Friday, September 30, 2016

ဖုန်းအင်တာနက် ဒေတာ အကုန်သက်သာအောင်


 

 


စမတ်ဖုန်းများသည် ဆက်သွယ်ရေး အတွက်လည်း အသုံးဝင် အသိပညာ ဗဟုသုတ ရှာဖွေရေး အတွက်လည်းများစွာ အကျိုးပြု၏။ ဆိုရှယ်မီဒီယာတွေက တစ်ဆင့် မိတ်ဆွေ သူငယ်ချင်းများနဲ့ ဆက်သွယ်နိုင်သည်။ သိလိုသည်များကို အင်တာနက်မှာ စက္ကန့်ပိုင်း အတွင်း ရှာဖွေနိုင်သည်။ သို့သော် တစ်ခု သတိထားရန် ရှိသည်မှာ ထိုအရာများ အတွက် ဆက်သွယ်ရေး ကုမ္ပဏီများကို ဒေတာခများ ပေးဆောင်ရခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ကုမ္ပဏီများသည်လည်း အင်တာနက် ဒေတာများကို အပိုင်းအခြားဖြင့် ရောင်းချပေးလျက် ရှိသည်။ တစ်လ 500 MB နှုန်းမှသည် 10GB နှုန်း လောက်ထိ မိမိနှင့် သင့်တော်သည့် နှုန်းထားများ ကြိုတင်ငွေသွင်း အသုံးပြုနိုင်သည်။ ကိုယ်က ဒေတာ အသုံးများလေ အကုန်အကျလည်း များလေဖြစ်မည်။ သုံးသည့် ၀န်ဆောင်မှုပေါ် မူတည်ပြီး ဒေတာ အကုန်မြန်ခြင်း၊ နှေးခြင်း ကွာခြားသွားနိုင်သည်။

ဥပမာအားဖြင့် ဖုန်းအင်တာနက်ဖြင့် ရုပ်ရှင်တစ်ကား ကြည့်မည်ဆိုပါက ဒေတာ 700MB လောက် ကုန်သွားလိမ့်မည်။ တီဗီလိုင်းကို အင်တာနက်က တိုက်ရိုက်ကြည့်မည် ဆိုပါက တစ်နာရီကို 500MB စာလောက် ကုန်သွားလိမ့်မည်။

အင်တာနက် ရေဒီယို နားဆင်မည် ဆိုပါက တစ်နာရီကို 60MB မှ 140MB ကြား ကုန်သွားနိုင်သည်။Skype ကနေ တစ်နာရီလောက် စကားပြောလျှင်လည်း 40MB လောက်ကုန်သည်။ ဒေတာ ကုန်သွားတိုင်း မိမိပိုက်ဆံလည်း ကုန်သွားခြင်း မည်သည်။

သို့ဖြစ်ရာ ဒေတာ အကုန်အကျ သက်သာစေမည့် နည်းလမ်းလေးများ သိထားခြင်းဖြင့် ပိုက်ဆံကုန် ချွေတာနိုင်မည်မို့ အောက်တွင် အသုံးဝင်မည့် အကြံပြုချက်လေးများ ဝေမျှသွားပါမည်။

- အခမဲ့ရသည့် ၀ိုင်ဖိုင်ရှိပါက ထိုဝိုင်ဖိုင်ဖြင့် အင်တာနက်သုံးခြင်းဖြင့် မိမိဖုန်း အင်တာနက် ဒေတာ အကုန်အကျ သက်သာနိုင်သည်။

- ယခုနောက်ဆုံးပေါ် ကားများတွင် ဂျီပီအက်စ်စနစ် ပါဝင်သည်။ လမ်းပေါ် ရောက်နေချိန်တွင် လမ်းကြောင်း သိလိုပါက ကားဂျီပီအက်စ် စနစ်ကိုသာ သုံးပါ။ ဖုန်းမြေပုံကို ဖွင့်ကြည့်လျှင် ဖုန်းသည် မြေပုံ ဒေတာများကို ဒေါင်းလုဒ်လုပ်ယူ ပြသရသည် ဖြစ်သောကြောင့် အင်တာနက် ဒေတာခ ကုန်ကျသည်။ ကား၏ ဂျီပီအက်စ် စနစ်သည်ကား မြေပုံဒေတာများပါဝင်ပြီး ဖြစ်သောကြောင့် အပိုကုန်ကျခြင်းမရှိ။ တတ်နိုင်သမျှ ကားတွင်း ဂျီပီအက်စ် စနစ်ကို သုံးခြင်းဖြင့် ယာဉ်မောင်းရတာလည်း အဆင်ပြေသလို၊ အင်တာနက် ဒေတာခလည်း အကုန်အကျ သက်သာသွားမည်။

- အခမဲ့ အပလီကေးရှင်း ဆိုတိုင်း စွတ်မသုံးပါနှင့်။ အခမဲ့ အပလီကေးရှင်းများ၊ ဂိမ်းများသည် ကြော်ငြာများဖြင့် ရပ်တည်ကြခြင်း ဖြစ်သည်။ ကြော်ငြာများ ဖုန်းဖန်သားပြင်မှာ ပေါ်လာတာမျိုး ၊ ဖုန်းအောက်ခြေမှာ ကြော်ငြာ အကွက်လေး ပေါ်နေတာမျိုးကို စာဖတ်သူတို့ ကြုံဖူးကြလိမ့်မည်။ အခမဲ့ဂိမ်းများတွင် အများဆုံး ပါဝင်သည်။

ထိုကြော်ငြာများပေါ်ဖို့ အတွက် မိမိဖုန်း အင်တာနက် ဒေတာသုံးခြင်း ဒေါင်းလုဒ် လုပ်ထားခြင်း ဖြစ်ရာ သုံးတာ ကြာလာသည် နှင့်အမျှ အပလီကေးရှင်းကို အခပေး ဆော့ခြင်းထက်ပင် ကြော်ငြာကြောင့် ဒေါင်းလုဒ်ခက ပိုများလာမည် ဖြစ်သည်။ သို့ဖြစ်သောကြောင့် ကြော်ငြာ မထိုးသော ဖုန်းဂိမ်းများကိုသာ တတ်နိုင်သမျှ ငွေပေး ၀ယ်ယူကာ ဆော့သင့်သည်။ 

အခမဲ့ ဖြစ်သော်လည်း ကြော်ငြာထိုးသော ဂိမ်းများကား ကြာလာသည်နှင့် အမျှ ကြော်ငြာကြောင့် အင်တာနက် ဒေတာတွေ ဒလဟော ကုန်ကျနေလိမ့်မည်။

- စာဖတ်သူဟာ ဖုန်းနဲ့ အလုပ်လုပ်ရတာ များသဖြင့် အင်တာနက် ဒေတာ အမြောက်အမြား အသုံးပြုနေရသူဆိုပါ ဒေတာချုံ့ပေးသည့် ၀န်ဆောင်မှုများ စမ်းသုံးကြည့်သင့်သည်။ Onavo (www.onavo.com) သည် ဖုန်းထဲကို ဒေတာများ ဆွဲမယူခင် ဒေတာများကို ဆိုက်ဒ် သေးငယ်သွားအောင် ချုံ့ပေးသည်။

ထိုသို့ ဆိုက်ဒ် ချုံ့ပေးလိုက်သဖြင့် လစဉ် ဒေတာခသည် သိသိသာသာ နည်းပါးသွားမည် ဖြစ်သည်။ သို့သော်တစ်ခု ချိန်ဆရန် ရှိသည်မှာ Onavo သည် လစဉ်ကြေး ပေးသွင်းမှသာ အသုံးပြုခွင့်ရမည် ဖြစ်ရာ ပေးသွင်းရသည့် လစဉ်ကြေးနှင့် အင်တာနက် ဒေတာခ လစဉ် ကုန်ကျစရိတ်သည် Onavo မသုံးဘဲ မူလအတိုင်း သုံးခြင်းနှင့် ဘယ်ဟာ အကုန်အကျ သက်သာသနည်း ချိန်ဆဖို့တော့လိုမည်။ Onavo သုံးခြင်းဖြင့် အကုန်အကျ သက်သာသည်ဟု အဖြေ ထွက်ပါက လစဉ်ကြေး ပေးသွင်း၍ အသုံးပြုသင့်သည်။

- စမတ်ကျကျ ခရီးသွားပါ။ မိမိဖုန်းကိုပဲ ပြည်ပနိုင်ငံများသို့ ယူသွားပြီး ထိုဖုန်းနံပါတ်နှင့် ဆက်သုံးခြင်းသည် အများအားဖြင့် အကုန်အကျ ပိုများရတတ်သည်။ ခရီးမသွားခင် ထိုကိစ္စ သေချာအောင် စုံစမ်းပါ။ မိမိနိုင်ငံက ဆက်သွယ်ရေး လုပ်ငန်းက ကောက်ခံသော ပြည်ပ သယ်ဆောင် အသုံးပြု ဖုန်းခေါ်ဆိုခများကို မေးမြန်းပါ။

မိမိဖုန်းသည် ဆက်သွယ်ရေး ကုမ္ပဏီထံမှ စာချုပ်ဖြင့် ၀ယ်ထားသော ဖုန်းမျိုး မဟုတ်ပါက ပြည်ပနိုင်ငံသို့ ရောက်ရှိလျှင် ထိုနိုင်ငံက ဆင်းမ်ကတ်ကို ထည့်သုံးခြင်းက ပိုတွက်ခြေ ကိုက်နိုင်သည်။ ထိုသို့ မဟုတ်ပါကလည်း ကြိုတင်ငွေ ပေးသွင်းထားနိုင်သော ဈေးသက်သာသည့် ဖုန်းမျိုး ယာယီ ၀ယ်သုံးလိုက်ပါ။ အင်တာနက် သုံးဖို့အတွက်ကား ဟိုတယ် စားသောက်ဆိုင်များတွင် အခမဲ့ရသော ၀ိုင်ဖိုင် အင်တာနက်ကို အသုံးပြုပါ။

Ref: Searchmyanmar



No comments:

Post a Comment