Friday, June 10, 2016

♪ ဖုန်းနောက်ကျောမှာကပ်လိုက်ရုံနဲ့ ကြိုးမဲ့အားသွင်းစနစ်သုံးလို့ရမယ့် စတစ်ကာ ♫


Samsung Galaxy S7 မှာပါတဲ့ ကြိုးမဲ့အားသွင်းစနစ်ကို သိကြမှာပေါ့။ ဖုန်းကို အားသွင်းကြိုးနဲ့ ပလပ်ပေါက်မှာ ထိုးပြီး အားသွင်းစရာမလိုဘဲ၊ အားသွင်းပြား (charging pad) ပေါ်တင်လိုက်ရုံနဲ့ ဖုန်းအားသွင်းနိုင်မယ့် နည်းပညာဖြစ်ပါတယ်။

ယခုအခါ “Energysquare” ဆိုတဲ့ ပြင်သစ်ကုမ္ပဏီတစ်ခုရဲ့ ကျေးဇူးကြောင့် ဒီလိုကြိုးမဲ့အားသွင်းစနစ်ကို ဖုန်းတိုင်းမှာသုံးနိုင်တော့မှာ ဖြစ်ပါတယ်။

‘Energysquare’ က ထုတ်လုပ်ထားတဲ့ ကြိုးမဲ့အားသွင်းစတစ်ကာလေးကို ဖုန်းနောက်ကျောဘက်မှာ ကပ်ပြီး၊ အားသွင်းပြားပေါ်တင်လိုက်ရုံနဲ့ ဖုန်းကို ကြိုးမဲ့အားသွင်းစနစ်ရအောင်လုပ်ပေးမှာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ပြောကြားချက်အရ၊ ယခုအားသွင်းစနစ်ဟာ လက်ရှိစနစ်တွေလို လျှပ်စစ်သံလိုက်ကူးပြောင်းခြင်းနိယာမ (electromagnetic induction) ကို မသုံးထားဘဲ၊ လျှပ်ကူးနည်း (electric conduction) နဲ့ ကြိုးမဲ့အားသွင်းပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဖုန်းမှာကပ်ရတဲ့ စတစ်ကာရဲ့ USB ခေါင်းပါအမြီးပိုင်းကို စမတ်ဖုန်းရဲ့ အားသွင်းပေါက် ( iPhone မှာဆို lightning port) ထဲထိုးပေးလိုက်တာနဲ့၊ စတစ်ကာမှာပါတဲ့ အီလက်ထရုဒ် (လျှပ်ကူးခေါင်း) နှစ်ခုက ဖုန်းတွင်းက ဘက်ထရီနဲ့ ချိတ်ဆက်ပြီးသားဖြစ်သွားပါတယ်။

ထို့နောက်မှာတော့ အဆိုပါစတစ်ကာကပ်ထားတဲ့ဖုန်းကို Energysquare ကပဲထုတ်ထားတဲ့ လျှပ်ကူးအခံပြားသုံး အားသွင်းပြားပေါ်မှာတင်လိုက်ရုံနဲ့ စတစ်ကာရဲ့ လျှပ်ကူးခေါင်းနဲ့ အားသွင်းပြားပေါ်က လျှပ်ကူးအခံပြားနှစ်ခု ချိတ်ဆက်မိပြီး၊ အလိုလိုကြိုးမဲ့အားသွင်းသွားမှာဖြစ်ပါတယ်။ ဖုန်းအားပြည့်သွားပြီဆိုရင်လည်း အားသွင်းမှုကို အလိုလိုရပ်ဆိုင်းပေးသွားမှာဖြစ်တာကြောင့် ဘက်ထရီထိခိုက်မှာလည်း မပူရပါဘူး။

34E5C78900000578-3624386-image-a-8_1464979717170

ဒီ့အပြင် ဈေးကွက်တွင်းက တခြားချာဂျာပြားတွေလို ဖုန်းတစ်လုံးပဲတင်ပြီး အားသွင်းနိုင်တာမဟုတ်ဘဲ၊ ဖုန်းအလုံးရေအများအပြားတင်ပြီး အားသွင်းနိုင်တယ်လို့ သိရပါတယ်။

screen-shot-2016-05-31-at-8-25-03-pm

iPhone အတွက် lightning connector သုံးစတစ်ကာ၊ နောက်ဆုံးပေါ်စမတ်ဖုန်းတွေအတွက်၊ USB-Type C ခေါင်းစတစ်ကာတွေလည်းရှိပြီး၊ ဖုန်းအမျိုးအစားမရွေးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တက်ဘလက်နဲ့ လက်ပ်တော့တွေအထိ သုံးနိုင်တဲ့ ချာဂျာပြားနဲ့ စတစ်ကာတွေ ထုတ်လုပ်သွားဖို့ရှိတယ် လို့လည်း သိရပါတယ်။

ဒီကြိုးမဲ့အားသွင်းစတစ်ကာနဲ့ ချာဂျာပြားတို့ကို ဈေးကွက်ဝင်ထုတ်လုပ်ဖို့အတွက် ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုဒ် Kickstarter မှာ ကမ့်ပိန်းလုပ်ကာ ရန်ပုံငွေရှာလျက်ရှိပြီး၊ ရန်ပုံငွေ ဒေါ်လာ ၃ သောင်း ၃ ထောင်ကျော်ရဖို့ ခန့်မှန်းထားပေမယ့်၊ ယခုအခါ ရန်ပုံငွေထည့်ဝင်သူပေါင်း ၇၅၈ ယောက်ထံကနေ ဒေါ်လာ ၇ သောင်းကျော် ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

Energysquare ကြိုးမဲ့အားသွင်းစတစ်ကာတွေကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလလောက်မှာ စတင်ရောင်းချသွားဖို့ ရှိပြီး၊ စတစ်ကာတစ်ခုကို ဆယ်ဒေါ်လာလောက်နဲ့၊ ချာဂျာပြားကို ၆၅ ဒေါ်လာလောက်ပဲ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Energysquare စတစ်ကာမသုံးဘဲ၊ ဖုန်းတိုင်းကို ကြိုးမဲ့အားသွင်းစနစ်ရအောင်လုပ်ပေးမယ့် နည်းလမ်းလေးကိုလည်း ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

Credit to ==> Digital Times

No comments:

Post a Comment