Monday, July 20, 2015

ဖုန်းအားသွင်းတဲ့အခါ အားမြန်မြန်ပြည့်အောင် ဆောင်သင့်၊ ရှောင်သင့်သော အချက်များ


charging 1 အခုဆိုရင် မြန်မာနိုင်ငံမှာ ၉၀ ရာခိုင်နှုန်းသော လူတိုင်းရဲ့ လက်ထဲမှ Smart ဖုန်းကိုယ်စီရှိနေကြမှာပါ။ မိမိရဲ့ ဖုန်းကို ဂရုစိုက်ကြတဲ့ လူတွေရှိသလို အလုပ်များလို့ ဂရုမစိုက်နိုင်တဲ့ လူတွေလည်း ရှိကြပါတယ်။  ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရံဖန်ရံခါမှာတော့ မိမိဖုန်းကို အားသွင်းဖို့ မေ့တာတို့ ၊ ဖုန်းအရမ်းသုံးရင်းနဲ့ အားကုန်သွားတာတို့ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဖုန်းအားသွင်းတာကို မြန်မြန်ပြည့်စေချင်တဲ့ ဆန္ဒတွေအရမ်းထက်သန်နေပါလိမ့်မယ်။ အရာရာတိုင်းဟာ မိမိရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းကျဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အခုဆောင်းပါးမှာတော့ ဖုန်းအားသွင်းခြင်းနဲ့ ပတ်သက်ပြီး မိမိရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်း မကျပေမဲ့ မိမိရဲ့ ဆန္ဒစောနေတဲ့ အချက်လေးကိုတော့ အနည်းငယ် သက်သာစေမဲ့ နည်းလမ်းအချို့ကို ရေးသားဖော်ပြလိုက်ပါတယ်။
charger 2
ဖုန်းအားသွင်းတဲ့အခါ ကွန်ပျူတာမှာပါဝင်တဲ့ USB အပေါက်တွေနဲ့ အားသွင်းခြင်းကို ရှောင်ကြဉ်ပါ
————————————————————————————
ဖုန်းအားသွင်းတဲ့အခါ အချို့ကွန်ပျူတာရှိသည့် သူများမှ ကွန်ပျူတာတွင် ပါဝင်သည့် USB အပေါက်များတွင် ကွန်ပျူတာ သုံးရင်းဖြင့် ဖုန်းအားသွင်းကြလေ့ရှိပါတယ်။ ကွန်ပျူတာနဲ့ အလုပ်လုပ်နေရင်း ဖုန်းအားသွင်းတော့ အလုပ်လည်းပြီးဖုန်းလည်းအားမြန်မြန်အားပြည့်တယ်ဆိုပြီး ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဖုန်းအားသွင်းခြင်းအတွက်ကတော့ အလျင်အမြန်အားပြည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သာမန် USB 1.0 နဲ့ 2.0 တို့ရဲ့ လျပ်စစ်စီးနှုန်းဟာ 0.5 A (A=Ampere) ပဲရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် အခု ခေတ်စားနေတဲ့ USB 3.0 မှာတော့ လျပ်စစ်စီးနှုန်းဟာ 0.9 A (A=Ampere) ထိရှိလာပါတယ်။ ထိုသို့ ကွန်ပျူတာတွင် ပါဝင်သည့် USB အပေါက်များတွင် ဖုန်းအားသွင်းခြင်းထက် ဖုန်းအားသွင်းသည့် Charger နှင့် အားသွင်းခြင်းသည် လျပ်စစ်စီးနှုန်း ပိုမိုမြန်ဆန်ပါတယ်။ Charger ဖြင့် အားသွင်းသည့်အခါ လျပ်စစ်စီးနှုန်းက 1.5 A (A=Ampere) အထိရှိတဲ့အတွက်ကြောင့်  ဖြစ်ပါတယ်။
charger 3
လျပ်စစ်စီးနှုန်း ပိုမိုမြန်သည့် Charger များကို အသုံးပြုပါ
————————————————–
မိမိရဲ့ Charger ထက် လျပ်စစ်စီးနှုန်း ပိုမိုမြန်ဆန်သည့် Charger များကိုအသုံးပြုခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ iPhone 6 မှာ ပါဝင်တဲ့ Charger ဟာ 1A (5W) သာလျပ်စစ်စီးနှုန်းရှိပါတယ်။ ဒါပေမဲ့ iPad မှာပါဝင်တဲ့ Charger ခေါင်းကတော့ 2.1A (12W) လျပ်စစ်စီးနှုန်းရှိပါတယ်။ ထို့အတွက်ကြောင့် iPhone 6 ကိုအားမြန်မြန်ပြည့်ချင်တဲ့အတွက် iPad Charger ခေါင်းနဲ့ အားသွင်းမည်ဆိုပါက သာမန်ထက် လျပ်စစ်စီးနှုန်းမြန်ဆန်ပြီး ဘက်ထရီအားပိုမိုမြန်ဆန်စွာ ပြည့်လာမှာဖြစ်ပါတယ်။
သို့သော်လည်း Charger တိုင်းကို မဆိုလိုပါဘူး။ မိမိပစ္စည်းရဲ့ Brand နဲ့ ကိုက်ညီမှုရှိတဲ့ Charger တွေသာ အဆင်ပြေပါလိမ့်မယ်။ ဥပမာ iPhone Charger နဲ့ iPad Charger လိုပေါ့။
charger 5
ကောင်းမွန်တဲ့ USB ကြိုးတွေကို အသုံးပြုပါ
———————————————-
ကျွန်တော်တို့ဟာ ဖုန်းဝယ်တဲ့အခါပါဝင်တဲ့ Original USB ကြိုးနဲ့အားသွင်းတဲ့အခါ ပုံမှန် ကြာသင့်တဲ့ အချိန်ပမာဏ အတိုင်းကြာကြတယ်။ ဒါပေမဲ့ Original USB ကြိုးပျောက်သွားခြင်းဖြစ်စေ ၊ ပျက်စီးသွား၍ ဖြစ်စေ ဈေးနှုန်းသက်သာတဲ့ USB ကြိုးတွေဝယ်ပြီး အစားထိုးတတ်ကြပါတယ်။ ဒါဆိုရင်တော့ သေချာပါတယ်။ ပုံမှန်ထက် အားသွင်းနှုန်း ပိုကြာသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ USB ကြိုး ၊ မိမိ device နဲ့ ကိုက်ညီမှုရှိတဲ့ USB ကြိုးတို့ကိုသာ အသုံးပြုသင့်ပါတယ်။
charger 4
ဖုန်းအားသွင်းတဲ့အခါ ချထားပါ
———————————-
အခုဆိုရင် COC ကစားတဲ့လူတွေများပြားလာတော့ ဒီအချက်ကို ထည့်သွင်းပေးရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဖုန်းနဲ့ Game ကစားနေရင်း ဖုန်းအားနည်းသွားတဲ့အတွက်ကြောင့် Game ကစားရင်းနဲ့ အားသွင်းတတ်ကြပါတယ်။ ဒါဟာ ဖုန်းအားသွင်းမြန်ဆန်ခြင်းကို အနှောက်အယှက် ဖြစ်စေတဲ့အချက်ပဲဖြစ်ပါတယ်။ အချို့ Blog တွေမှာ ဖော်ပြချက်အရတော့ ဖုန်းအားသွင်းတဲ့အခါ ဖုန်းကို Airplane Mode အဖြစ်သို့ ဖြစ်စေ ၊ ပါဝါပိတ်ထားခြင်းအဖြစ်သို့ ဖြစ်စေ ပြုလုပ်ထားသင့်တယ်လို့ရေးသားဖော်ပြကြပါတယ်။ ဒါဟာ တကယ်လိုက်နာသင့်တဲ့အချက်ဖြစ်ပါတယ်။ ဒီလို မလိုက်နာနိုင်ဘူးဆိုရင်တောင် မိမိဖုန်းအားသွင်းတဲ့အခါ ဖုန်းနဲ့ ဘာအလုပ်မှမလုပ်ပါနဲ့။ ဒါဆိုရင်တော့  သင့်ဖုန်းအားသွင်းခြင်း မြန်ဆန်လာမှာဖြစ်ပါတယ်။
အထက်ဖော်ပြပါအချက်တွေကတော့ ဖုန်းအားသွင်းတဲ့အခါ မြန်ဆန်စေမဲ့ တကယ်အသုံးဝင်တဲ့ နည်းလမ်းတွေကို ရှာဖွေကာ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။
Ref : Geek
Aung Ko Htet (MMAS)

No comments:

Post a Comment