Saturday, February 20, 2016

♪ iPhone တွေလုံးဝသုံးမရဖြစ်သွားစေတဲ့ ‘Error 53’ ကို ပြင်ဆင်ပေးပြီး၊ လူသိရှင်ကြားတောင်းပန်ခဲ့ရတဲ့ Apple ♫


iPhone တွေ လုံးဝသုံးမရဖြစ်စေခဲ့တဲ့ ‘Error 53’ ချို့ယွင်းချက်ကြောင့် Apple ဟာ သုံးစွဲသူတွေကို ပြန်လည်တောင်းပန်ကာ၊ ပြင်ဆင်မှု လုပ်ပေးခဲ့ရပါတယ်။
Apple Store ဒါမှမဟုတ် Apple အသိအမှတ်ပြု ဖုန်းပြင်ဆိုင်မှာမပြင်ဘဲ၊ အပြင်ကဆိုင်တွေမှာ iPhone 6 နဲ့ 6 Plus က home button ကို သွားပြင်မိသူတွေအနေနဲ့၊ ဒီ Error 53 ကို ကြုံတွေ့ခဲ့ရတာဖြစ်ပြီး၊ iPhone တွေ လုံးဝသုံးမရဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။
အပြင်ဆိုင်မှာ iPhone ရဲ့ ဟုမ်းခလုတ်ကိုပြင်ပြီးပြီးချင်းမှာ ဖုန်းက လုံးဝအဆင်ပြေချောမွေ့နေတယ်လို့ ထင်ရပေမယ့်၊ iOS အသစ်တင်တာ (ဒါမှမဟုတ်) ဖုန်းကို backup လုပ်ထားရာကနေ restore လုပ်ဖို့ ကြိုးစားရာမှာ၊ ဖုန်းက လုံးဝသုံးမရဖြစ်သွားနိုင်ပါတယ်။
အစကတော့ Apple ဟာ ဒီ ‘Error 53’ ကို လုံခြုံရေးပိုင်းဆိုင်ရာလိုအပ်ချက်ဖြစ်ပြီး၊ ချို့ယွင်းချက်မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါသေးတယ်။ ဒါပေမယ့် သုံးစွဲသူတွေကတော့ အပြင်ဆိုင်မှာပြင်ထားမိတဲ့ Touch ID ဆန်ဆာရဲ့လုပ်ဆောင်ချက်တွေကို ပိတ်နိုင်တဲ့အစား၊ ဖုန်းတစ်လုံးလုံးကို သုံးမရဖြစ်အောင်လုပ်တာကတော့ ဆိုးရွားကြောင်း Apple ကုမ္ပဏီကို စောဒကတက်ခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်ဥပဒေကုမ္ပဏီတစ်ခုကလည်း Apple ကို ဒီကိစ္စနဲ့ ပတ်သတ်လို့ တရားစွဲဆိုမှုပြုလုပ်ဖို့ စီစဉ်ခဲ့ပြီးနောက်မှာ Apple က ယခုလိုလူသိရှင်ကြားတောင်းပန်ခဲ့ရတာဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ Error 53 ကို ပြင်ဆင်နိုင်မယ့် iTunes ကနေတဆင့် iOS 9.2.1 update ကို ထုတ်ပေးခဲ့ပြီး၊ Error 53 ကြောင့် သုံးမရဖြစ်နေတဲ့ဖုန်းတွေကို PC/Mac ကနေ iTunes ကို ချိတ်ဆက်ကာ၊ ပြန်သုံးနိုင်အောင်လုပ်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် နောက်နောင်မှာလည်း Apple အသိအမှတ်ပြုမဟုတ်တဲ့ ဖုန်းပြင်ဆိုင်တွေမှာပြင်ရင်တောင် ဖုန်းသုံးမရဖြစ်တာမျိုး ရှိမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။
ဒါပေမယ့် Apple အသိအမှတ်ပြုမဟုတ်တဲ့ဆိုင်တွေမှာပြင်တာဟာ iPhone ရဲ့ Touch ID ခလုတ်ထဲက Secure Enclave ပျက်စီးမှုဖြစ်နိုင်ကာ၊ Touch ID ခလုတ်သုံးမရဖြစ်နိုင်တာကြောင့် iPhone ဟုမ်းခလုတ်ပြင်ရာမှာ သတိထားစေချင်ပါတယ်။

No comments:

Post a Comment