Tuesday, July 19, 2016

♪ ဖုန်းစခရင်ကို Lock ချပစ်နိုင်တဲ့အထိ ဆိုးရွားတဲ့ Pokemon Go app အတုတွေ Play Store မှာ ထွက်ပေါ်နေ ♫


လက်ရှိမိုဘိုင်းဂိမ်းလောကမှာ ဟိုးလေးတကျော်ဖြစ်နေတဲ့ Pokemon Go app ရဲ့ အောင်မြင်မှုကို အခွင့်ကောင်းယူပြီး၊ ဒုက္ခပေးမယ့် app အတုတွေ Google Play Store မှာ ထွက်ပေါ်နေပါတယ်။

Pokemon Go ဆော့ဖို့ Google Play ကနေ ဒေါင်းလုဒ်ဆွဲမယ့်လူတွေအနေနဲ့ ကိုယ်ဆွဲမယ့် app က အတုလား၊ အစစ်လားဆိုတာ သတိထားကြည့်ဖို့လိုပြီး၊ app အတုတွေဟာ install လုပ်ပြီးတာနဲ့ ဖုန်းတစ်ခုလုံးကို ဒုက္ခပေးနိုင်ပါတယ်။

ဗိုင်းရပ်စ်နှိမ်နှင်းရေးဆော့ဖ်ဝဲကုမ္ပဏီဖြစ်တဲ့ Eset က လေ့လာရေးပညာရှင်တွေ တွေ့ရှိထားချက်အရ၊ အနည်းဆုံး app သုံးခုလောက်ဟာ Google ရဲ့ တရားဝင်စတိုးဖြစ်တဲ့ Play Store ထဲကို ထိုးဖောက်ရောက်ရှိနေပြီး၊ အန္တရာယ်တော်တော်များတဲ့ app တွေဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

အဆိုပါ app သုံးခုထဲမှာ အဆိုးဆုံးကတော့ ‘Pokemon Go Ultimate’ ဆိုတဲ့ app ဖြစ်ပြီး၊ အဆိုပါ app ကို ဖုန်းထဲမှာ install လုပ်ပြီးတာနဲ့ တပြိုင်နက် ဖုန်း စခရင်ကို ဘာမှသုံးလို့မရတော့အောင် Lock ချပစ်လိုက်နိုင်ပါတယ်။ ဖြစ်စဉ်တော်တော်များများမှာ၊ အဆိုပါဗိုင်းရပ်စ်အကိုက်ခံလိုက်ရတဲ့ဖုန်းကို restart ချလိုက်ရုံနဲ့ screelock က မပြုတ်သွားဘဲ၊ ဘက်ထရီကိုဖြုတ်တာ ဒါမှမဟုတ် Android Device Manager နဲ့ unlock လုပ်ပေးမှ screen ပွင့်လာတာကို တွေ့ရှိခဲ့ရပါတယ်။

ဖုန်းစခရင်ကို unlock လုပ်ပေးပြီးရင်၊ အဆိုပါ app ဟာ PI Network လို့ နာမည်ပြောင်းသွားပြီး၊ ဖုန်းရဲ့ app စာရင်းထဲကနေ ပျောက်သွားပါတယ်။ ထို့နောက်မှာတော့၊ အဆိုပါ app ဟာ background မှာ တိတ်တဆိတ်ရှိနေပြီး၊ ဖုန်းမှာ ကြော်ငြာတွေ ဆက်တိုက်ပေါ်လာတာတွေရှိလာပါတယ်။

“ Google Play ထဲရောက်နေတဲ့ app အတုတစ်ခုမှာ lockscreen လုပ်ဆောင်ချက်ကို အောင်မြင်စွာအသုံးပြုထားနိုင်တာကို ဒါပထမဆုံးအကြိမ်တွေ့ရှိခြင်းပါပဲ” လို့ Eset ရဲ့ malware လေ့လာရေး ပညာရှင် Lukas Stefanko က သူ့ရဲ့ပို့စ်မှာ ရေးသားထားပါတယ်။

Eset အနေနဲ့ နောက်ထပ် Pokemon Go app အတုနှစ်ခုကိုလည်း Google Play မှာတွေ့ရှိထားပြီး၊ တစ်ခုက “Guide & Cheats for Pokemon Go” လို့ နာမည်ပေးထားကာ၊ နောက်တစ်ခုကတော့ “Install Pokemongo” ဖြစ်ပါတယ်။ အဆိုပါ app နှစ်ခုစလုံးဟာ အွန်လိုင်းကြော်ငြာတွေ တပုံတပင်နဲ့ဖြစ်ပြီး၊ ဖုန်းအသုံးပြုသူတွေကို တန်ဖိုးကြီးပစ္စည်းတွေ ၀ယ်ယူဖို့ဆွဲဆောင်ထားတဲ့ ခြိမ်းခြောက်မှုဆန်ဆန် မက်ဆေ့တွေလည်း ပြတတ်တယ်လို့ ဆိုပါတယ်။ အဆိုပါမက်ဆေ့တွေထဲကတစ်ခုမှာဆို ဖုန်းကို malware ၀င်နေပြီဖြစ်ပြီး၊ ဒီ malware ကို ချက်ချင်းသတ်ပစ်ဖို့ ပိုက်ဆံသုံးခိုင်းတာမျိုး ဖြစ်ပါတယ်။

ယခု app တွေဟာ Play Store မဟုတ်တဲ့ တခြား third-party ပြင်ပအက်ပ်စတိုးတွေမှာလည်း ရှိနေပြီး၊ Pokemon Go ဂိမ်းဒေါင်းလုဒ်ဆွဲမယ့်လူတွေအနေနဲ့ သတိထားသင့်ပါတယ်။ အကောင်းဆုံးကတော့ လုံခြုံစိတ်ချရမှုမရှိတဲ့ third-party စတိုးတွေကို ရှောင်တာအကောင်းဆုံးဖြစ်ပြီး၊ Play Store မှာဆိုရင်လည်း မိမိဆွဲမယ့် app က အတုလား၊အစစ်လားဆိုတာ app ထုတ်လုပ်သူနာမည်၊ ဒေါင်းလုဒ်ဆွဲမှုအရေအတွက်၊ တခြားမသင်္ကာစရာအချက်အလက်တွေကို သေချာကြည့်ပြီးမှဆွဲသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Credit to ==> Digital Times

No comments:

Post a Comment