Wednesday, August 19, 2015

သဘာဝ ဘေးအန္တရာယ်များကို စမတ်ဖုန်း နည်းပညာဖြင့် ရင်ဆိုင်ကျော်လွှားကြမယ်


 
၁။ အရေးကြီးသော ဖုန်းနံပါတ်များကို အလွတ်မှတ်ထားပါ။ (သို့) စာရွက်ပေါ်တွင် မှတ်ထားပါ။

မိမိ မိသားစုဝင်များ၏ ဖုန်းနံပါတ်များ၊ အဝေးရောက် မိတ်ဆွေများ၏ ဖုန်းနံပါတ်များစသော အရေးကြီးချိန်တွင် ဆက်သွယ်အကူအညီ တောင်းနိုင်မည့် ဖုန်းနံပါတ်များကို အလွတ်မှတ်သားထားပါ။ သို့မဟုတ် စာရွက်တစ်ခုပေါ်တွင် ချရေးကာ မှတ်သားထားပြီး ပိုက်ဆံအိတ်ကဲ့သို့သော အလွယ်တကူ ရယူနိုင်သည့် နေရာတွင် သေသေချာချာ သိမ်းဆည်းထားပါ။ သဘာဝအန္တရာယ်များ ကျရောက်ပြီးချိန်တွင် ထိုသို့သော အခြေအနေမျိုးတွင်ပင်  မိတ်ဆွေများကို အလွယ်တကူ  ဆက်သွယ်နိုင်ပေမည်။

၂။ အရေးပေါ် ဆက်သွယ်နိုင် မည့်သူများ၏ ဖုန်းနံပါတ်များကို သီးသန့်စာရင်း ပြုစုထားပါ။

အရေးပေါ် အခြေအနေမျိုးတွင် ဆက်သွယ်အကူအညီ တောင်းခံနိုင်မည့် မိတ်ဆွေများ၏ ဖုန်းနံပါတ်များကို မိမိဖုန်း၏ contact ထဲတွင် သီးသန့် group တစ်ခုဖွဲ့ထားပါ။ အနီးအနားမှ မိတ်ဆွေများသာမက နယ်ဝေးမှ မိတ်ဆွေများ၏ ဖုန်းနံပါတ်များကိုလည်း ထည့်သွင်းထားပါ။ ထို့ပြင် လူနာတင်ယာဉ်၊ မီးသတ်၊ ရဲစခန်းတို့၏ ဖုန်းနံပါတ်များကိုလည်း ထည့်သွင်းထားပါ။ ဤသို့မှတ် သားထားခြင်းဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်ပြီးချိန်တွင် ၎င်းတို့ကို အလွယ်တကူ  ခေါ်ဆိုနိုင်ပြီး အကူအညီများ မြန်မြန်ဆန်ဆန် တောင်းခံနိုင်သည်။

၃။ ဖုန်းအားသွင်းနိုင်ရန် စီစဉ်ထားပါ။

သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရစဉ်တွင် မိမိဖုန်းဘက်ထရီတွင် အားအလုံအလောက် ရှိဖို့လိုပါမည်။ ထို့ကြောင့် Power Bank, Solar Charger, Car Charger စသည်တို့ကို ဆောင်ထားသင့်ပါသည်။ ထို့ပြင် အရေးပေါ် အခြေအနေတွင် ဘက်ထရီအားကို ချွေတာရပါမည်။ ဂိမ်းဆော့ခြင်း၊ ဗီဒီယိုကြည့်ခြင်း စသည်တို့ကို မပြုလုပ်ပါနှင့်။ Wifi, Bluetooth တို့ကို ပိတ်ထားခြင်း၊ ဖန်သားပြင် တောက်ပမှုကို လျှော့ချထားခြင်း၊ Background apps များကို ပိတ်ထားခြင်းစသော နည်းလမ်းများသည် ဘက်ထရီချွေတာရာ၌ အလွန်ကို အကျိုးရှိပေမည်။

၎။ အရေးကြီးသော အထောက်အထား ကတ်ပြားများကို ဖုန်းကင်မရာဖြင့် မှတ်တမ်းတင်ထားပါ။

အမျိုးသား မှတ်ပုံတင် ကျောင်းသားကတ်၊ အာမခံကတ်စသော အရေးကြီးသည် ကတ်ပြားများသည် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် ပျောက်ဆုံးသွားနိုင်ပါသည်။ ထိုကတ်များကို ဓာတ်ပုံရိုက်ထားပါက ကတ်ပြန်လျှောက်ရာတွင် အလွန်အထောက်အကူ ပြုမည်ဖြစ်သည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်များ မကျရောက်လာမီ အရေးကြီးသော စာရွက်စာတမ်း၊ ကတ်ပြားများကို ဖုန်းဖြင့်သေချာစွာ ဓာတ်ပုံရိုက်ထားပါ။ ဖြစ်နိုင်လျှင် Dropbox, Google Drive တို့ကဲ့သို့သော Cloud Storage များတွင် သိမ်းထားပါ။

၅။ Offline မြေပုံတစ်ခုကို ဆောင်ထားပါ။

သဘာဝ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရာတွင် မြေပုံသည်လည်း လိုအပ်သော ပစ္စည်းတစ်ခုဖြစ်ပေသည်။ မိမိမွေးရာဇာတိတွင် ရောက်ရှိနေပါက ပြဿနာ သိပ်မရှိသော်လည်း အခြားမြို့ရွာများတွင် ရောက်ရှိနေပါက မြေပုံသည် အလွန်လိုအပ်ပါသည်။ ယနေ့ခေတ်တွင် ရှေးကကဲ့သို့ စာရွက်ပေါ်တွင် ဆွဲထားသော မြေပုံမလိုအပ်တော့ပါ။ မိမိဖုန်းနှင့် မြေပုံကြည့်နိုင်ပေပြီ။ All-in-one Offline Maps (Play.google.com/store/apps/details?id= net.psyberia.offlinemaps) ကဲ့သို့သော app များကို install လုပ်ထားခြင်းအားဖြင့် မြေပုံများကို အသုံးလိုသည့် အခါတွင် အင်တာနက် ဖွင့်စရာမလိုဘဲ အသုံးပြုနိုင်မည် ဖြစ်ပေသည်။

၆။ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရချိန်တွင် စာတို (SMS) ဖြင့်သာ ဆက်သွယ်ပါ။

သဘာဝဘေးအန္တရာယ် ကျရောက်ချိန်နှင့် ကျရောက်ပြီးချိန်တွင် လူအများအပြားသည် ဖုန်းခေါ်ဆိုမှုများကို အမြောက်အမြား ပြုလုပ်လေ့ရှိကြသည်။ ထိုအခါ မိုဘိုင်းကွန်ရက်တွင် ရှုပ်ထွေးကာ ဆာဗာ down သွားတတ်သည်။ ထို့ကြောင့် အရေးပေါ် အခြေအနေများတွင် စာတိုပေးပို့မှုသာ ပြုလုပ်ပါ။ မဖြစ်မနေ ဖုန်းခေါ်ရမည် ဆိုလျှင်လည်း တိုတိုနှင့် လိုရင်းကိုသာပြောပါ။ မိုဘိုင်းကွန်ရက်ကို ပိုမိုဝန်ပိစေသော အွန်လိုင်းဂိမ်း ကစားခြင်း၊ ဗီဒီယိုများ ဒေါင်းလုပ်ဆွဲခြင်း၊ Video Call ခေါ်ဆိုခြင်း များကိုလည်း ရှောင်ရှားရပါမည်။

၇။ ဖုန်းမှတစ်ဆင့် FM ရေဒီယိုသတင်းများကို နားထောင်ပါ။

FM ရေဒီယိုလှိုင်းများကို စမတ်ဖုန်း အတော်များများ ဖမ်းယူနိုင်ပါသည်။ သို့သော် နားကြပ် (earphone) တော့ ရှိရပါမည်။ FM ရေဒီယိုလှိုင်းများမှ သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်သော သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပါသည်။

၈။ အွန်လိုင်းလူမှု ကွန်ရက်များကို အသုံးချပါ။

Facebook, Twitter စသော လူမှုကွန်ရက်များသည်လည်း သဘာဝ ဘေးအန္တရာယ်များကို ရင်ဆိုင်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုပါသည်။ မိုးလေဝသ သတင်းများကို ပုံမှန်တင်ဆက်ပေးနေသော Page များ၊ Group များနှင့် ဆက်သွယ်ထားခြင်းဖြင့် မုန်တိုင်းသတင်း၊ မြေငလျင်သတင်း၊ ရေကြီးသည့် သတင်းများကို အချိန်မီ ရရှိနိုင်ပါသည်။ သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီးချိန်တွင်လည်း ကျွန်တော်ဘာမှ မဖြစ်ပါဘူးစသော စာသားအနည်းငယ်ပါသည့် Post ကို တင်လိုက်ရုံဖြင့် မိမိမိတ်ဆွေများကို မိမိဘေးကင်းကြောင်း လျင်လျင်မြန်မြန် အသိပေးနိုင်ပါသည်။

၉။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များ ရယူနိုင်မည့် Website များတွင် သတင်းရယူပါ။

အောက်ပါ website များ၊ Facebook Page များသို့ ဝင်ရောက်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်များ၊ သတင်းများကို ရရှိနိုင်ပါသည်။

(၁) မြန်မာ့မိုးလေသဝနှင့် ဇလဗေဒဦးစီးဌာန

(www.dmh.gov.mm/my)
ဤ website သည် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တရားဝင် website ဖြစ်သည်။ ဌာနမှထုတ်လွှင့်သော မိုးလေဝသ သတင်းများကို ဖတ်ရှုနိုင်သည်။ Website တွင် ဖော်ပြထားသော မြေပုံမှမြို့များကိုထောက်၍ ထိုမြို့နှင့် အနီးတစ်ဝိုက်အတွက် လက်ရှိမိုးလေဝသ အခြေအနေကို သိရှိနိုင်သည်။ ထို့ပြင် မုန်တိုင်းသတင်း၊ မြေငလျင်သတင်း၊ ဆူနာမီသတင်း၊ ရေကြီးသည့် သတင်းများကိုလည်း အလွယ်တကူ ဖတ်ရှုနိုင်သည်။ website သို့ မသွားလိုပါကလည်း ဌာန၏ တရားဝင် Facebook Page ဖြစ်သော https://www.facebook.com/dmhmoezalanaypyitaw တွင် သတင်းများ ဝင်ရောက်ဖတ်ရှု နိုင်သည်။
(၂) Disaster Alert Network -ubAlert
(www.ubalert.com)

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို ရရှိနိုင်သော website ဖြစ်သည်။ မိမိ email ကို register လုပ်ထားပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ ပို့ပေးသည်။ မိမိသတိပေး ချက်ရယူလိုသော နိုင်ငံနှင့်သတိပေးချက် အဆင့်ကို သတ်မှတ်ပေးထားနိုင်သည်။

(၃) U Tun Lwin Facebook Page

(https://www.facebook.com/profile.php?id=164065 936955734)
မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင် (MCCW) ၏ တရားဝင် Facebook Page ဖြစ်သည်။ မိုးလေဝသ သတင်းများ၊ မုန်တိုင်းသတင်းများ၊ အသိပညာပေး ဆောင်းပါးများ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆောင်းပါးများကို ဖတ်ရှုနိုင်သည်။

(၄) Myanmar Disaster Information Facebook Page
(https://www.facebook. com/Myanmar Disaster)

လတ်တလော တွေ့ကြုံနေရသော ရေဘေးသတင်းများကို ဖြန့်ဝေပေးနေသော Facebook Page တစ်ခုဖြစ်သည်။ ပြည်တွင်း Facebook သုံးစွဲသူများ၏ ကောင်းနိုးရာရာ Post များကိုလည်း Share ပေးထားသောကြောင့် သတင်းအချက်အလက် စုံစုံလင်လင် ရရှိနိုင်မည့် Facebook Page တစ်ခု ဖြစ်သည်။

၁၀။ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရာတွင် အသုံးဝင်မည့်  Android app များကို အသုံးပြုပါ။
အောက်တွင် ဖော်ပြထားသော Android App များသည် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရာ၌ အသုံးဝင်မည့် app များ ဖြစ်သည်။

(၁) Myanmar Alerts
(https://play.google.com/store/apps/details?id= com.bim.myanmaralerts)

Mobile Reader မှ ပြုလုပ်ထားသော app ဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို စုစည်းတင်ဆက်ပေးသည့် app ဖြစ်သည်။ ထို့ပြင် သတိပေးချက်များကိုလည်း notification bar တွင် ဖော်ပြပေးသည်။

(၂) Moezala
(https://play.google.com/store/apps/details?id=c om.arkar.apps.moezala)

Arkar Aung မှ ပြုလုပ်ထားသော app ဖြစ်သည်။ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သတင်းအချက်အလက်များကို စုစည်းတင်ဆက် ပေးထားခြင်းဖြစ်သည်။ မိုးလေဝသ အခြေအနေ၊ ခန့်မှန်းချက်၊ မိုးရေချိန်၊ မြစ်ရေအခြေအနေဟူ၍ ခေါင်းစဉ်များ ခွဲထားပေးသောကြောင့် အလွယ်တကူ သတင်းရယူနိုင်သည်။

(၃) Natural Disaster Monitor
(https://play.google.com/store/apps/details?id=c om.dom925.disastermon)

တစ်ကမ္ဘာလုံး သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို စုစည်းတင်ဆက် ပေးထားသည်။ သတင်းအချက်အလက်များကို Global Disaster Alert and Coordination System (www.gdacs.org) မှ ရယူထားခြင်းဖြစ်သည်။ မြေပုံပါဝင်သောကြောင့် ကမ္ဘာ့ဒေသ အသီးသီးတွင် ဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်များကို အလွယ်တကူ သိရှိနိုင်သည်။

(၄) Emergency Button (SOS)
(https://play.google.com/store/apps/details?id=com.redbrick.emergency button)

မိမိအန္တရာယ် တစ်ခုခုတွေ့ ကြုံရချိန်တွင် "Help" Button ကို နှိပ်လိုက်ခြင်းဖြင့် မိမိလက်ရှိ ရောက်နေသော နေရာနှင့် ကြိုတင်သတ်မှတ်ထားသော message (ဥပမာ-ကူညီပါဦး) ကို မိမိသတ်မှတ်ပေးထားသော contact များသို့ sms အလိုအလျောက် ပို့ပေးမည့် app ဖြစ်သည်။ မိမိရောက်ရှိသည့် နေရာကိုသိရန် GPS ဖွင့်ထားရမည် ဖြစ်သည်။ Home Screen တွင် Help Button ကို Widget အနေနှင့် ထားထားနိုင်သောကြောင့် အရေးပေါ် အခြေအနေများတွင် အသုံးဝင်မည့် app ဖြစ်သည်။

(၅) In Case of Emergency -ICE Lite
(https://play.google.com/store/apps/details?id=c om.matrix.emergency.lite)

မိမိ၏ ကျန်းမာရေးဆိုင်ရာ အချက်အလက်များဖြစ်သည့် အလေးချိန်၊ အရပ်အမြင့်၊ သွေးအမျိုးအစား၊ ဆီးချိုရောဂါရှိမရှိ စသည်တို့ကို မှတ်တမ်းတင်ထားနိုင်သော app ဖြစ်သည်။ မိမိသတိမေ့နေချိန်တွင် ကယ်ဆယ်ရေး သမားများလာရောက် ကယ်ဆယ်သည့်အခါ မိမိ၏ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အလွယ်တကူ သိရှိစေနိုင်မည် ဖြစ်သည်။ App ကို password ရထားသော lock screen မှတစ်ဆင့်ပင် ဖွင့်နိုင်သည်။

(၆) Tiny Flashlight + LED
(https://play.google.com/store/apps/details?id=c om.devuni.flashlight)

သဘာဝဘေးအန္တရာယ်ကြောင့် လျှပ်စစ်မီးပြတ်ကာ မှောင်မည်းနေချိန်တွင် ဖုန်းတွင်ပါဝင်သော ကင်မရာမီး (သို့) ဖန်သားပြင်အလင်းရောင်ကို ဓာတ်မီးကဲ့သို့ အသုံးပြု၍ ရစေမည့် app ဖြစ်သည်။ Morse code, police light ကဲ့သို့သော လုပ်ဆောင်ချက်များလည်း ပါဝင်သောကြောင့် အမှောင်ထဲတွင် တစ်ယောက်နှင့် တစ်ယောက် အချက်ပြရာတွင်လည်း အသုံးပြုနိုင်သည်။

(၇) Myanmar First Aid
(https://play.google.com/store/apps/details?id=c om.nckk.healthguide)

Arthurmyanmarapk creation မှ ပြုလုပ်ထားသော app ဖြစ်သည်။ မြန်မာဘာသာဖြင့် ရေးသားထားသော ရှေးဦးသူနာပြုနည်းများ ပါဝင်သည်။  ဒေါက်တာတင့်ဆွေ၏ blog မှ First Aid guideline များကို အသုံးပြု၍ အချို့သော အချက်အလက်များကို ပြင်ဆင်ပြောင်းလဲ၍ ကိုးကားပုံများ၊ ဗီဒီယိုများဖြင့် ပြုလုပ်ထားသည်။ ထို့ပြင် အရေးပေါ် ဖုန်းနံပါတ်များကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုကူညီရေး အသင်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကိုပါ ထည့်သွင်းထားသောကြောင့် အလွန်အသုံးဝင်သော App ဖြစ်သည်။ အထက်ပါ အကြံပြုချက်အတိုင်း လုပ်ဆောင်ပြီး မြန်မာနိုင်ငံသားအားလုံး သဘာဝဘေးအန္တရာယ်များကို အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

Ref:
http://discover.alesolutions.com,    http://www.att.com, http://www.androidauthority.com,    http://www.ready.gov, http://www.propertymanagementinsider.com,   http://www.peoriamagazines.com

 Credit internetjournal
Thiha Htike(THT)
My Facebook Account Click

No comments:

Post a Comment