Friday, February 13, 2015

ရန်ကုန်မြို့၏ အငှားယာဉ်ငှား ရမ်းမှုအခက်အခဲကို ဖြေရှင်းပေးမည့် Hoho App မှ တာဝန်ရှိသူနှင့် တွေ့ဆုံခြင်း


ရန်ကုန်မြို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် နေ့စဉ်ကြုံတွေ့ နေရသည့် အငှားယာဉ်များကို ငှားရမ်းရခက်ခဲသည့် ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် Myantel Co.,Ltd က Hoho App ဟူသည့် Mobile Application တစ်ခုကို စတင်ဖြန့်ချိ တော့မည်ဖြစ်သည်။  ယခုလ ၆ ရက်တွင် စတင်အသုံးပြုနိုင်မည့် အဆိုပါ Mobile App သည် လတ်တလောတွင် Android OS ထုတ်ကုန်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး မကြာမီတွင် iOS ထုတ်ကုန်များ အတွက်ပါ ထွက်ရှိလာမည် ဖြစ်သည်။
မြို့တွင်းအငှားယာဉ် ငှားရမ်းသူများ နေ့စဉ်ကြုံတွေ့ နေရသည့် ယာဉ်ခနှုန်းထားများနှင့် ငှားရမ်းရ ခက်ခဲသည့် ပြဿနာများကို ပြေလည်စေမည့် Application တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ထုတ်လုပ် ထားသည်ဆိုသည့် Myantel Co.,Ltd ၏ Hoho App အကြောင်းကို အဆိုပါ ကုမ္ပဏီ၏ တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ  ကိုဓနနှင့် ဆက်သွယ်မေးမြန်း ထားသည်များကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။
Hoho App ဆိုတာ ဘယ်လို application တစ်ခုလဲဆိုတာ ရှင်းပြပေးပါဦး။
Hoho App ဆိုတာ ယာဉ်မောင်းနဲ့ ကားစီးနင်းလိုတဲ့ ခရီးသည်တွေကြားမှာ ဝန်ဆောင်မှုပေးမယ့် App တစ်ခုဖြစ်ပါတယ်။
ဒီ Application ကို Hoho ဆိုတဲ့ အမည်ပေးဖြစ် ခဲ့ပုံကိုလည်း သိပါရစေ။
Hoho  ဆိုတဲ့ အခေါ်အဝေါ် ဖြစ်လာပုံကတော့   တက္ကစီငှားဖို့ လိုအပ်တဲ့ လူတစ်ယောက်ဟာ ကားလှမ်းတားတဲ့ အချိန်မှာ "ဟိုးဟိုး ...." လို့ တားတတ်ကြတဲ့ အလေ့အကျင့် ရှိကြတဲ့အတွက် အဲ့ဒါကို အစွဲပြုပြီး Application ကို အမည်ပေးထားခြင်း ဖြစ်ပါတယ်။
Hoho App ကို ရေးဆွဲရတဲ့ အဓိကရည်ရွယ်ချက်ကို သိပါရစေ။
အငှားယာဉ် လိုအပ်တဲ့ ခရီးသည်တွေ တက္ကစီငှားရမ်းတဲ့အခါ လွယ်လွယ်ကူကူနဲ့ မြန်ဆန်ပြီးတော့ စိတ်ချလုံခြုံမှုရှိတဲ့ နည်းလမ်းတစ်ခု ဒီမှာပေါ်ပေါက် လာစေဖို့အတွက်ပါ။ တက္ကစီယာဉ်မောင်းတွေ အနေနဲ့လည်း ခရီးသည်များစွာကို အလွယ်တကူ ရရှိစေရန်သာမကဘဲ ခရီးသည်တွေကို အချိန်ကုန်ခံ လိုက်ပတ်ရှာဖွေ နေရတာတွေက ကင်းဝေစေဖို့နဲ့ ခရီးသည်ရဖို့ ရှာတဲ့အခါ ကြုံတွေ့ရတဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကို လျှော့ချပေးနိုင်အောင်အတွက် ဒီ Application ကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လောင်စာသုံးစွဲမှုကိုလည်း သက်သာစေဖို့ အတွက်ပါ ပါဝင်ပါတယ်။
ဒီ Application ကို ဘယ်သူတွေက ရေးဆွဲထားတာပါလဲ။ ပြည်တွင်းက developer တွေနဲ့လား ဒါမှမဟုတ် ပြည်ပက ပညာရှင်တွေ ပါဝင်သေးလား။
ဒီ Application ကို Myantel Co.,Ltd က ရေးဆွဲတာဖြစ်ပါတယ်။ ဟုတ်ပါတယ်။  မြန်မာနိုင်ငံက developer တွေနဲ့ရေးဆွဲ ထားတာဖြစ်ပါတယ်။ ပြည်ပမှ ပညာရှင်တွေ မပါဝင်ပါဘူး။
Hoho App ကို ဘယ်သူတွေက ဘယ်လိုပုံစံမျိုးနဲ့ အသုံးပြုနိုင်မှာပါလဲ။ အသုံးပြုမယ့် သူတွေအနေနဲ့ရော လွယ်လွယ်ကူကူ အသုံးပြုနိုင်မှာလား။
ဒီ App ကို ထည့်သွင်းထားသည့် ဘယ်သူမဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Hoho App က Application တစ်ခုထည့်သွင်း ထားရုံနဲ့ Passenger/Taxi Driver Mode နှစ်ခုစလုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ ခရီးသည် တစ်ယောက်က Hoho App ကိုဖွင့်ပြီးကား စစီးချင်တဲ့နေရာ (Start Point)၊ သွားရောက်လိုတဲ့နေရာ(Destination Point) ကိုမြေပုံပေါ်မှာ သတ်မှတ်ပြီး စတင်စီးချင်တဲ့နေရာ အနီးအနားမှာရှိတဲ့ ယာဉ်မောင်းတွေကို ဝင်ရောက်ကြည့်ရှု ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ခရီးသည် ခေါ်ယူလိုက်တဲ့ ယာဉ်မောင်းဘက်မှာဆိုရင် သင့်အနီးအနားက ခရီးသည်တစ်ယောက်က သင့်အားခေါ်ဆိုနေကြောင်း၊ သွားရောက်ကြိုရမည့်နေရာ (Start Point) နှင့်သွားလိုသည့်နေရာ (Destination Point) များကို Hoho App ကနေတစ်ဆင့် ဖော်ပြပေးမှာဖြစ်ပါတယ်။ ယာဉ်မောင်းက လိုက်ပါပို့ဆောင် ပေးနိုင်တယ်ဆိုရင် ခရီးသည်ရဲ့ ကမ်းလှမ်း ချိတ်ဆက်မှုကို လက်ခံလိုက်ရုံနဲ့ ခရီးစဉ်တွေကို လွယ်လွယ်ကူကူပဲ စတင်နိုင်မှာ ဖြစ်ပါတယ်။
Hoho App ကိုသုံးတဲ့အတွက် သုံးစွဲသူတွေဘက်က ဘယ်လိုအခက်အခဲတွေကို ဖြေရှင်းနိုင်မှာလဲ။ ဥပမာ တက္ကစီတွေ ရန်ကုန်မြို့မှာ ငှားရခက်တာ၊ တက္ကစီဝန်ဆောင်ခတွေနဲ့ ပတ်သက်ပြီး အမြဲတမ်းယာဉ်မောင်းတွေနဲ့ အချေအတင် ဖြစ်ရတာတွေ စတဲ့ပြဿနာတွေကိုရော ပြေလည်စေနိုင်မှာပါလား။
Hoho App ကိုသုံးတဲ့ ခရီးသည်တစ်ယောက်အနေနဲ့ တက္ကစီတွေကို လွယ်ကူမြန်ဆန်ပြီး စိတ်ချလုံခြုံစွာ ငှားရမ်းနိုင်မှာပါ။ ဥပမာ ကားငှားရခက်တဲ့ နေရာမျိုးတွေ၊ လမ်းကြိုလမ်းကြား၊ ရာသီဥတု ဆိုးရွားတဲ့ အချိန်တွေမှာ အနီးအနားမှာရှိတဲ့  တက္ကစီယာဉ်မောင်းတွေကို Hoho App အသုံးပြုပြီး လှမ်းငှားနိုင်မှာ ဖြစ်ပါတယ်။ ဝန်ဆောင်ခတွေနှင့် ပတ်သက်ပြီး  ယာဉ်မောင်းနဲ့ ခရီးသည်အကြား အပြန်အလှန် ဆက်သွယ်ညှိနှိုင်းနိုင်မယ့် Call Button ထည့်သွင်း ပေးထားပါတယ်။
ယာဉ်မောင်းတွေ ဘက်ကရော ဘယ်လိုအကျိုး ကျေးဇူးတွေ ရနိုင်မှာပါလဲ။
ယာဉ်မောင်းတွေ အနေနဲ့လည်း ဒီ Application ကို အသုံးပြုတဲ့အတွက် နေ့စဉ်ဝင်ငွေ တိုးတက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။
ဒီ App ကို အသုံးပြုတဲ့ သူတွေအနေနဲ့ ဝန်ဆောင်မှုကို အချိန်ဘယ်လောက်အတွင်း ရရှိစေနိုင်မှာပါလဲ။
ဒီ App ကိုစတင် သုံးဆွဲနိုင်နေပါပြီ။ ဒါပေမဲ့ Application က သုံးစွဲသူ အငှားယာဉ်မောင်းများ ပေါ်မူတည်နေပါသည်။  သုံးစွဲသူ အငှားယာဉ်မောင်း များမယ်ဆိုရင် ခရီးသည်တွေအနေနဲ့  နီးစပ်ရာယာဉ်မောင်းတွေကို ပိုမိုလွယ်ကူ မြန်ဆန်စွာ တွေ့ရှိနိုင်မှာပါ။  ဒါကြောင့်မို့ ယာဉ်မောင်းများကို ပိုမိုအသုံးပြုစေ ချင်ပါတယ်။
ဒီဝန်ဆောင်မှုကို လုပ်ဆောင်တဲ့အခါမှာ ကုမ္ပဏီအနေနဲ့ ယာဉ်မောင်းတွေနဲ့ ဘယ်လိုချိတ်ဆက်မှု မျိုးပြုလုပ်ထားရပါလဲ။ ယာဉ်မောင်းတွေကို သီးသန့်ခန့်ထားမှာပါလား သို့မဟုတ် လက်ရှိပြေးဆွဲနေတဲ့ အငှားယာဉ်မောင်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင် မှာပါလား။
ဒီဝန်ဆောင်မှုမှာ သုံးစွဲသူယာဉ်မောင်းနဲ့ ခရီးသည်တွေကြား တိုက်ရိုက်ဆက်သွယ် နိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။  အငှားယာဉ်မောင်း တွေကိုသီးသန့် ခန့်အပ်ထားခြင်း မရှိပါဘူး။ သုံးစွဲသူမှာ အင်တာနက် ချိတ်ဆက်ထားတဲ့ စမတ်ဖုန်းတစ်လုံးနဲ့ GPS ရှိရုံနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘယ်သူဘယ်ဝါသုံးရမယ်လို့ ကန့်သတ်ထားခြင်း မျိုးလဲမရှိပါဘူး။ လက်ရှိ ရှိပြီးသား Taxi ယာဉ်မောင်းတွေ အနေနဲ့လည်း Hoho App ကတစ်ဆင့် Member ဝင်ထားရုံနဲ့ စတင်အသုံးပြုနိုင်မှာပါ။ ဘယ်အငှားယာဉ်မောင်းမဆို Hoho နဲ့ချိတ်ဆက်လုပ်ကိုင် နိုင်ပါတယ်။
ဒီဝန်ဆောင်မှုက အခမဲ့ သို့မဟုတ် အခပေးစနစ်ပါလား။
ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ခရီးသည်နဲ့ အငှားယာဉ်မောင်းတွေကြား လုံခြုံစိတ်ချစွာနှင့် လွယ်လင့်တကူ အသုံးပြုနိုင်ရန် ရည်ရွယ်ထားပါတယ်။ ခရီးသည်တွေအတွက်က ဝန်ဆောင်မှုက အခမဲ့ဖြစ်ပါတယ်။ အငှားယာဉ်မောင်း အတွက်တော့ ခရီးစဉ်တစ်ခု အောင်မြင်သွားရင် မြန်မာငွေ ၁၀၀ ကျပ် ကောက်ခံမှာ ဖြစ်ပါတယ်။
ဝန်ဆောင်မှုကို အသုံးပြုတဲ့ ခရီးသည်တွေရဲ့ ယာဉ်ပေါ်မှာ ပစ္စည်းမေ့ကျန်ခဲ့တဲ့ မတော်တဆ မေ့လျော့မှုမျိုးတွေကို ကုမ္ပဏီဘက်က ဘယ်လောက်အထိ တာဝန်ယူပေးမှာပါလဲ။
Hoho Application ကိုအသုံးပြုပြီး ကားငှားတဲ့ ခရီးသည်တစ်ယောက်က ကားပေါ်မှာ ပစ္စည်းမေ့ကျန်ခဲ့မယ်ဆိုရင် Application ကနေတစ်ဆင့် Message ပေးပို့နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ Hoho application အသုံးပြုတဲ့ အငှားယာဉ်မောင်း သွားခဲ့တဲ့ ခရီးစဉ် သတင်းအချက် အလက်တွေ ဘယ်အချိန်၊ ဘယ်နေရာက စငှားခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ ကျန်ရှိနေပါတယ်။ ကျွန်တော်တို့ဘက်က အငှားယာဉ်မောင်းဆီကို အမှန်တကယ် ကျန်ခဲ့လားဆိုတာကို တစ်ဆင့်မေးမြန်းပြီး ခရီးသည်ကို ပြန်လည်ဆက်သွယ် ပေးမှာဖြစ်ပါတယ်။
ဒီ Hoho App နဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြား လိုသည်များ ရှိပါသေးလား။
ဟုတ်ကဲ့။ ကျွန်တော်တို့ အဓိကကတော့ ရန်ကုန်မှာ ဖြစ်ပေါ်နေတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ နေ့စဉ်ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို အဆင်ပြေပြေ ဖြစ်သွားစေချင်ပါတယ်။  ပြီးတော့ အငှားယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအတွက် အချိန်ကုန်သက်သာ စေချင်ပါတယ်။ ကိုယ်စီးနင်းမယ့်ယာဉ်ရဲ့ အချက်အလက်တွေကို ပြန်လည်သိရှိနိုင်တာ ဖြစ်တာကြောင့် ပစ္စည်းပျောက်ရှမှုတွေ ကြုံခဲ့ရင်လည်း အဆင်ပြေစေနိုင်မယ်လို့ ယုံကြည်ပါတယ်။ အသုံးပြုရတာလဲ လွယ်ကူတာမို့ အားလုံးကို အသုံးပြုစေချင်ပါတယ်။ Google Play Store မှာ အခမဲ့ download ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုရင်တော့ http://www.hohotransport.com/ မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ယုဇနကိုကို
 
 http://internetjournal.media/article/1573

No comments:

Post a Comment