Friday, June 28, 2013

နှစ်ထပ်ကားခေါင်မိုးကို လက်ထောက်ကာ လေထဲလိုက်ပါ လာသည့် ပြကွက်ကို မျက်လှည့်ပညာရှင် ဒိုင်နမို ပြသ

 
Burma News
နှစ်ထပ်ကားခေါင်မိုးကို လက်ထောက်ကာ လေထဲလိုက်ပါ
လာသည့် ပြကွက်ကို မျက်လှည့်ပညာရှင် ဒိုင်နမို ပြသ
ဗြိတိန်နာမည်ကြီး မျက်လှည့်ပညာရှင် ဒိုင်နမိုသည် လန်ဒန်မြို့တွင် နှစ်ထပ်ကား ခေါင်မိုးကို လက်ဖြင့်ထောက်ကာ လေထဲ လိုက်ပါသည့် ပြကွက်ဆန်းကို ပြသခဲ့ရာ လမ်းဘေး ၀ဲယာရှိ ပရိသတ်များတင်မက ကမ္ဘာ့လှည့် ခရီးသွားဧည့်သည်များကိုပါ ပါးစပ်အဟောင်းသားဖြစ်စေခဲ့ကြောင်း အင်္ဂလန် မီဒီယာ များက ဇွန် ၂၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ အသက် ၃၀ အရွယ်ရှိ ဒိုင်နမိုသည် Pepsi ကုမ္ပဏီ၏ ပရိုမိုးရှင်း အစီအစဉ်ဖြစ်သည့် Pepsi MAX အစီအစဉ်အရ အနီရောင် နှစ်ထပ်ကား အမိုးကို လက်ဖြင့်ထောက်ကာ မျက်လှည့်စွမ်းရည် ပြသခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နှစ်ထပ်ဘတ်စ်ကား အပေါ်ထပ်တွင် သတင်းထောက်များနှင့် ခရီးသည်များ လိုက်ပါလာခဲ့ပြီး လန်ဒန်မြို့ရှိ Millbank ဒေသ မှ စတင်ထွက်ခွာကာ ပါလီမန် အဆောက်အအုံ၊ ၀က်မင်စတာ တံတားတို့ကို ဖြတ်သန်းခဲ့သည်။ မစ္စတာ ဒိုင်နမိုသည် ခရီးစဉ်တစ်လျှောက် ကားအမိုးကို လက်ဖြင့် ထောက်ကာ မြေပေါ်တွင် မတ်တတ်ရပ်နေသလို ရပ်ပြခြင်း၊ ဒူးကွေးပြခြင်းများ လုပ်ပြခဲ့ပြီး လမ်းဘေးဝဲယာရှိ ပရိသတ်များက တစ်ခဲနက် အော်ဟစ်အားပေးခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ကမ္ဘာကျော် မျက်လှည့်ပညာရှင်အများစုမှာ ပွဲကြည့်ပရိသတ်များ ရှေ့မှောက်၌ ရထားတစ်စီးလုံးကို အ၀တ်ဖြင့်အုပ်ကာ ဖျောက်ပြခြင်း၊ လေထဲတွင် ပျံဝဲ ပြခြင်းများ ပြုလုပ်ခဲ့ဖူးသော်လည်း မစ္စတာဒိုင်နမိုမှာမူ မောင်းနှင်နေသည့် နှစ်ထပ်ဘတ်စ်ကား ဘေးမှ လိုက်ပါကာ လေထဲ၌ မတ်တတ်ရပ်ပြခြင်းမှာ အံ့အားသင့်စရာ ကောင်းလွန်းလှသည်ဟု မီဒီယာများက ရေးသားခဲ့ကြသည်။
အမည်ရင်း စတီဗင်ဖရိန်း အမည်ရ မစ္စတာဒိုင်နမိုသည် ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းကလည်း လန်ဒန်မြို့ရှိ ကမ္ဘာကျော် သိမ်းစ်မြစ်အတွင်း ရေပြင်ပေါ် လမ်းလျှောက်ပြခဲ့ဖူးသည်။ ထို့ပြင် သူသည် ယူရို ၂၀၁၂ ကွာတား ဖိုင်နယ်ပွဲစဉ်များ မကစားမီ ဆီမီးဖိုင်နယ်သို့ စပိန်၊ အီတလီ၊ ဂျာမနီ၊ ပေါ်တူဂီတို့ တက်ရောက်နိုင်မည်၊ ဗိုလ်လုပွဲတွင် စပိန်က အီတလီအသင်းအား နှစ်ဂိုးနှင့် သုံးဂိုးအထက်သွင်းကာ ဗိုလ်စွဲ နိုင်မည်ဟုဆိုကာ Paddy Power လောင်းကစားကုမ္ပဏီ၌ လောင်းကြေး ပေါင်စတာလင် တစ်ပေါင် မျှဖြင့် လောင်းကြေးထပ်ခဲ့သည်။ ၎င်းင်း ခန့်မှန်းခဲ့သည့် လေးသင်းစလုံး ဆီမီးဖိုင်နယ်တက်ခဲ့သလို ဗိုလ်လုပွဲတွင်လည်း စပိန်က အီတလီအသင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ရာ လောင်းကြေး ပေါင်တစ်သောင်း ရရှိခဲ့ပြီး ထိုငွေ အားလုံးကို ကင်ဆာရန်ပုံငွေ သို့ ပြန်လည်လှူဒါန်းခဲ့သည်။
Automobile Journal

No comments:

Post a Comment