Monday, November 23, 2015

♪ “iPad Pro မှာ တင်ထားသင့်သော မရှိမဖြစ် Apps များ” ♫

Apple ရဲ့ iPad Pro အား ယခုနိုဝင်ဘာလ(၁၁)ရက်နေ့ကစတင်ပြီး ဈေးကွက် ထဲမှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။ ၁၂ .၉ လက်မအရွယ် အစားရှိသော iPad Pro ဟာ အရောင်အသွေး အစုံလင်ဆုံးသော မျက်နှာပြင်ပုံဖော်မှုကို ပေးစွမ်းနိုင်ပြီး ပေါ့ပေါ့ ပါးပါး သယ်ဆောင်သွားနိုင်တဲ့ စွမ်းဆောင်ရည်မြင့် Workstation တစ်လုံးသဖွယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Apple ရဲ့ Vice President ရဲ့အဆိုအရ “ကျွန်တော်တို့လုပ်ဆောင်ခဲ့သမျှ iPad တွေထဲမှာ တော့ အဆင့်မြင့်ဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး ဖြစ်ပါတယ်”လို့ ဆိုထားပါ တယ်။iPad Pro နဲ့ တွဲဖက်သုံးစွဲနိုင်ဖို့ Force-Touch စနစ်ကို ထောက်ပံ့ ပေးနိုင်သော Apple Pencil ဟာ များစွာသော Developer တွေ အတွက် တစ်မူထူးခြားသော စိတ်ကူးစိတ်သန်းများစွာနဲ့ Applications တွေကို ရေးဆွဲနိုင်စေဖို့ တံခါးပေါက် တစ်ခုကို ဖွင့်လှစ်ပေးလိုက်တာလည်း ဖြစ်ပါ တယ်။

အလားတူစွာပဲ Smart Connector ကနေ ချိတ်ဆက်သုံးစွဲနိုင်မယ့် Smart keyboard ဟာ Data များကို လွယ်လင့်တကူထည့်သွင်းနိုင်စေမယ့် နည်းလမ်းသစ်တစ်ခုဖြစ်ပြီး ယခင် iPad များမှာ လုပ်ဆောင်နိုင်ခြင်း မရှိတာ တွေကို ယူဆောင်လာခဲ့ပါတယ်။ iPad Pro ဟာ ပုံမှန် iPad တစ်လုံးထက်ပိုမို သော လုပ်ဆောင်ချက်များစွာ ကို လုပ်ဆောင်နိုင်မှာဖြစ်သော်လည်း အဆိုပါ လုပ်ဆောင်ချက်များအတွက် များစွာသော Applications တွေကိုထည့်သွင်း အသုံးပြုရမှာလည်းဖြစ်ပါတယ်။ များစွာသော Applications တွေရှိတဲ့အနက် iPad Pro မှာရှိထားသင့်သော ထိပ်တန်း Apps (၅)ခုကို ယခုဆောင်းပါးမှာ ဖော်ပြပေးမှာဖြစ်ပါတယ်။ မိမိတို့အနေဖြင့် iPad Pro တစ်လုံးဝယ်ယူတဲ့ အခါမှာ ဒီ Apps လေးတွေကို သိရှိ ထားခြင်းအားဖြင့် ပိုမိုထိရောက်စွာ အသုံးပြုနိုင်စေမှာလည်းဖြစ်ပါတယ်။

<Microsoft Office>
ကျွန်တော်တို့က iPad Pro ကို လက်ပ်တော့တစ်လုံးလိုအသုံးပြုမယ်ဆိုတော့ မရှိမဖြစ်ရှိထားရမှာက Microsoft Office ပဲဖြစ်တာကတော့ အသေအချာ ပါပဲ။ သွားလေရာပေါ့ပေါ့ပါးပါးသယ်ဆောင်သွားပြီး စာတွေရိုက်ကြမယ်၊ စာရင်းဇယားတွေလုပ်ကြမယ်၊ Power Point Slide တွေပြသကြမယ်၊ OneNote မှာ မှတ်စုတွေရေးသားကြမယ်စသဖြင့်ပေါ့။ ဒါပေမယ့်လည်း Office ကိုအသုံးပြုဖို့က တစ်လလျှင် USD 6.99 တော့ကျသင့်မှာဖြစ်ပေမယ့် ၀ယ်ယူအသုံးပြုသင့်ပါတယ်။ တစ်ခုရှိတာက Office ကိုဝယ်ယူသုံးစွဲမယ်ဆို လျှင် One Drive မှာ 1TB သိမ်းဆည်းထားနိုင်မှာဖြစ်တဲ့အတွက် 1TB အပို သိုလှောင်မှုကို ရရှိနိုင်တာက အားသာချက် တစ်ခုပါပဲ။ ထို့ပြင် Skype အတွက် မိုဘိုင်းဖုန်းများနှင့် ကြိုးဖုန်းများကို ဖုန်းခေါ်ဆိုနိုင်ဖို့အတွက် (၆၀)မိနစ်စာကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ Split View အနေနဲ့ အသုံးပြုနိုင် သောကြောင့် Office Apps နှစ်ခုကို မျက်နှာပြင်ရဲ့တစ်ဖက်တစ်ချက်မှာ ဖွင့်ထားပြီး အသုံးပြုနိုင်တာက များစွာအသုံးတည့်နိုင်စေမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Excel ကိုဖွင့်ပြီး သင့်ရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အချက် အလက်တွေကိုကြည့်ရှုကာ တစ်ဖက်က Power Point ကိုဖွင့်ထားပြီး သက်ဆိုင်ရာ Chart တွေရဲ့ အချက်အလက်များ ကို ဖြည့်သွင်းဖန်တီး နိုင်စေမှာဖြစ်ပါတယ်။ အလားတူစွာပဲ E-mail Attachment ကိုကြည့်ရှုကာ လိုအပ်တဲ့ပြင်ဆင်မှုများကို သက်ဆိုင်ရာ Word Document မှာတစ်ပြိုင်နက် ပြင်ဆင်နိုင်မှာလည်းဖြစ်ပါတယ်။ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲမှုများက Attachment မှာတစ်ခါတည်း ပြောင်းလဲသွားမှာဖြစ်ပါတယ်။

<Adobe Photoshop>
ကျွန်တော့်တို့အနေနဲ့ Photoshop လိုမျိုးဆော့ဖ်ဝဲတွေအသုံးပြုဖို့က ချောချောမွေ့မွေ့လုပ်ဆောင်နိုင်ဖို့ အတွက် ပုံမှန်အတိုင်း ဆိုလျှင် အလတ်တန်းစားပီစီတစ်လုံးလိုအပ်မှာဖြစ်ပါတယ်။ သို့သော် iPad Pro အနေဖြင့် ပီစီတစ်လုံးကဲ့သို့ စွမ်းဆောင်ပေး နိုင်စွမ်းရှိတဲ့အတွက် Adobe Photoshop ကို ကောင်းမွန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ iOS 9 မှာပါဝင် လာသော Split-Screen လုပ်ဆောင်ချက်ကြောင့် ဓာတ်ပုံတည်းဖြတ်ပြင်ဆင် မှုများအတွက် ပိုမိုလုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။

ထို့ပြင် Apple Pencil နဲ့ တွဲဖက်အသုံးပြုလုပ်ဆောင်နိုင်သော အခြေခံလုပ်ဆောင်ချက်တွေ ကိုလည်း ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Adobe ရဲ့ VP of Products ဖြစ်သူ Scott Belsky ကလည်း iPad အနေနဲ့ ဒီဇိုင်းဖန်တီးတီထွင်မှု လုပ်ငန်းစဉ်များကို ပြုပြင်ပြောင်းလဲမှုများစွာနဲ့ သယ်ဆောင် လာခဲ့ပြီလို့ ပြောဆိုခဲ့သလို အဆိုပါ Adobe ရဲ့ Apps များဖြင့် အသုံးပြုပြီးစမ်းသပ်ခဲ့တဲ့ ဒီဇိုင်နာများကလည်း သူ့ရဲ့ အဆိုကိုထောက်ခံပြောဆိုခဲ့ပါတယ်။ iPad Pro အား ထုတ်ပြန် ကြေညာပြီး နောက်ပိုင်းမှာပဲ Adobe ဟာ ထိပ်တန်း ဒီဇိုင်နာများနဲ့ သရုပ်ဖော်ရေးဆွဲသူများကို ဖိတ်ကြားကာ ဒီတက်ဘလက် အသစ်မှာ သူတို့ရဲ့ Apps တွေကိုစမ်းသပ်စေခဲ့တာလည်းဖြစ်ပြီး Demo ပြသမှုများ စွာအရ Illustrator Draw, Photoshop Mix, Photoshop Sketch, Photoshop Fix နဲ့ အခြားသော Creative Cloud Apps တွေများစွာက iPad Pro ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ပိုမိုတောက်ပလာစေအောင် ဖော်ညွှန်း ခဲ့ပါတယ်။ ဒါက iPad Pro အနေနဲ့ ဘယ်လောက်ထိတိုင် အသွင်ကူးပြောင်း နိုင်ခဲ့သလဲဆိုတာကို ပြသခဲ့တာလည်းဖြစ်ပါတယ်။ Adobe အနေနဲ့ iPad Pro အတွက်သုံးစွဲဖို့အဆင်သင့်ဖြစ်နေသော Apps များစွာရှိနေနှင့်ပြီးဖြစ်ပါတယ်။ အဲဒါတွေကတော့ Photoshop Fix, AutoCAD 360, Illustrator, Photoshop Sketch, Illustrator Draw, Adobe Brush စသဖြင့် များစွာရှိနေပြီဖြစ်ပါတယ်။

<Evernote>
နာမည်ကျော် Application တစ်ခုဖြစ်တဲ့ Evernote ဟာလည်း iPad Pro အတွက်မရှိမဖြစ် Apps တစ်ခုဖြစ်ပါတယ်။ အဆိုပါ Evernote မှာ မှတ်သားထားသည်များက အခြားသော Devices များစွာဖြင့်လည်း အလို အလျောက် Organize လုပ်ပြီး Sync လုပ်နိုင်စေမှာဖြစ်ပါတယ်။ မိမိတို့ တစ်နေ့တာလုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေ၊ မှတ်သားထားရမယ့် အရာ တွေ၊ Plan တွေ များစွာအတွက် အသုံးပြုဖို့ ဒီ Apps က ထိပ်တန်းမှာ ပါဝင် နေပါတယ်။ iPad Pro ရဲ့ Multi-tasking လုပ်ဆောင်ချက်များကြောင့် သုံးစွဲသူတွေအနေနဲ့ လုပ်ငန်းစဉ်များစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။ Apple Pencil ကိုအသုံးပြုပြီး iPad Pro မှာရှိတဲ့ Evernote မှာ မိမိတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို Sketch များကို ရိုးရှင်းလွယ်ကူစွာ ဆွဲနိုင်ကြမှာဖြစ်ပါတယ်။

<Goodreader>
iPad Pro အနေဖြင့် Enterprice Market နဲ့ Professionals များကို ဦးစားပေး Target ထားတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ များစွာသော PDF Documents တွေနဲ့ အလုပ်လုပ်ကြရမှာမလွဲမသွေပါပဲ။ PDF တွေအတွက် အသုံးပြုသင့်တဲ့ Apps တစ်ခုက တော့ Goodreader ပဲဖြစ်ပါတယ်။ ဒီ Apps မှာ PDF များကိုဖတ်တာ၊ တည်းဖြတ်တာတွေအတွက် ကွဲပြားခြားနားသော လုပ်ဆောင်ချက်များစွာကို လွယ်ကူစွာအသုံးပြုနိုင်စေမှာလည်းဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်တုန်းက USA မှာ iPad အတွက် နံပါတ်(၁)အရောင်းရဆုံးဖြစ်တဲ့ non-Apple App တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ Goodreader ဟာ ကြီးမား သော PDF ဖိုင်တွေ၊ TXT ဖိုင်တွေ၊ အရွယ်အစားကြီးမားသော စာအုပ်တွေ၊ မဂ္ဂဇင်းတွေနဲ့ 100MB ခန့်ရှိတဲ့ ဖိုင်ကြီးတွေကို မြန်ဆန်သောနှုန်းနဲ့ ဖွင့်နိုင် မှာဖြစ်ပါတယ်။ PDF စာအုပ်များအတွင်းမှာ Text Boxes များအတွက် စာရိုက်နိုင်တာ၊ Sticky Notes နဲ့မှတ်သားထားတာ၊ လိုင်းတွေ၊ ညွှန်ပြတဲ့မြား တွေ၊ အလွတ်ရေးဆွဲတာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ထို့ပြင် Dropbox, OneDrive, SugarSync နှင့် အခြားသော Remote Server တွေဖြစ်တဲ့ WebDAV, AFP, SMB, FTP သို့မဟုတ် SFTP ဆာဗာ များနဲ့ Sync လုပ်နိုင်မှာဖြစ်သလို Folders တစ်ခုလုံးပဲ ဖြစ်ဖြစ်၊ သီးခြားဖိုင် တွေကိုပဲဖြစ်ဖြစ် Sync လုပ်နိုင် မှာဖြစ်ပါတယ်။ GoodReader အနေဖြင့် PDF နဲ့ TXT ဖိုင်များကိုသာမက လူသုံးများသော နာမည်ကျော်ဖိုင် အမျိုးအစားများ ဖြစ်တဲ့ MS Office.doc, .ppt, .xls, iWork, HTML and Safari Webarchives, High Resolution Images, ZIP and RAR archives စတာတွေကို ဖွင့်နိုင်ရုံမျှမက အသံနဲ့ဗီဒီယိုဖိုင်တွေကိုတောင် ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ Text-to-speech လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးထား သည့်အတွက် PDF နှင့် TXT ဖိုင်များမှာရှိတဲ့စာသားများကို အသံထွက်ဖြင့် နားထောင်နိုင်မှာ လည်းဖြစ်ပါတယ်။ အဆိုပါ Apps ကတော့ USD 4.99 ကျသင့်မှာဖြစ်ပြီး ဖိုင်အရွယ်အစားကတော့ 39.1 MB ရှိမှာဖြစ်ပါတယ်။

<Breakneck>
Breakneck ကတော့ ၁၂.၉ လက်မမျက်နှာပြင်အကျယ်အတွက် အသင့်လျော်ဆုံးသော ဂိမ်းတစ်ခုဖြစ် ပါတယ်။ ဒီဂိမ်းမှာတော့ ကောင်းကင်ပျံ ယာဉ်တစ်စီးက အလွန်လျင်မြန်သောနှုန်းနဲ့ပျံသန်းနေမှုများ ပါဝင်ပြီး ရှေ့မှာရှိနေတဲ့ အဆောက်အဦများစတဲ့ အတားအဆီးများစွာကို ရှောင်လွဲ သွားကာ ဝေးနိုင် သလောက်ခပ်ဝေးဝေးသွားရမှာပဲဖြစ်ပါတယ်။ Story Line အခြေပြုဂိမ်းတစ်ခု မဟုတ်သော်လည်း ရုပ်ထွက်ပိုင်းဆိုင်ရာများအနေနဲ့ အလွန်ကောင်းမွန်တာကိုတွေ့ရပါတယ်။ အလွန်လျင်မြန်သောအရှိန်နဲ့ ပျံသန်းနေသောကြောင့် အတားအဆီးများစွာနဲ့ တိုးတိုက်မိမှုများမဖြစ်အောင် ရှောင်တိမ်းဖို့ကစားရ မှာဖြစ်ကာ ပိုမိုဝေးဝေးသွား နိုင်လေ ဆုများစွာရရှိလေ ဖြစ်မှာပါ။ ဒီဂိမ်းဟာ iOS အတွက် သီးသန့် လုပ်ဆောင်ထားတာဖြစ်ပြီး iPad Pro အတွက်တော့ အဆင့်မြင့် 3D ရုပ်ကြွများနဲ့ မြင်တွေ့ရနိုင်ကာ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။

iPad Pro ကိုတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ Apple ရဲ့ လက်လီအရောင်းဆိုင်များစွာနဲ့ အွန်လိုင်း စတိုးတွေမှာ နိုဝင်ဘာလ (၁၁)ရက်နေ့က စတင်ပြီးရရှိနိုင်ပြီဖြစ်ပြီး entry level ဗားရှင်းကတော့ စတင်ဈေးနှုန်း USD 799 နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အကယ်၍ iPad Pro ကို ၀ယ်ယူပြီးပါက အထက်ပါ Apps များကိုထည့်သွင်း အသုံးပြုဖို့ ဆန္ဒပြုလိုက်ပါတယ်။ iPad Pro ရဲ့ စွမ်းဆောင်ရည်များကို ခံစား အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

ငြိမ်းချမ်း (BE-IT)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment