Ooredoo
Myanmar Limited နှင့် Telenor Myanmar Limited တို့မှ ရငွေများနှင့်
သုံးငွေများကို နှစ်စဉ် အစီရင်ခံ တင်ပြရာတွင် ယခုအချိန်အထိ အရင်းကြေကာလ
မရောက်ရှိသေးဘဲ ကုမ္ပဏီများအနေဖြင့် အရင်းစိုက်ထုတ် လုပ်ကိုင်ဆောင်ရွက်ဆဲ
ကာလသာဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လှိုင်းနှုန်း အခွန်အခ ပေးသွင်းရခြင်း မရှိကြောင်း၊ ကျန် အော်ပရေတာများဖြစ်သည့် Ooredoo Myanmar Limited သည် ၁၅ နှစ်တာ ကာလအတွက် လှိုင်းနှုန်း အခွန်အခ ပေးသွင်းရမည့် ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၀၁ ဘီလီယံကို သုံးရစ် ပေးသွင်းရမည်ဖြစ်ပြီး ၇၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၇၅၇.၅ သန်းနှင့် ညီမျှသော ကျပ် ၇၄၁.၆၅၃ ဘီလီယံကို ရရှိထားပြီး ကျန် ၂၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၅၂.၅ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရရှိမည်ဖြစ်ကြောင်း၊ Telenor Myanmar Limited ကလည်း ပေးသွင်းရမည့် ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀ အနက် ၇၅ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၃၇၅ သန်းနှင့်ညီမျှသည့် ကျပ် ၃၆၇.၁၅၅ ဘီလီယံကို ရရှိထားပြီး ကျန် ၂၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၂၅ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရရှိမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၃ ရက်မြောက်နေ့ကျင်းပရာတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ် သည်။
၂၀၁၄-၂၀၁၅ ခုနှစ်အတွက် လိုင်စင်နှစ်စဉ်ကြေးများအပြင် Telenor Myanmar Limited ထံမှ နှစ်စဉ် သက်ဆိုင်ရာဝင်ငွေ (Relevant Revenue) ၏ ၂ ရာခိုင်နှုန်းဖြစ်သော ၂၅၂.၈ ကျပ်သန်းအား ရရှိထားပြီး Ooredoo Myanmar Limited ထံမှ နှစ်စဉ်သက်ဆိုင်ရာ ဝင်ငွေ (Relevant Revenue) ၏ ၂ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်း ၁၃၇.၄၃၇ အား ရရှိထားပြီး ဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဝင်ငွေ (Relevant Revenue) ၏ ၂ ရာခိုင်နှုန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစပြီး နှစ်စဉ် ပေးသွင်းသွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် အော်ပရေတာ သုံးဦးထံမှ လိုင်စင် ပထမနှစ်အတွက် လိုင်းနှုန်း စီမံခန့်ခွဲမှု အခွန်အခများနှင့် ဆက်သွယ်ရေးနံပါတ် သုံးစွဲမှုများအတွက် အခွန်အခများကိုလည်း သက်ဆိုင်ရာကာလများအလိုက် အချိန်နှင့်တစ်ပြေးညီ ကောက်ခံမှု စီစဉ် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု (Infrastructure) အခြေခံအဆောက်အဦများအတွက် Ooredoo Myanmar Limited သည် ကျပ်သန်း ၆၉.၅၄၃ ဘီလီယံအား ရင်းနှီးမြှုပ်နှံထားပြီး Telenor Myanmar Limited သည် ကျပ်သန်း ၂၀၃.၁၂၅ ဘီလီယံကို ရင်းနှီးမြှုပ်နှံထားရှိပြီး အခြေခံအဆောက်အအုံများ တည်ဆောက်ဆဲ ကာလပင်ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ၂၄-၃-၂၀၁၄ ရက်မှ ၂၃-၃-၂၀၃၀ ရက်အထိ ၁၅ နှစ်၊ Ooredoo Myanmar Limited ကို ၅-၂-၂၀၁၄ ရက်မှ ၄-၂-၂၀၂၉ ရက်အထိ ၁၅ နှစ်၊ Telenor Myanmar Limited ကို ၅-၂-၂၀၁၄ ရက်မှ ၄-၂-၂၀၂၉ ရက်အထိ ၁၅ နှစ် အသီးသီး လုပ်ငန်းဆောင်ရွက်ခွင့်ကို ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေ များအရ လုပ်ကိုင်ခွင့်ပြုထားပြီး ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီပါက ဆက်လက်သက်တမ်းတိုး ဆောင်ရွက်ခွင့် ပြုသွားပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်အနေဖြင့်ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အော်ပရေတာများအတွက် အခွန်ကင်းလွတ်ခွင့်ကို သုံးနှစ်မှ ငါးနှစ်အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
ဝန်ကြီးဌာနက ခွင့်ပြုထားသော ဆက်သွယ်ရေး အော်ပရေတာ အရေအတွက်နှင့် ဝန်ကြီးဌာနသို့ နှစ်အလိုက် ပေးသွင်းငွေပမာဏ၊ ခွင့်ပြုထားသည့် သဘောတူညီချက်များ၊ အခွန်ကင်းလွတ်ခွင့်၊ သက်သာ ခွင့် ပေးသည်တို့နှင့် စပ်လျဉ်းသည့်မေးခွန်းတွင် အထက်ပါအချက်များကို ထည့်သွင်းဖြေကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Credit to ==> Internet Journal
Credit to==>www.pyaephyo.com
No comments:
Post a Comment