Wednesday, September 2, 2015

Telenor က တနင်္သာရီတိုင်းဒေသကြီးတွင် စတင်ဝန်ဆောင်မှုပေး


Telenor ကတနင်္သာရီတိုင်းဒေသကြီးတွင် စတင်ဝန်ဆောင်မှုပေးလိုက်ကြောင်း Telenor Myanmar မှ သိရသည်။

ထိုသို့တိုးချဲ့ခြင်းဖြင့် လက်ရှိတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုတွင် Telenor ဝန်ဆောင်မှုများ ရရှိလာ ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တွင် စတင် ဝန်ဆောင်မှု ပေးလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

“ရန်ကုန်မှာဆိုရင် တာဝါတိုင် ၈၁၁ တိုင်ရှိနေပြီး မန္တလေးမှာ ၅၂၁ တိုင်ကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောသည်။

လက်ရှိတွင် Telenor အနေဖြင့် တာဝါတိုင် ၂,၇၀၀ ကျော်ဖြင့် မြန်မာနိုင်ငံရှိ လူဦးရေထူထပ်သော နေရာ ၅၀ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံထားပြီးဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ကုန်တွင် တာဝါတိုင် ၃,၅၀၀ မှ ၄,၀၀၀ အတွင်း တည်ဆောက်ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း ပြောကြားသည်။

ထားဝယ်၊ တနင်္သာရီရှိ Telenor ကွန်ရက်ကို ထားဝယ်တွင် တာဝါတိုင် ၁၆ တိုင်၊ တနင်္သာရီတွင် စုစုပေါင်း တိုင် ၆၀ တို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ထားဝယ်တွင် အရောင်းဆိုင် နေရာ ၇၀၀ ကျော်၊ မြိတ်တွင် ဆိုင် ၉၀၀ တို့မှ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် Telenor ဖုန်းများအား မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ကရင်၊ မွန်၊ ကချင်၊ ရှမ်း၊ ကယား၊ တနင်္သာရီနှင့် နေပြည်တော်တို့တွင် အသုံးပြုနိုင်ပြီ ဖြစ်သည်ဟု သိရသည်။

ဖုန်းပြောဆိုခများအနေဖြင့် စူပါပွားအစီအစဉ်နှင့် တယ်လီနောဖုန်းအချင်းချင်း (on-net) အတွက် ဖုန်းခေါ်ဆိုခ ၂၅ ကျပ်မှ ၁၈ ကျပ်၊ အခြားကွန်ရက် (off-net) အတွက် ဖုန်းခေါ်ဆိုခ ၂၃ ကျပ်ဆို သတ်မှတ်ထားသည်။

အသုံးပြုသူစုစုပေါင်း ၁၀ သန်းကျော်ရှိပြီး ရန်ကုန်နှင့်မန္တလေးမြို့များတွင် စွမ်းဆောင် ရည်မြင့်မားသည့် နည်းပညာကို စတင်အသုံးပြုနေသည်ဟု ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး လွှမ်းခြုံသည့် ဆက်သွယ်ရေးကွန်ရက်ကို ဝန်ဆောင်မှုပေးနေသည့် အော်ပရေတာသုံးခုရှိပြီး ယင်းတို့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor နှင့် Ooredoo တို့ ဖြစ်သည်။

Credit  internetjournal
Thiha Htike(THT)

No comments:

Post a Comment