Saturday, January 23, 2016

♪ “Android သုံး၍ အားလုံးကျန်းမာ” ♫

Android device များ ၀ယ်သုံးရုံသက်သက်နှင့်ကား ကျန်းမာလာမည်မဟုတ်။ မိမိကိုယ်တိုင် အားထုတ်ကြိုးစားပါမှ ကျန်းမာရေးကောင်းမည်။ သို့သော် ထိုသို့အားထုတ်ကြိုးစားရာ၌ စနစ်ကျအောင် Android က ကူညီနိုင်သည်။ ကျန်းမာရေး အထောက်အကူပြု app အတော်များများ Android စနစ်ထဲတွင် ရနိုင်သည်။ စမတ်လက်ပတ်နာရီ၊ ကျန်းမာရေး လက်ပတ်ကြိုး စသည်တို့တွင် သုံးနိုင်သော သက်ဆိုင်ရာ application အတော်များများ ထွက်နေပါပြီ။

ယင်း application တို့က သုံးစွဲသူအား ကျန်းမာပြီး ခန္ဓာကိုယ် အချိုးအစား ကျနအောင် ကူညီနိုင်သည်။ ယင်း applica-tion တို့က လူတစ်ဦး လျှောက်လှမ်း ခဲ့သော ခြေလှမ်းများကို ရေတွက်ထားနိုင်သည်သာမက အားကစားလုပ်နေစဉ် စွမ်းဆောင်မှု ကိုလည်း မှတ်တမ်းတင်ထားနိုင် ပါသေးသည်။ Strava app ဆိုလျှင် စက်ဘီးစီးသူ၏ လှုပ်ရှားမှုများကို ပြည့်စုံစွာ ခြေရာခံနိုင်ပြီး Android wear နှင့်တွဲ၍ အသုံးပြုနိုင်သည်။

ကျန်းမာရေးအတွက် သမားရိုးကျအတိုင်း အပြေးလေ့ကျင့်ခန်း လုပ်သူများ အတွက် Runkeeper app ရှိသည်။ သူ့ထဲမှာ GPS tracking စနစ်ပါပြီး စမတ်လက်ပတ်နာရီ အတော်များများနှင့် တွဲဖက်အသုံးပြုနိုင်သည်။ Runkeeper Premium Version ကို အသုံးပြုလျှင် Google music ပင် ပါဝင်လာပါဦးမည်။ ထို့ပြင် မိမိ၏စွမ်းဆောင်ရည်ကို သူငယ်ချင်းများ၏ စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်ပြသပေးနိုင်သော အစွမ်းသတ္တိလည်းရှိပါသည်။

ယခုနောက်ပိုင်းထွက်လာသော ကျန်းမာရေး app များသည် လေ့ကျင့်ခန်း ကိစ္စတစ်ခုတည်းအတွက်သာမဟုတ် ကိုယ် အလေးချိန်လျော့ချရန်အတွက် အာဟာရဓာတ် တွက်ချက်ရာတွင်လည်း အထောက်အကူပြုသည်။ အားကစားသမားများ စွမ်း ဆောင်ရည်အကောင်းဆုံးဖြစ်စေရန် အစားအစာ တွက်ချက် စားသောက်ရန်အတွက်လည်း ယင်း app တို့က အသုံးတည့် သည်။ယခုဆိုလျှင် Android app တို့သည် ကယ်လိုရီရေတွက်သော အလုပ်ကိုလုပ်နိုင်သည်သာမက အစားအသောက် စီစဉ်ခြင်း အလုပ်ကိုပင် ကူညီဆောင်ရွက်ပေးနေပါပြီ။ Diet Point Weight Loss app ဆိုလျှင် အသင့်ထည့်သွင်းပေးထားသော meal plan များစွာပါသည်။ ကျန်းမာရေး အထောက်အကူပြု စားစရာများဝယ်ရန် ဈေးဝယ်စာရင်းကိုလည်း ထည့်သွင်း ပေးထားပါသည်။ My Diet Coach Weight Loss app ဆိုလျှင် ကျန်းမာ အောင် စားသောက်ခြင်း၊ ကျန်းမာအောင်ရေသောက်ခြင်းနှင့် အားကစား စီမံချက်များချခြင်း စသည်တို့အတွက်ပင် စီစဉ်ပေးထားပါသေးသည်။

ကျန်းမာရေးလိုက်စားမည်ဆိုလျှင် အစာကိုချည်း အချိုးကျအောင် စားသောက်၍မရ။ ရေကိုလည်း သင့်တင့်သည့် ပမာဏဖြင့် အချိန်မှန် သောက်သုံးရမည်။ အပိုဆောင်း သကြားများစွာပါသော အချိုရည်တို့ကို လွယ်ကူစွာရနိုင်သည့် ယနေ့ ကမ္ဘာကြီးထဲတွင် တစ်နေ့ရေရှစ်ဖန်ခွက် သောက်ရမည့်အရေးမှာ ပျင်းစရာကောင်းလှသည်။ သို့သော် Plant Nanny app ကို သုံးလျှင် သစ်ပင်တစ်ပင်ကို ပန်းအိုးလေးနှင့် ဖုန်းထဲမှာ စိုက်ရမည်။ အပင်အသက်ရှင်အောင် ရေလောင်းရမည်။ ထိုအခါ ရေ၏ အရေးပါပုံကို သတိထားမိမည်ဖြစ်သလို ကိုယ်တိုင် ရေသောက်ရန်လည်း သတိရလာ ပါမည်။ လုံလောက်သောရေပမာဏကို မဖြစ်မနေသောက်သုံးရ မည့်သူများ အဖို့ Aqualert app က ပို၍အသုံးတည့်နိုင်သည်။ ကစားပွဲဆန်ဆန်ကစားရင်း ရေသောက်ဖို့ တိုက်တွန်းသောကြောင့်ဖြစ်သည်။

ကျန်းကျန်းမာမာနေလိုသူတို့အဖို့ အားကစားလေ့ကျင့်ခန်းလုပ်ခြင်း၊ စနစ်တကျ စားသောက်ခြင်း၊ စနစ်နှင့်ရေသောက်ခြင်းတို့ လိုအပ်သည် သာမက လုံလောက်သော ဖြေလျှော့အနားယူမှုလည်း လိုအပ်သည်။ ကျန်းမာရေးအထောက်အကူပြု app အတော်များများသည် လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွနေရေးကိုသာ အာရုံပြုသည်။ စနစ်တကျ ဖြေလျှော့ အနားယူရေးကို မစဉ်းစား တကယ်တမ်းကျန်းမာလိုသည်ဟုဆိုလျှင် လှုပ်လှုပ်ရှားရှား နေသင့်သည့်အချိန်တွင်နေပြီး နားသင့်သည့်အချိန်တွင် သင့်တင့်လျှောက်ပတ်စွာ နားဖို့လိုသည်။သို့သော် device ပေါင်းစုံသုံးပြီး အချိန်ပြည့်ချိတ်ဆက်လှုပ်ရှားနေသော ကမ္ဘာကြီးထဲတွင် သက်သောင့် သက်သာ အနားရရေးမှာ ထင်သလောက်မလွယ်။

စိတ်ရောကိုယ်ပါ ဖြေလျှော့အနားယူစေမည့် ခေတ်သစ် Android app များတွင် ဝေလငါး မြည်သံနှင့် ပုလွေသံချည်းများသာ ထည့်သွင်းပေးမထားပါ။ အချိန်တစ်ခု သတ်မှတ်ပြီး အသက်ကို မှန်မှန်ပြင်း ပြင်းရှူစေသော app များကိုလည်း တွေ့ရပါမည်။ ထိုကိစ္စမျိုးအတွက် Paced Breathing app ကို သုံးနိုင်သည်။ Head space app က ဆယ်မိနစ်အတွင်း တရားထိုင်တတ်အောင် အကူအညီ ပေးမည်။ Buddhify app က လူတစ်ယောက် မည်သည့်အလုပ် လုပ်နေသည် သို့မဟုတ် မည်သို့မည်ပုံခံစားနေရသည်ဆိုသည့်အပေါ် မူတည်ပြီး မိမိနှင့် သင့်လျော်မည့် တရားထိုင်မှု အစီအစဉ် ကို စိတ်ကြိုက်ရွေးချယ်နိုင်ရန် ကူညီပေးပါမည်။အနားယူသည်ဟုဆိုရာတွင် နေ့ဘက်၌ သင့်တင့် လျှောက်ပတ်စွာ ဖြေလျှော့အနားယူခြင်း တစ်မျိုးတည်းကိုသာ ဆိုလိုသည် မဟုတ်။ ညစဉ် ပုံမှန်အိပ်စက်အနားယူခြင်းလည်း ပါဝင်သည်။

အိပ်ရာထဲဝင်ပြီး လူးလှိမ့်ခြင်းကို အိပ်စက်သည်ဟု မဆိုနိုင်။ စိတ်ရောကိုယ်ပါ ပြေလျော့ပြီး အိပ်မက်မမက်၊ ပတ်ဝန်းကျင်ကို လုံးဝသတိမမူမိဘဲ အိပ်ပျော်မှ သာလျှင် အိပ်စက်သည်ဟု ဆိုနိုင် ပါမည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေ မည့် အိပ်စက် ခြင်းကို ရလိုလျှင် ညစဉ်အချိန်မှန် အိပ်ရာဝင်ဖို့လိုသည်။ မိမိသုံးစွဲသော Android စမတ်လက်ပတ်နာရီ သို့မဟုတ် ကျန်းမာရေး လက်ပတ်ကြိုးက လူတစ်ယောက် ညစဉ်ပုံမှန်အိပ်ရာဝင်သည် သို့မဟုတ် Netflix ရုပ်ရှင်ကားများကို ညဥ့်နက်သန်းခေါင်အထိ ကြည့်သည်ကို ခြေရာခံ နိုင်သည်။ အိပ်မပျော်သောကာလများကို ဖြတ်သန်း နေရသည်လား ဆိုသည် ကို ခြေရာခံနိုင်သည်။လူတစ်ယောက် ညစဉ်အိပ်စက်မှုပုံစံအား ခြေရာခံနိုင် မည်ဟုဆိုလျှင် ကောင်းစွာ အိပ်ပျော်ပြီး အနားရမှုအတွက် အထောက်အကူ ပြုပါမည်။

 ထိုကိစ္စအတွက် Android တွင် Sleep tracking app အတော် များများ ရှိပြီးဖြစ်သည်။ Bluelight filter app ကို ဦးစွာ install လုပ်လိုက်ပါ။ ဖုန်းမှထွက်သော အလင်းရောင်ပမာဏကို မျက်စိက သတိမပြုမိသည်အထိ မှိန်သွား အောင် ပြုလုပ်ပေးပါလိမ့်မည်။ ဖုန်းမှထွက်သော အလင်းရောင် သည် ကောင်းစွာအိပ်ပျော်မှုကို နှောင့်ယှက်ကြောင်း သိပ္ပံပညာ ရှင်များက ဆိုထားပါသည်။ ထို့အတူပင် Do Not Disturb app ကလည်း notification များနှင့် ဖုန်းခေါ်ဆိုမှုများကို အချိန်ကာလ တစ်ခုအတွင်း တားဆီးပေးခြင်း ဖြင့် မျက်လုံးဖွင့်ပြီး ဖုန်းကိုမကိုင်ရအောင် အကူအညီပေးပါလိမ့်မည်။

မျက်လုံးမှိတ်၍ အိပ်ပျော်ဖို့က အရေးကြီးသလို ထိုမျက်လုံးလေးများ တစ်သက်တာ ကောင်းမွန်နေဖို့ကလည်း အရေးကြီး ပါသည်။ မျက်စိ အဆုံး နားအရှုံးဟုဆိုသည်မဟုတ်ပါလား။ ဘ၀တစ်သက်တာ မျက်လုံး အသုံးချလို သည်ဟုဆိုလျှင် မျက်လုံးများ ကို ဆင်ဆင်ခြင်ခြင် အသုံးချရပါလိမ့်မည်။

တစ်နေ့တာအတွင်း စမတ်ဖုန်းကိုဖွင့်၍ အချိန်ကြာမြင့်စွာ ကြည့်ရှုခြင်းသည် မျက်လုံး ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုရှိပါသည်။ Eye Test app သည် မျက်လုံးကျန်းမာရေးအခြေအနေကို လျှပ်တစ်ပြက် စစ်ဆေးပေးနိုင်ပါ သည်။ ယင်း app က စစ်ဆေးပေးနိုင်သည့်ကိစ္စများတွင် မျက်လုံးအမြင် ပြတ်သားမှု၊ အရာဝတ္ထုများကို ခွဲခြားကြည့်မြင်နိုင်မှု၊ အရောင်ကန်းမကန်း စသည်တို့ပါဝင်သည်။ ဤ app သည် မျက်လုံးအထူးကုဆရာဝန်ကို အစားထိုးရန်မဟုတ်ပါ။ သို့သော် ဆေးခန်းသို့သွားပြီး မျက်လုံးကို ကျကျနန စစ်ဆေးရန် လိုနေပြီလား သို့တည်းမဟုတ် ဖုန်းကိုအချိန်ကြာကြာမကြည့်ဘဲ မျက်လုံး ကို အနားပေးရမည်လားဆိုသည်ကို လတ်တလောဆုံးဖြတ်နိုင် သဖြင့် အထူးတန်ဖိုးရှိပါသည်။

ကျန်းမာရေး လေ့ကျင့်ခန်းလုပ်သည်၊ အစားကိုဆင်ခြင်၍စားသည်၊ အိပ်ရေး၀၀အိပ်သည်၊ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက် သည်ဟုဆိုလျှင် ကျန်း ကျန်းမာမာနေရဖို့ အတော်သေချာနေပါပြီ။ သို့သော် မိမိထင်သည့်အတိုင်း ကျန်းမာရေးက အမှန်တကယ် ကောင်းနေပါ သလား။ ယင်းကိစ္စကို အသေအချာ စောင့်ကြည့်ပေးရန် Android app များက ကူညီနိုင်သည်။ သို့ဖြင့် ခန္ဓာကိုယ် အလေးချိန်လျော့ရန် ဓာတ်ကြိုက် စာ စားခြင်းသည် မိမိလျှော့ လိုသည့် ကိုယ်အလေးချိန်သို့ ရောက်မရောက်၊ မိမိလေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ကြံ့ခိုင်မှုပိုကောင်းလာမလားကို တိကျစွာသိနိုင်သည်။

ဥပမာဆိုရသော် BMI Calculator သည် မိမိ၏ Body Mass Index ကို တွက်ချက်ပေးနိုင်သည့်အပြင် အသင့်တော်ဆုံး BMI အတွင်းရှိစေရန် မည်သို့လုပ်ဆောင်ရမည်ကို ညွှန်ပြပေးနိုင်သည်။ ထို့အတူ Instant Heart Rate app ကလည်း အလွန် တိကျသေချာစွာ အလုပ်လုပ်ပေးနိုင်သည်။ ထို့ကြောင့် မိမိ၏နှလုံးခုန်နှုန်းကို တိုင်းတာရာတွင် ယင်း app ကို အားကိုးနိုင် သည်။ အခြားသော နှလုံးခုန်နှုန်းတိုင်းတာရေးပစ္စည်းမလိုပါ။ အစာကို ဆင်ခြင်စား၊ ရေကိုသောက်သင့် သလောက်သောက်၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီး ကျန်းမာရေးကို ထိန်းသိမ်း သည့်တိုင် ရံဖန်ရံခါ အဖျားအနာရှိ တတ်ပါသေးသည်။

ထိုကိစ္စအတွက် Kinsa Smart Thermometer app က အလွန်တိကျ သေချာသော ကိုယ်အပူချိန်ကို တိုင်းတာပေးနိုင်သည်။ အပူချိန်မြင့်လျှင် ဆေးခန်းပြတန် ပြရပါမည်။ ကလေးများ၏ ကိုယ်အပူချိန် ကို တိုင်းနေသည့်အခိုက်တွင် ကလေးငြိမ်ငြိမ်နေစေရန် ယင်း app ထဲ၌ ကလေးကြိုက် ဂိမ်းတစ်ခုလည်း ထည့်ပေး ထားပါသည်။ Patient Access app ကိုသုံးလျှင် ဖုန်းမှတစ်ဆင့် အထွေထွေကုဆရာဝန်နှင့် ချိတ်ဆက်ရန် ဆရာဝန်ထံမှ တိုကင် ယူရန်နှင့် ဆရာဝန်၏ ဆေးစာများကို ထိန်းသိမ်းရန် တို့ကို ယင်းကဆောင်ရွက်ပေးပါသည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment