Tuesday, July 19, 2016

♪ “4G ခေတ် ရောက်တော့မှာလား” ♫


ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း နော်ဝေမိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောက မြန်မာပြည်တွင်4G၀န်ဆောင်မှုကို နေပြည်တော်တွင် စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ယင်းသည်လွန်ခဲ့သည့် နှစ် အနည်းငယ် ခန့်ကအရှေ့တောင်အာရှ ဒေသတွင်ဆက်သွယ်ရေး စနစ် အဆိုးရွားဆုံးနိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံကို နောက်ဆုံးပေါ်4G ဆက်သွယ်ရေးနည်းပညာဖြင့်ထပ်မံထိတွေ့ခွင့်ပေးလိုက်ခြင်းဖြစ်သည်။ တယ်လီနောမတိုင်မီကအူရီဒူးမြန်မာကလည်း4G Plus ဟုအမည်ပေးထား သည့် 4G ဆက်သွယ်ရေးစနစ်နှင့်မိုဘိုင်းဖုန်းအသုံးပြုသူများကိုစတင် မိတ်ဆက် ထားပြီးဖြစ်သည်။တယ်လီနောသည်အသုံးပြုသူများအား4G စနစ် အသုံးပြုနိုင်သည့်USIM ဟု ခေါ်တွင်သည့်ဆင်းကတ်များကိုကြိုတင် လဲလှယ် ခွင့်ပြုထားပြီးယခု4G စနစ်စတင်ချိန်တွင်အဆင်သင့်ဖြစ်နေစေရန်ဖြစ်သည်ဟု ဆိုလေသည်။3G မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ကိုအစောဆုံး မိတ်ဆက်ခဲ့ဖူး သည့်အူရီဒူးကမူပြီးခဲ့သည့်ဇွန်လကတည်းက4G ကိုအစောဆုံးအဖြစ်မိတ်ဆက် ခဲ့သည့်အပြင်စတင်မိတ်ဆက်စဉ်ကတည်းကရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ကြီးများရှိ နေရာတချို့တွင်အသုံးပြုခွင့် ပေးခဲ့သည်။ လက်ရှိ တွင်မန္တလေးတိုင်းရှိမြို့များ၏၁၀၀%၊ နေပြည်တော်ရှိမြို့များ၏၁၀၀% ၊ ရန်ကုန်တိုင်းရှိမြို့များ၏၉၁% တို့အထိ4G ကွန်ရက်လွှမ်းခြုံနိုင်နေပြီဖြစ်သည်။ ယင်းအတွက်ကြောင့်အသုံးပြုခများပိုမိုပေးချေရမည်မဟုတ်ဘဲပိုမိုလျင်မြန် သည့်အင်တာနက်အမြန်နှုန်းဖြင့်အသုံးပြုနိုင်မည်ဟုထိုစဉ်ကတည်းက ကြေညာခဲ့သည်။
ဂျပန်ကုမ္ပဏီKDDI နှင့်ပူးပေါင်းထားသည့်MPT ကလည်း4G ကွန်ရက်ကို စတင်စမ်းသပ်နေပြီဖြစ်ကြောင်းကြေညာခဲ့ပြီးယခုနှစ်မကုန်မီစတင်ဖွယ်ရှိနေသည်။ ပြည်သူများအနေဖြင့် ကမ္ဘာအဆင့် နောက်ဆုံးပေါ်မိုဘိုင်း ဆက်သွယ်ရေး စနစ်တစ်ခုနှင့်စတင်ထိတွေ့ခွင့်ရရှိလာပြီဖြစ်ပြီးအရှိန်ရနေ သည့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာခုန်ပျံကျော်လွှားမှုများထဲမှ နောက်ထပ် စွမ်းဆောင်မှုတစ်ခုဖြစ်လာပြီ ဖြစ်သည်။4G ဆက်သွယ်ရေးစနစ်သည် ဖွံ့ဖြိုးမှုမြင့်မားသည့်နိုင်ငံများမှ ပြည်သူများအတွက်သာမကဖွံ့ဖြိုးဆဲ နိုင်ငံ များမှလူထုအတွက်ပါစိတ်ကူးယဉ်စရာအိမ်မက်မျှော်လင့်ချက်တစ်ခုဖြစ်သည်။အင်တာနက်အမြန်နှုန်း မြင့် မားပြီးအဆင့်မြင့်မားသည့်စမတ်ဖုန်းများဖြင့် တွဲဖက်အသုံးပြုရခြင်းသည်4G ကိုအထင်ကြီးဖွယ်ဆက်သွယ်ရေးနည်းပညာ တစ်ခုအနေဖြင့်ထင်မြင်စေသည်။4G သည်စင်ကာပူ၊ကိုရီးယားနှင့်အမေရိက ကဲ့သို့နိုင်ငံများတွင်လူလတ်တန်းစားများနှင့်လူငယ်များအတွက် ကျေနပ်ဖွယ် နှစ်သိမ့်မှုများကိုယူဆောင်လာ သည့်ဝန်ဆောင်မှု ဖြစ်စေသည်။ထိုင်း၊ အိန္ဒိယ၊ ဘရာဇီးတို့ကဲ့သို့သောဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပြည်သူများအတွက်မူ ငွေကြေး သုံးစွဲနိုင်မှုကို ပြသသည့်ဂုဏ်ပုဒ်တစ်ခုဖြစ်နေပြန်သည်။နိုင်ငံတကာတွင် အသုံးပြုမှုတဖြည်းဖြည်းတွင်ကျယ်လာနေသည့်4G စနစ်ကိုအပြည့်အ၀ လွှမ်းခြုံသုံးစွဲနိုင်သည့်နိုင်ငံလုံးဝမရှိသေးဘဲ၉၇% ကွန်ရက်လွှမ်းခြုံနိုင်သည့် ကိုရီးယားတစ်နိုင်ငံသာအနီးစပ်ဆုံး ဖြစ်လေသည်။ဖွံ့ဖြိုးမှုမြင့်မားသည့် တရုတ်ပြည်ပင်လျှင်တစ်နိုင်ငံလုံး၏၇၆% သာလွှမ်းခြုံနိုင်သေးသည်။ မြန်မာနိုင်ငံကဲ့သို့အခြေခံအဆောက်အအုံများစတင်တည်ဆောက်ခါစနိုင်ငံ အတွက်မူစိန်ခေါ်မှုများပြားလှသည်။
နိုင်ငံတကာစံနှုန်းများအရ4G စနစ်၏အင်တာနက်အမြန်နှုန်းမှာDownload speed 299.6 Mbps နှင့်Upload speed 75.4 Mbps အထိရှိသည်။ အင်တာနက်အမြန်နှုန်းကိုအခြေပြုထားသည့်ယနေ့လူမှုကွန်ရက်နှင့် နည်းပညာလောကများအတွက်အဆင်ပြေဖွယ်လှပေသည်။သို့သော်လည်း လက်ရှိပြည်တွင်းရှိအခြေခံအဆောက်အအုံများဖြင့်ယင်းကဲ့သို့အမြန်နှုန်းများ ရရှိရန်မှာမူ မေးခွန်းထုတ်ဖွယ်ရှိလေသည်။ပထမတစ်ချက်မှာ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်တွင်းအတွက်4G သီးသန့်Spectrum ကိုတရားဝင်ချထားပေးခြင်းမရှိသေးဘဲလက်ရှိတွင်တင်ဒါခေါ်ယူထားဆဲသာ ဖြစ်နေသေးသည်။ယင်းကြောင့် လက်ရှိတွင်4G စနစ်ဝန်ဆောင်မှုများ စတင် ပေးအပ်နေသည့်ဆက်သွယ်ရေးကုမ္ပဏီများမှာ4G အတွက်သီးသန့် ချထားပေး သည့်Spectrum ပေါ်တွင်အသုံးပြုနေကြခြင်းမဟုတ်ဘဲ ဈေးကွက် တောင်းဆို မှုအရ စောလျင်စွာချထားပေးနိုင်ရန်3G Spectrum ပေါ်တွင်ယာယီ အသုံးပြုနေကြခြင်းသာဖြစ်သည်။ယင်းကြောင့်အဆိုပါ အော်ပရေတာများ သည်4G Spectrum တင်ဒါခေါ်ယူရာတွင်ဝင်ရောက်ယှဉ်ပြိုင်နေကြပြီး လိုင်စင်ရရှိခြင်းမရှိပါကမည်သို့မည်ပုံဆက်လက်လုပ်ဆောင်မည်ကိုကွဲပြားစွာသိရှိရခြင်းမရှိသေးပေ။ 
 မြန်မာပြည်တွင်လွန်ခဲ့သည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကာလကအသုံးပြုရန်4G ကွန်ရက်တည်ဆောက်ထားပြီး ယင်းမှာ1800 MHz Spectrum ကိုအသုံးပြု၍တည်ဆောက်ထားခြင်းဖြစ်ကာ လက်ရှိတွင်4G အသုံးပြုရန်ဝန်ကြီးဌာနမှတင်ဒါ ခေါ်ယူထားသည်မှာ800 MHz နှင့်2600 MHz တို့ ဖြစ်သည်။
ဆက်သွယ်ရေး အော်ပရေတာများသည်Spectrum နှင့်ပတ်သက်၍900MHz နှင့်2100 MHz တို့ကိုအသုံးပြုခွင့်ရရှိထားခြင်းဖြစ်သည်။ ဈေးကွက်ပြိုင်ဆိုင် မှုအရဆက်သွယ်ရေးအော်ပရေတာများသည်4G ကွန်ရက်ကိုအလျင်အမြန် တည်ဆောက်နေကြခြင်းဖြစ်ပြီးအစိုးရဆီမှရရှိထားသောSpectrum များ အနက်မှ2100 MHz တွင်4G အသုံးပြုနေ ခြင်းဖြစ်သည်။ထို့အပြင် 3G ကွန်ရက်ပေါ်တွင်4G ကိုမျှဝေသုံးစွဲနေရခြင်းဖြစ်သောကြောင့် 3Gအသုံးပြုသူ များ အနေဖြင့်လိုင်းကျပ်မှုများ၊လိုင်းမတည်ငြိမ်မှုများ၊အင်တာနက်အမြန်နှုန်း နှေးကွေးမှုများ ဖြစ်နိုင်သကဲ့သို့4G ၀န်ဆောင်မှုအသုံးပြုသူများအနေဖြင့် လည်း4G စနစ်ကိုအပြည့်အ၀အသုံးပြုခွင့်ရရှိနိုင်ဦးမည်မဟုတ်ပေ။သို့သော် လည်း ယင်းပြဿနာမှာတင်ဒါအောင်မြင်သူများကို ကြေညာပြီးပါက ပြေလည်သွားဖွယ်ရှိလေသည်။အကြောင်းမှာ လက်ရှိ အော်ပရေတာများ ကိုလည်းတင်ဒါ အောင်မြင်ခြင်းမရှိလျှင်ပင်4G Spectrum ခွဲဝေပေးမည်ဟု သတင်းများထွက်နေသောကြောင့်ဖြစ်သည်။လက်ရှိတွင်ဆက်သွယ်ရေး ကုမ္ပဏီများသည် ပြည်တွင်းတွင်3Gဆက်သွယ်ရေးကွန်ရက်ကိုအခြေခိုင် အောင်တည်ဆောက်နေပြီးမကြာမီ ထပ်မံအဆင့်မြှင့်တင်ရန် ပြင်ဆင် နေကြပြီ ဖြစ်သည့်အပြင်4G Spectrum အသုံးပြုခွင့်ရရှိသူများလည်း ကြေညာတော့ မည်ဖြစ်သောကြောင့်မိုဘိုင်းဖုန်းအသုံးပြုသူများအနေဖြင့်4G စနစ်ကို အပြည့်အ၀အသုံးပြုခွင့်ရရှိလာရန်မဝေးလှတော့ချေ။
ယခုကဲ့သို့အရာအားလုံအဆင်သင့်မဖြစ်သေးသော်လည်း ဈေးကွက်အတွင်း4G ၀န်ဆောင်မှုများစတင်လာခြင်းမှာစားသုံးသူများကိုကြိုတင်ဆွဲဆောင်ရန် ပြင်ဆင်ထားကြခြင်းဖြစ်နိုင်ပြီး4G သည် ရေရှည်တွင်အဓိကကျလာမည့် ဆက်သွယ်ရေးစနစ်ဖြစ်သောကြောင့်ယင်းအတွက်ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်နိုင်လေသည်။ယခုအခါတွင် အင်တာနက်အသုံးပြုခ ဈေးနှုန်းပိုမို သက်သာ လာခြင်း၊အင်တာနက်အခြေပြုမိုဘိုင်းဝန်ဆောင်မှုPackage များ ရောင်းချ လာကြခြင်းနှင့် ပြည်တွင်းတွင်4G စနစ်ကိုစတင်လိုက်နိုင်ခြင်းကြောင့် ပြည်တွင်းဈေးကွက်အတွင်းအင်တာနက်အသုံးပြုမှုပမာဏပိုမိုမြင့်တက် လာဖွယ်ရှိနေသည်။လက်ရှိတွင်အူရီဒူးမှာ အော်ပရေတာအားလုံးတွင် အသုံးပြုသူ၆.၉သန်းသာရှိသေးပြီး၊MPT ကအသုံးပြုသူ၁၉သန်းနှင့် တယ်လီနော က၁၆သန်းအသီးသီးရှိနေကြပြီဖြစ်သည်။၂၀၁၆ပထမ၃လပတ် အတွင်းMobile subscriptions တိုးတက်မှုနှုန်းအမြန်ဆုံးနိုင်ငံစာရင်းတွင် မြန်မာပြည်သည်အိန္ဒိယနှင့်အင်ဒိုနီးရှားတို့၏နောက်တတိယနေရာ တွင် ရပ်တည်နေသည်ဟုEricsson ၏Mobility Report 2016 ကဆိုလေသည်။ လက်ရှိနှုန်းအတိုင်းဆက်သွားပါကလာမည့်၂၀၂၁သို့ရောက်ရှိလျှင်Mobile Penetration မှာလူဦးရေ၏၁၅၀% အထိတိုးတက်လာမည်ဖြစ်ကြောင်းလည်း ၎င်းအစီရင်ခံစာကဆိုလေသည်။ထို့အပြင်Smartphone penetration မှာ လည်းယင်းအချိန်သို့ ရောက်ရှိပါက၈၀% ခန့်အထိအထိရောက်လာမည်ဖြစ် ကြောင်းသိရသည်။လက်ရှိဆက်သွယ်ရေးအော်ပရေတာများသည် ယင်းကာလအတွက်ကြိုတင်ပြင်ဆင်နေကြဟန်တူလေသည်။
ပြည်တွင်းမိုဘိုင်းဖုန်းအသုံးပြုသူများဘက်မှလည်းစမတ်ဖုန်းအသုံးပြုမှု မြင့်တက်လာနေသော်လည်း တန်ဖိုးမြင့်မားလှသည့်4Gစနစ်သုံးစမတ်ဖုန်းများအသုံးပြုမှုနည်းပါးနေသေးသောကြောင့်လက်ရှိတွင်4G စနစ်တွင်ကျယ်လာရန်အတန်ငယ်တော့အရှိန်ယူရဦးဖွယ်ရှိနေသည်။သို့သော် မြန်မာ့ဆက်သွယ်ရေး လောက ၏ထုံးစံအတိုင်းအရာအားလုံးတခြားနိုင်ငံများထက်ပိုမိုလျင်မြန်စွာ ရွေ့လျားနေမည်ကတော့ သေချာလေသည်။

 မောင်မိုးဇွန်
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment