Thursday, July 23, 2015

Small Cell Tower များ တပ်ဆင်မည်




လူနေထူထပ်ရာ ဒေသများ၌ စိန်ခေါ်မှုတစ်ခုဖြစ်နေသည့် မိုဘိုင်းဖုန်းကွန်ရက် ချဲ့ထွင်မှုပြဿနာကို ဖြေရှင်းနိုင်ရန် Small Cell Tower များ တပ်ဆင်သွားမည်ဟု Telenor က သတင်းထုတ်ပြန်ခဲ့သည်။

လာမည့် ၆ လအတွင်း Small Cell Tower များကို လူနေထူထပ်ရာ ဒေသများ၌ တပ်ဆင်သွားမည်ဖြစ်ပြီး အဆိုပါ Small Cell Tower များက မိုဘိုင်းဖုန်းကွန်ရက် ကျပ်တည်းမှုပြဿနာကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် ကွန်ရက်ကျပ်တည်းမှု ပြဿနာကို ဖြေရှင်းနိုင်ရန် ရွေ့လျားတာဝါတိုင်များ ထားရှိသည့်အပြင် ကြီးမားခိုင်ခန့်သော လမ်းဘေးကြော်ငြာ Billboard များ၌လည်း တာဝါငယ်များကို ပူးတွဲ တည်ဆောက်လာခဲ့ကြသည်။

Telenor သည် အလားတူ Small Cell Tower ငယ်များ တည်ဆောက်နိုင်ရန်အတွက် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီများ ဖြစ်ကြသည့် Huawei ၊ Ericsson တို့နှင့် ပူးပေါင်း၍ အဆောက်အဦနံရံကပ် တာဝါငယ်များ တည်ဆောက်သွားနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ကြီးမားသော တာဝါတိုင်များ တည်ဆောက်ရန်အတွက် မြေနေရာနှင့် လုပ်ငန်းစဉ် အချိန်ကြာမြင့်မှုတို့သည် အော်ပရေတာများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာသည့်အတွက် အထပ်မြင့် အဆောက်အဦများပေါ်၌ Rooftop Tower များ တည်ဆောက်ခြင်းဖြင့် အစားထိုး ဖြေရှင်းခဲ့သော်လည်း အနည်းငယ်သာ အောင်မြင်မှုရရှိခဲ့သည်ဟု သိရသည်။

Rooftop များ တည်ဆောက်ရန် အထပ်မြင့် အဆောက်အဦများအတွင်း နေထိုင်သူများ၏ ထောက်ခံမှု ၊ ပတ်ဝန်းကျင်၏ လက်ခံမှုအပြင် အခြားသော လိုအပ်ချက်များကို လိုက်လံဆောင်ရွက်ရသည့် အတွက် အော်ပရေတာများသည် အခြားသော လွယ်ကူစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ကြံဆောင်နေကြခြင်း ဖြစ်သည်။

Telenor ၏ အဆိုအရ ရန်ကုန်မြို့အတွက် အကောင်မွန်ဆုံး မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရန် တာဝါတိုင်ပေါင်း ၈၀၀ ကျော် လိုအပ်သော်လည်း လက်ရှိအချိန်၌ ၎င်းတို့သည် အဆိုပါအရေအတွက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးကြောင်း၊ နယ်မြေအလိုက် ကွန်ရက်တည်ငြိမ်မှုများ ရှိစေရန် စစ်ဆေးမှုများ ပြုလုပ်၍ ဖြည့်ဆည်မှုများ ဆက်တိုက် လုပ်ဆောင်ပေးနေကြောင်း သိရသည်။

No comments:

Post a Comment