Friday, June 10, 2016

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ Western Union မှတစ်ဆင့် စတင်ငွေလွှဲနိုင်


မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ Western Union မှတစ်ဆင့် စတင်ငွေလွှဲနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယခင်က ပြည်ပနိုင်ငံမှငွေလွှဲများကို လက်ခံခြင်းသာ ဆောင်ရွက်နိုင်သော်လည်း ယခုအခါ ပြည်တွင်းမှ ပြည်ပသို့ ငွေလွှဲဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါဆောင်ရွက်ချက်ကို ဇွန်လ ၇ ရက်နေ့မှ စတင်နိုင်မည်ဖြစ်ကြောင်း၊ ထို Outbound ငွေလွှဲဝန်ဆောင်မှုအား နိုင်ငံနှင့်နယ်မြေပေါင်း ၂၀၀ ကျော်ရှိ Western Union ကိုယ်စားလှယ်ပေါင်း ငါးသိန်းကျော်သို့ လွှဲပြောင်းပေးပို့နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှပေးပို့နိုင်မည့် ဘဏ်များအနေဖြင့် ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်တို့ဖြစ်ကြောင်း သိရသည်။
Western Union ၏ Outbound ငွေလွှဲဝန်ဆောင်မှုမှတစ်ဆင့် သုံးစွဲသူတစ်ဦးအနေဖြင့် ဘဏ်စာရင်း လိုအပ်ခြင်းမရှိဘဲ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၃,၀၀၀ အထိ အများဆုံးလွှဲပို့နိုင်ကြောင်း၊ ထိုကဲ့သို့ ပေးပို့ရာတွင် တရားဝင် ရည်ရွယ်ချက်များဖြစ်သည့် မိသားစုထောက်ပံ့ငွေ၊ ခရီးသွား ကုန်ကျငွေ၊ ပညာရေးစရိတ်၊ ဆေးကုသစရိတ်၊ လက်ဆောင်ပေးအပ်ခြင်း၊ လှူဒါန်းငွေ၊ အမွေဆက်ခံရရှိခြင်း (သို့မဟုတ်) အိမ်ခြံမြေအတွက် ငွေကြေးများကို လွှဲပြောင်းပေးပို့နိုင်ကြောင်း၊ လက်ဆောင်၊ လှူဒါန်းငွေ၊ အမွေဆက်ခံရရှိခြင်း (သို့မဟုတ်) အိမ်ခြံမြေအတွက် ငွေပေးပို့ခြင်းဖြစ်ပါက သုံးစွဲသူများအနေဖြင့် ၃၆၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၀,၀၀၀ သာ အများဆုံးပေးပို့နိုင်ရန် သတ်မှတ်ထားကြောင်း သိရသည်။ ငွေလွှဲပို့မှုတိုင်းအတွက် ငွေလွှဲခအဖြစ် အမေရိကန်ဒေါ်လာ ၂၅ ပုံသေသတ်မှတ်ထားကြောင်း သိရသည်။
“နယ်စပ်ဖြတ်ကျော်ပြီးကုန်သွယ်တာနဲ့ ငွေပေးချေတာအတွက် အခွင့်အလမ်းတွေကို ဖွင့်လှစ်ပေးတာဖြစ်တဲ့အတွက် ကုန်သွယ်မှုကို တိုးမြင့်စေပါတယ်” ဟု Western Union ၏ အရှေ့တောင်အာရှနှင့် အိုးရှင်းနီးယားအတွက် အကြီးတန်းဒုဥက္ကဋ္ဌ Patricia Riingen က ပြောကြားသည်။ Western အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ နေရာပေါင်း ၇၉၀ ကျော်မှတစ်ဆင့် အဆိုပါ ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်အတွက် ကိုယ်စားလှယ် သဘောတူညီချက်ကို ဘဏ်ပေါင်း ကိုးခုနှင့် ရရှိထားကြောင်း သိရသည်။
Internet Journal

No comments:

Post a Comment