Friday, May 29, 2015

♪ ဓာတ်ပုံများကို Google Photos Appဖြင့် အကန့်အသတ်မရှိ Cloud ထဲ၌ သိုမှီးထားနိုင်မည် ♫

ယနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ Google I/O 2015 နည်းပညာ ညီလာခံ၌ မိတ်ဆက်ပေးခဲ့တဲ့ Google Photos App က အတော်လေးကို ထူးခြားပါတယ်။

Google ဟာ ယခင်ကတည်းက ဓာတ်ပုံဝက်ဘ်ဆိုဒ် Picasa နဲ့ Google+ ရဲ့ Photos ဝန်ဆောင်မှုများကို အများပြည်သူ သုံးစွဲနိုင်ဖို့ ဖန်တီးပေးထားပေမယ့် အထူးတလည် အောင်မြင်မှု မရရှိခဲ့ပါဘူး။ အထူးသဖြင့် Google+ ဟာ လူမှုကွန်ယက်အဖြစ်မှ ရေစုန်မျောပြီး ရပ်တန့်သွားပြီ ဖြစ်ပေမယ့် ယင်းမှာ ပါရှိခဲ့တဲ့ Photos ကဏ္ဍအား အသွင်ပြောင်း အဆင့်မြှင်ပြီး Google Photos App အနေနဲ့ ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ 

ဒီ App ရဲ့ လုပ်ဆောင်ချက်က ရိုးရိုးလေးပါပဲ။ သင့်ရဲ့ စမတ်ဖုန်း၊ တက်ဘလက်၊ iPad၊ Mac ၊ PC ကွန်ပြူတာ နဲ့ Memory Card စတဲ့ Gadget ပေါင်းများစွာပေါ်မှာ ရှိနေတဲ့ ဓာတ်ပုံများကို Cloud (အွန်လိုင်း) မှာ လုံခြုံစွာနဲ့ စနစ်တကျ စုဝေးသိမ်းဆည်းပေးမယ့် ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။

တစ်နေရာကနေ ဓာတ်ပုံတစ်ပုံကို Save လုပ်လိုက်ပြီ ဆိုတာနဲ့ Google Photos App ထည့်သွင်းထားတဲ့ Gadget တိုင်းမှာ အလိုလျောက် Sync လုပ်ပြီးသား ဖြစ်နေပါလိမ့်မယ်။ သင့်ရဲ့ Android ဖုန်းပေါ်မှာ Edit လုပ်ပြီး Save လိုက်တဲ့ ဓာတ်ပုံဟာ သင့်ရဲ့ iPhone ပေါ်မှာ Edit လုပ်ပြီးသားအတိုင်း ပေါ်လာပါလိမ့်မယ်။
App ရဲ့ လုပ်ဆောင်ချက်များကလည်း အလွန်ကောင်းမွန်ပြီး လူပုဂ္ဂိုလ်၊ နေရာဒေသ၊ ပါဝင်သည့် အရာဝတ္ထုများအလိုက် စုဝေးသိမ်းဆည်း ပေးထားနိုင်ပါတယ်။ App အား အသုံးပြုရာတွင် ဓာတ်ပုံများအား နေ့၊ လ၊ နှစ်အလိုက် စုစည်းပေးထားနိုင်သလို ရှာဖွေမှု (Search) ပြုလုပ်ရာမှာ ဓာတ်ပုံနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ (သို့) အရာဝတ္ထုနဲ့ ဆက်စပ်ပြီး ရှာဖွေနိုင်ပါတယ်။

ဥပမာအားဖြင့် ရာပေါင်းများစွာသော ဓာတ်ပုံများထဲက သင် Coca Cola သောက်နေတဲ့ ပုံကို ရှာဖွေလိုပါ Search Box ထဲမှာ “Coca Cola” ဟု ရိုက်ထည့်ပေးရုံနဲ့ ရှာဖွေတွေ့ရှိ နိုင်ပါလိမ့်မယ်။ MCG မှ စမ်းသပ်မှုအရတော့ ဓာတ်ပုံများကို ကဏ္ဍအလိုက် ကြိုတင် Organize လုပ်ထားမှသာ သက်ဆိုင်ရာ ပုံများကို ရှာဖွေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဥပမာ ရန်ကုန်မြို့၏ ဓာတ်ပုံ ၆ ပုံအား Upload လုပ်ပြီးနောက် Search လုပ်ကြည့်ရာ ၁ ပုံသာ ပေါ်လာတာကို တွေ့ရှိခဲ့ရပါတယ်။

Google Photo App ဟာ Sync လုပ်ထားတဲ့ ဓာတ်ပုံများကို Cloud ထဲမှာသာ သိုမှီးထားမှာဖြစ်လို့ မိမိရဲ့ Gadget ပေါ်မှာ သိုမှီးမှုပမာဏ လျော့နည်းသွားမှာ မစိုးရိမ်ရတော့ပါဘူး။ Cloud ထဲ၌ သိုမှီးထားရှိခြင်းကိုလည်း ပမာဏ အကန့်အသတ်မရှိ ပေးအပ်ထားပါတယ်။

သို့သော်လည်း ယင်းအချက်မှာ အမြင့်ဆုံး 16MP ပုံထွက်နှုန်းရှိတဲ့ ဓာတ်ပုံများနဲ့ 1080p ပုံထွက်နှုန်းရှိတဲ့ ဗီဒီယိုများအတွက်သာဖြစ်ပြီး ပုံထွက်နှုန်း ပိုမိုမြင့်မားတဲ့ ဓာတ်ပုံနှင့် ဗီဒီယိုများကို သိမ်းဆည်းခြင်းအတွက် လိုအပ်သည့် သိုမှီးမှုပမာဏကို သင်၏ Google Drive ၏ လက်ကျန်ပမာဏအတိုင်းသာ ရရှိမှာ ဖြစ်ပါတယ်။ ဥပမာ သင်၏ Google Drive ၌ သိုမှီးမှုပမာဏ 4.5 GB ကျန်ရှိသေးလျှင် ယင်းပမာဏ ပြည့်သည်အထိ မိမိစိတ်ကြိုက် ပုံထွက်နှုန်းရှိတဲ့ ဆိုဒ်ကြီး ဓာတ်ပုံနဲ့ ဗီဒီယိုများကို သိုမှီးထားနိုင် ပါလိမ့်မယ်။

Google Photo App ကို Google Play Store ၊ Apple App Store နဲ့ photos.google.com တို့မှတဆင့် download ရယူနိုင်ပါတယ်။

Myanmar Consumer Guide

No comments:

Post a Comment