး account တွင် intelligent inbox organisation ၏ အကျိုးကျေးဇူးကို ခံစားရပါမည်။ ၀င်စာများသည် သက်ဆိုင်ရာကဏ္ဍ တစ်ခုစီတွင် သီးခြား စုစည်းပြီး ဖြစ်သွားပါမည်။ Primary inbox သည် အီးမေးအသစ်ဝင်လာပါက default အနေဖြင့် မိမိအား အသိပေးပါမည်။ အရောင်း မြှင့်တင်ရေးအတွက် မိမိထံပေးပို့သော အီးမေးများ၏ အနှောင့်အယှက်ဒဏ်ကိုလည်း ခံစားရတော့မည် မဟုတ်ပါ။

ထူးခြားသည့် စွမ်းဆောင်ရည်တစ်ရပ်မဟုတ်သော်လည်း Google သည် အီးမေးအတွက် အကောင်းဆုံးရနိုင်သော search tool ကို ထည့်သွင်း ပေးထားပါသည်။ to ၊ from နှင့် subject တို့ကိုသုံး၍ မိမိရှာလိုသော အီးမေးတစ်စောင်ကို ၀င်စာ ထွက်စာများစွာထဲမှ အလွယ်တကူ ရှာဖွေနိုင် သည်။ ထို့ပြင် Google Drive ထဲတွင် သိမ်းဆည်းထားသော data များကို attachment ဖိုင်အဖြစ် တိုက်ရိုက်ချိတ်ဆက်နိုင်သည်။ Gmailify IMAP နှင့် POP 3 account များပေါင်းထည့်ပြီး ယင်းတို့၏ Inbox များအား တစ်နေရာ တည်းမှနေ၍ ကြည့်ခွင့်ပေးထားခြင်းမှာ ချီးကျူးဖွယ်ဖြစ်ပါသည်။

<Mailwise>

www.bit.ly/mailwise 394 မှ download ဆွဲချပြီး အခမဲ့အသုံး ပြုနိုင်သည်။ interface မှာ အသုံးပြုရလွယ်ကူပြီး IMAP နှင့် Exchange accounts များကို အထောက်အပံ့ပေးပါသည်။ Promotional email နှင့် news letter များကို စာပို့သူ တစ်ဦးချင်းအလိုက် subfolder များ ဖွဲ့ပြီး စုပေးသည်ဖြစ်ရာ ရှုပ်ထွေး ခြင်းကင်းသော inbox ကို မြင်ရနိုင်ပါသည်။ တူရာစု စနစ်ကြောင့် message များကို တစ်နေရာတည်းမှနေ၍ archive လုပ်ခြင်း သို့မဟုတ် delete လုပ်ခြင်း ကို ပြုလုပ်နိုင်စေပါသည်။လက်ဖြင့်ပွတ်ဆွဲ၍ ပြုလုပ်ရသော လှုပ်ရှားမှုများကို အခြေခံ၍ လုပ်ဆောင်ချက်များ ဖန်တီးနိုင်ခြင်းမှာလည်း ချီးကျူးဖွယ် ဖြစ်ပါ သည်။ ဥပမာပြရလျှင် screen ကို ဘယ်ဘက်သို့ပွတ်ဆွဲပြီး message တစ်ခု အား archive လုပ်နိုင်ခြင်း ညာဘက်သို့ ပွတ်ဆွဲပါက start / move/ delete တစ်ခုခု လုပ်ခွင့်ရခြင်း စသည်မျိုးဖြစ်ပါသည်။ Multiple account များပေါင်း ထည့်ခွင့်ပြုခြင်း၊ အီးမေး account တစ်ခုအား သီးခြားကြည့် လိုလျှင်လည်း ကြည့်နိုင်ခြင်း၊ ဆန္ဒရှိလျှင် တစ်ခုထက်မကသော account များအား စုပေါင်း၍ ကြည့်နိုင်ခြင်းတို့မှာ နှစ်သက်ဖွယ်ကောင်းလှပါသည်။ POP 3 account များ အား အထောက်အပံ့မပေးခြင်းမှာ ဤ app ၏ အားနည်းချက်ဟုဆိုရ ပါလိမ့် မည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


 

No comments:

Post a Comment