Tuesday, July 28, 2015

Android ဖုန်းများတွင် text message တစ်ခုတည်းဖြင့် တိုက်ခိုက်နိုင်သည့် အားနည်းချက်ရှိဟုဆို



ကမ္ဘာပေါ်တွင် လူသုံးအများဆုံး မိုဘိုင်း operating system ဖြစ်သည့် Android ကို အသုံးပြုထားသော စမတ်ဖုန်းများတွင် ဖုန်းနံပါတ်ကို သိရှိရုံဖြင့် ဖုန်းအတွင်း ချိုးဖောက်ဝင်ရောက်ကာ ထိန်းချုပ်မှုပြုလုပ်ပြီး ဖုန်းအတွင်းရှိ အကြွေးဝယ်ကတ် အချက်အလက်များနှင့် ကိုယ်ရေးအချက်အလက်များ အပါအဝင် အရာအားလုံးကို ခိုးယူနိုင်သည့် အားနည်းချက်တစ်ခုရှိကြောင်း Zimperium ကုမ္ပဏီမှ မိုဘိုင်းလုံခြုံရေးကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ သိရသည်။

၎င်းသည် ဖုန်းအတွင်း ဝင်ရောက်လာသော message တစ်ခုကို လက်ခံရရှိချိန်တွင် အန္တရာယ်ရှိသော code ဖြင့် ထိန်းချုပ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

“ဖုန်းမှာ message တစ်စောင်ကို လက်ခံရရှိတဲ့အသံ မထွက်ခင်မှာပဲ ဒီတိုက်ခိုက်မှုက ဖြစ်နေပါပြီ။ ဒါက အရမ်းကို အန္တရာယ်ရှိတဲ့ အားနည်းချက်ပါ။ နောက်ပြီး သူက ဘယ်သူမှ သတိမထားမိအောင် တိတ်တိတ်ဆိတ်ဆိတ်နေနိုင်ပါတယ်” ဟု Zimperium လုံခြုံရေးသုတေသီနှင့် Android Hacker’s Handbook ကို တွဲဖက်ရေးသားသူ ဂျိုရှာဒရိတ်ခ်က ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ တိုက်ခိုက်မှု လုပ်ဆောင်ပုံကိုလည်း ၎င်းက ရှင်းပြခဲ့ပြီး ဟက်ကာတစ်ဦးက malware ပါဝင်သော ဗီဒီယိုဖိုင်ငယ်တစ်ခုကို ဖန်တီးကာ တစ်စုံတစ်ယောက်၏ ဖုန်းနံပါတ်ထံ ပေးပို့ရုံဖြင့် တိုက်ခိုက်နိုင်ကြောင်း ဒရိတ်ခ်က ဆိုခဲ့သည်။

လက်ရှိတွင် အဆိုပါ အားနည်းချက်ကို အသုံးချကာ တိုက်ခိုက်မှုများ မရှိသေးကြောင်း၊ ၎င်းအားနည်းချက်သည် ကမ္ဘာတစ်ဝန်းရှိ Android ထုတ်ကုန် ၉၅ ရာခိုင်နှုန်းတွင်ရှိနေကြောင်း Zimperium က ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

သုတေသနအဖွဲ့ Strategy Analytics ၏ ဖော်ပြချက်အရ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းသို့ Android ထုတ်ကုန် ၁ ဘီလီယံကျော် တင်ပို့ရောင်းချခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် တင်ပို့ရောင်းချသည့် အရေအတွက် ပိုမိုမြင့်တက်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Zimperium သည် အထက်ပါ အားနည်းချက်ကို ဧပြီလကတည်းက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် Google ထံ ချက်ချင်းဆိုသလို အကြောင်းကြားခဲ့သည်။

Google ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ Android ထုတ်ကုန်များ လုံခြုံမှုရှိစေရန်အတွက် လိုအပ်သည့် patch များကို အလျင်အမြန် ဖြန့်ချိခဲ့ကြောင်း ပြောကြားခဲ့သည်။

“Android သုံးစွဲသူများ လုံခြုံမှုရှိရေးဟာ ကျွန်တော်တို့အတွက် အရမ်းကို အရေးပါပါတယ်။ ဒါကြောင့် ဘယ်ထုတ်ကုန်ပေါ်မှာမဆို သုံးနိုင်မယ့် patch တွေကို ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေဆီကို အလျင်အမြန် ဖြန့်ချိပေးခဲ့ပါတယ်။ အသစ်ထွက်ထားတဲ့ ထုတ်ကုန်တွေ အပါအဝင် Android ထုတ်ကုန်အများစုမှာ အားနည်းချက်တွေကနေ အကျိုးရှိရှိ အသုံးချနိုင်မှုကို ပိုမို ခက်ခဲစေမယ့် နည်းပညာတွေအများကြီး ပါဝင်ပါတယ်။ နောက်ပြီး ထုတ်ကုန်ပေါ်က သုံးစွဲသူရဲ့ အချက်အလက်နဲ့ အခြား application တွေကို ကာကွယ်ပေးနိုင်မယ့် application sandbox တစ်ခုလည်း Android ထုတ်ကုန်တွေမှာ ပါဝင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ အားနည်းချက် အလုပ်လုပ်ပုံကို သြဂုတ်လ ၁ ရက်တွင် လက်စ်ဗီးဂက်စ်မြို့၌ ကျင်းပမည့် Black Hack ဟက်ကာကွန်ဖရင့်စ်တွင် သရုပ်ပြသသွားမည်ဟု Zimperium blog တွင် ဖော်ပြထားသည်။


Droid ချစ်သူ နှင့် အခြား ဘလော့(စ်)မှ နည်းပညာများ ရယူလိုလျှင်
 LIKE လုပ်ပေးခြင်းဖြင့် ရယူနိုင်ပါတယ်။ LIKE လုပ်ချင်က https://www.facebook.com/DroidChitThu မှာ LIKE လုပ်ပေးခြင်းဖြင့် အားပေးနိုင်ပါတယ်။

No comments:

Post a Comment