Friday, July 8, 2016

♪ microSD ကတ်တွေထက် မြန်နှုန်းသုံးဆမြင့်တဲ့ UFS မမ်မိုရီကတ်တွေကို Samsung စတင်မိတ်ဆက် ♫



Samsung က နောက်ဆုံးထုတ်လုပ်လိုက်တဲ့ 256GB UFS ကတ်ဟာ အကောင်းဆုံး microSD ကတ်တွေထက် မြန်နှုန်းသုံးဆလောက် ပိုမြင့်ပါတယ်။

စမတ်ဖုန်းတွေခေတ်စားလာတဲ့အချိန်မှာ မမ်မိုရီကတ်ဈေးကွက်ကလည်း တော်တော်ကျယ်ပြန့်လာပါတယ်။ လူတော်တော်များများဟာ မမ်မိုရီကတ်ဆိုရင် storage ဘယ်လောက်ဆံ့လည်းဆိုတာပဲ မကြည့်ကြတော့ဘဲ၊ သူ့ရဲ့ မြန်နှုန်းကလည်း ဘယ်လောက်ကောင်းလဲဆိုတာပါ ကြည့်လာကြပါတယ်။ ရုပ်ထွက်မြင့်ဗီဒီယိုတွေကို ဖုန်းတွေ ဒါမှမဟုတ် ဒရုန်းတွေနဲ့ ရိုက်ကူးတဲ့အခါ မမ်မိုရီကတ်ရဲ့ speed ကလည်း အဓိကကျပါတယ်။

ဒီလို မြန်နှုန်းမြင့်မမ်မိုရီကတ်တွေကို လိုအပ်နေတဲ့သုံးစွဲသူတွေအတွက် Samsung ဟာ UFS (Universal Flash Storage) မမ်မိုရီကတ်တွေကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒေတာ သိမ်းဆည်းနိုင်မှုအနေနဲ့လည်း 256 GB အထိ ပါရှိပြီး၊ read speed (ကတ်ထဲကဒေတာကိုဖတ်နှုန်း) က တစ်စက္ကန့်ကို 530MB လောက် မြန်နှုန်းရှိပါတယ်။ SSD တွေရဲ့ မြန်နှုန်းနီးပါး ပါပဲ။ သေချာတွက်ကြည့်မယ်ဆိုရင် ဒီ speed ဟာ တစ်စက္ကန့်ကို 1GB တစ်ဝက်လောက်ရှိပြီး၊ လက်ရှိဈေးကွက်ထဲက အကောင်းဆုံးဆိုတဲ့ microSD ကတ်တွေထက် မြန်နှုန်း ငါးဆနီးပါးလောက် ပိုမြန်နေပါတယ်။ Write speed (ကတ်ထဲကိုဒေတာသိမ်းဆည်းမှုမြန်နှုန်း) အနေနဲ့လည်း တစ်စက္ကန့်ကို 170MB လောက်ရှိပြီး၊ အကောင်းဆုံး microSD ကတ်တွေထက် သုံးဆလောက် ပိုမြန်ပါတယ်။

Samsung ရဲ့ 256GB UFS ကတ်ဟာ လက်ရှိဈေးကွက်ထဲမှာ storage အများဆုံး external မမ်မိုရီကတ် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံးမမ်မိုရီကတ်ထုတ်လုပ်သူဖြစ်တဲ့ Samsung ရဲ့ ပြောကြားချက်အရ၊ ယခု UFS ကတ်တွေဟာ full HD ဗီဒီယို (5GB) တစ်ကားကို ၁၀ စက္ကန့်အတွင်းမှာ read လုပ်နိုင်ပြီး၊ VR ကင်မရာ၊ အက်ရှင်ကင်မရာ ၊ ဒရုန်းနဲ့ DSLR ကင်မရာတွေနဲ့ ဗီဒီယိုရိုက်ကူးဖို့ အကောင်းဆုံး အနေအထားမှာရှိတယ်လို့ ဆိုပါတယ်။

Samsung UFS မမ်မိုရီကတ်တွေကို 256GB ၊ 128GB ၊ 64GB နဲ့ 32 GB မော်ဒယ်အမျိုးမျိုး ရရှိမှာဖြစ်ပြီး၊ မကြာခင်ဈေးကွက်ထဲဝင်ရောက်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
Credit to ==> Digital Times


No comments:

Post a Comment