Monday, July 13, 2015

ပြည်တွင်း၌ အွန်လိုင်းစီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများ ယခုနှစ်အတွင်း သိသိသာသာ တိုးတက်လာ


 ပြည်တွင်း၌ မိုဘိုင်းဖုန်းပေါ်မှ ငွေပေးချေနိုင်သည့်စနစ် ကျယ်ပြန့်လာခြင်း မရှိသေးသော်လည်း အင်တာနက် စာမျက်နှာများပေါ်မှ တစ်ဆင့် လုပ်ကိုင်လာသည့်  အသေးစားစီးပွားရေးလုပ်ငန်း အရေအတွက်သည် ၂၀၁၅ ပထမ ခြောက်လအတွင်း ပိုမိုများပြား လာကြောင်း စုံစမ်းသိရသည်။
ယခုလက်ရှိ အချိန်တွင် Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် အခြေပြု လုပ်ကိုင်လာသော အွန်လိုင်းစီးပွားရေးလုပ် ငန်းအရေအတွက်သည် ငါးရာကျော် ရှိလာပြီဖြစ်ကြောင်း Amara Digital Marketing Agency မှ ရရှိသော အချက်အလက် အချို့ အရ သိရသည်။
ထို့အပြင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူအရေ အတွက်သည် နေ့စဉ်တိုးတက် နေခြင်းနှင့်အတူ အင်တာနက်ပေါ်မှ ဈေးဝယ်ရခြင်းကို ကြိုက်နှစ်သက်သူများလည်း ပိုမိုများပြားလာ ခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် Online  Shopping လုပ်ကိုင်နေသူအချို့က ပြောကြားသည်။
“ဒီနှစ်ထဲမှာ အွန်လိုင်းပေါ်က ဈေးဝယ်တဲ့သူပိုများလာတယ်။ အဓိကအချက်က မိုဘိုင်းဖုန်းသုံးတဲ့ သူတွေများလာတာကြောင့်၊ အင်တာနက်အသုံးပြုသူတွေ များလာတာကြောင့်လို့ ထင်တယ်။ ရန်ကုန်ဆိုင်ခန်းဈေးတွေကလည်း ကြောက်စရာကြီးဆိုတော့လေ”ဟု ဖက်ရှင်ကမ္ဘာ Classic Fashion Online Shopping  လုပ်ကိုင်နေသည့် မသီရိမေကျော်က ပြောသည်။ ယခုကဲ့သို့ အွန်လိုင်းစီးပွား ရေးလုပ်ငန်းများ ကျယ်ပြန့်လာရခြင်းအကြောင်းရင်းတွင် ရန်ကုန်မြို့၌ ဆိုင်ခန်း ငှားခ ဈေးနှုန်းများ မြင့်မားခြင်းက အဓိကဖြစ်နေကြောင်း အထက်ပါ Online Shopping လုပ်ကိုင်နေသူများက တညီတညွတ်တည်း ဆိုကြသည်။
အွန်လိုင်း စီးပွားရေး လုပ်ငန်းငယ်များမှာ ယခုနှစ်အတွင်း သိသာစွာ များပြားလာခြင်းဖြစ်ပြီး အချိန် အနည်းငယ်အတွင်းတွင် ပြိုင်ဆိုင်မှုများ လည်း ပြင်းထန် လာကြောင်း သိရသည်။
“ဆိုင်ခန်းခတွေက အရမ်းကြီး နေတော့ လိုက်မမီနိုင်ဘူး။ အခုလို အွန်လိုင်းပေါ်က စီးပွားရေး လုပ်ငန်း လုပ်တာကျတော့ ဆိုင် ခန်းငှားခ မရှိဘူး။ ဒါပေမယ့် ဝယ်သူ စိတ်ကြိုက်ဖြစ်အောင် သေသေ ချာချာလုပ်ပေးမှ အဆင်ပြေမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က ဝန်ဆောင်မှု မကောင်းလို့ မဖြစ်ဘူး။ အွန်လိုင်း ရှော့ပင်း လုပ်ငန်းတွေက ဒီနှစ်ထဲမှာကို အရမ်း အပြိုင်အဆိုင်နဲ့ ဖြစ်လာကြတာ” ဟု Fashion World မှ မသူဇာက ဆိုသည်။
ယခုကဲ့သို့ အင်တာနက် ပေါ်မှ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်လာကြသည့် စီးပွားရေး လုပ်ငန်းများကို လူငယ်များက ပိုမိုလုပ်ကိုင် လာကြခြင်းဖြစ်သည်။ ပြည်တွင်း၌ အွန်လိုင်းစီးပွားရေးစနစ် ထွန်းကားလာနေသော်လည်း ရောင်းသူနှင့် ဝယ်ယူသူ အကြား ငွေပေးချေသည့် စနစ်သည် မိုဘိုင်းဖုန်းပေါ်မှ ဆောင်ရွက်နိုင်မှု မတွင်ကျယ်သေးခြင်း ကြောင့် အခက်အခဲအချို့နှင့် ရင်ဆိုင်နေကြရသည်ဟုလည်း စုံစမ်း သိရသည်။
“မိုဘိုင်းဖုန်းပေါ်က ငွေပေး ချေတဲ့ ဝန်ဆောင်မှု ရှိမယ်ဆိုရင် နှစ်ဖက်လုံး အဆင်ပြေတယ်။ ရောင်းသူဘက် ကလည်း မှန်ကန်မှုရှိဖို့၊ စစ်မှန်မှုရှိဖို့လိုအပ်သလို ဝယ်ယူသူဘက်ကလည်း စိတ်ကြိုက်ပစ္စည်းကို အချိန်တိုအတွင်း လွယ်လွယ်ကူကူ ဝယ်ယူနိုင်မယ်။ ဒီစနစ်မြန်မြန်ထွန်းကားလာဖို့ မျှော်လင့်ပါတယ်” ဟု မသူဇာက ဆက် လက် ပြောသည်။
ပြည်တွင်း၌ အွန်လိုင်းစီးပွားရေးစနစ် ထွန်းကားလာသော်လည်း Mobile Payment စနစ် မကျယ်ပြန့်သေးခြင်း ကြောင့် ရောင်းသူ၊ ဝယ်သူအပြန်အလှန် ငွေပေးချေ သည့် စနစ်ကို ဘဏ်များမှ တဆင့် ကြိုတင် ငွေပေးချေခြင်းဖြင့် လည်းကောင်း၊ သယ်ယူ ပို့ဆောင်ခကို သီးသန့်ပေးဆောင်၍ ဝယ်ယူသည့် ပစ္စည်း ရရှိမှ ပေးချေခြင်းဖြင့် လည်းကောင်း ဆောင်ရွက်နေကြရကြောင်း သိရသည်။
 Ref:
http://internetjournal.media/news/3290

No comments:

Post a Comment