Wednesday, January 25, 2017

၂၀၁၇ မှာ ထွက်လာမဲ့ iPhone တို့ရဲ့ အကြောင်း


Photo Credit : www.mdk.com.mm


လက်ရှိအချိန်အထိ ဘာကောလဟာလ သတင်းမှ ထွက်မလာပဲ ငြိမ်ချက်သားကောင်းနေတဲ့ iPhone ဟာ ၂၀၁၇ နှစ်စမှာပဲ ကောလဟာလ သတင်းတစ်ပုဒ်နဲ့ စတင်ခဲ့ပါတယ်။ iPhone အသုံးပြုသူ အားလုံးက iPhone 7 နဲ့ 7 Plus ထွက်ပြီးတဲ့နောက်ပိုင်းမှာ အားရ ကျေနပ်မှု ရှိတာကြောင့်လား၊ နောက်ထပ် iPhone အသစ်တစ်မျိုးကို မမျှော်လင့်ချင်တော့တဲ့အတွက်လားတော့ မသိဘူး။ ဘာသတင်းမှလည်း မေးတာ မကြားရတော့ပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ Apple ရဲ့ ငြိမ်သက်နေတဲ့ ရေအိုင်လေးကို iPhone ရဲ့ ကောလဟာလသတင်းနဲ့ စတင် ဂယက် ထစေခဲ့ပါတယ်။

ထူးထူးခြားခြားပဲ ဒီနှစ်ဟာ Apple ရဲ့ iPhone ထုတ်လုပ်မှု ၁၀ နှစ်မြောက်နှစ်လည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အသုံးပြုသူတို့အနေနဲ့ အများကြီး မျှော်လင့်ထားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါတွေကိုသိနေတဲ့ ပညာရှင်တွေက Apple ဟာ ၂၀၁၇ မှာထုတ်လုပ်မဲ့ iPhone ကို iPhone X ဆိုပြီး အမည်ပေးလောက်တယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။ တကယ်လည်း ဒီသတင်းဟာ Apple ရဲ့ တာဝန်ရှိသူတစ်ယောက် ဆီကနေ ထွက်ရှိလာတဲ့ ကောလဟာလ သတင်းတစ်ပုဒ်နဲ့ ထပ်တူကျနေပါတယ်။

ဒီနှစ်မှာ ထုတ်လုပ်မဲ့ iPhone အသစ်မှာ မျက်နှာကို အသိမှတ်ပြုနိုင်တဲ့ Sensor နဲ့ Gesture တွေကိုမှတ်သားနိုင်တဲ့ Feature တွေပါဝင်လာမှာဖြစ်ပါတယ်။ ဒီတော့ ပုံမှန် လက်ဗွေရာ စနစ်နဲ့ Lock Screen ကို ဖွင့်ရခြင်းထက် မျက်နှာကို အတွင်းဘက် ကင်မရာနဲ့ Scan ဖတ်ပြီး Lock Screen ဖွင့်ရမဲ့ စနစ်အသစ်ပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ကြိုးမဲ့ စနစ်နဲ့ အားသွင်းခြင်းကိုလည်း အထောက်အပံ့ပေးလာမှာဖြစ်တဲ့အတွက် Feature အသစ်တွေကတော့ အများကြီးပါဝင်လာမှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီနှစ်မှာ ထွက်ရှိလာမဲ့ iPhone ဟာ အမျိုးအစားသုံးမျိုးနဲ့ ထွက်ရှိလာမယ်လို့လည်း လူပြောများနေပါတယ်။ သာမန်ထုတ်နေကျ iPhone 7s နဲ့ 7s Plus အပြင် iPhone X ဆိုပြီး သုံးမျိုးထွက်လာလိမ့်မယ်ထင်ပါတယ်။ ထုံးစံအတိုင်း iPhone 7s ရဲ့ မျက်နှာပြင်အကျယ်က 4.7 လက်မ၊ iPhone 7s ရဲ့ မျက်နှာပြင်အကျယ်က 5.5 လက်မနဲ့ နောက်အသစ်ထွက်လာမဲ့ iPhone X ရဲ့ မျက်နှာပြင်အကျယ်ကတော့ 5.8 လက်မ တို့ပဲဖြစ်ပါတယ်။

Apple ဟာ ပုံမှန်အတိုင်း ထုတ်နေတဲ့ iPhone 7s နဲ့ 7s Plus ကိုတော့ Feature အသစ်အချို့သာ ထည့်သွင်းမှာဖြစ်ပေမဲ့ အသစ်ထုတ်လုပ်မဲ့ iPhone X ကိုတော့ OLED Screen အမျိုးအစားနဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။ iPhone X ဟာ လုံးဝန်းတဲ့ ဒီဇိုင်း ပုံသဏ္ဍန်နဲ့ ထွက်ရှိလာမယ်လို့လည်း ထင်ကြေးပေးခန့်မှန်းခြင်း ခံထားရပါတယ်။ ကျွန်တော်တို့ အသုံးပြုသူတွေကတော့ စက်တင်ဘာလကျမှပဲ Apple လုပ်ပြမဲ့ မျက်လှည့်ကို ကြည့်ရှုခံစားရင်း ရင်ခုန်ကျရုံသာရှိပါတော့တယ်။

အခြားအကြောင်းအရာများဖတ်ရှုရန် >>>https://goo.gl/FcYLEn

Ref: Business Insider

Aung Ko Htet (M.D.K)

#aungkohtet_mdk

No comments:

Post a Comment