Wednesday, August 31, 2016

♪ “မြန်မာFont လေးအဆင်ပြေပြေသုံးချင်တယ်” ♫


ယခုရက်ပိုင်းတွင်Facebook ကမိုဘိုင်းAppကိုupdate လုပ်သည်။ ပြည်တွင်း ရှိAndroid ဖုန်းအသုံးပြုသူများFacebook ပေါ်တွင်ဖုန်းဖြင့် မြန်မာစာ ရေးသား ရာတွင်အဆင်မပြေမှုများဖြစ်ကြပြန်သည်။Keyboard တွင် ပြင်ဆင်မှုများ ပြုလုပ်လိုက်သည့်အခါတွင်မှအဆင်ပြေသွားသည်ဟုဆိုသည်။တချို့လည်း အဆင်မပြေကြ။ယင်းကိစ္စရပ်ကြောင့်၂၁ရာစုတွင် ရောက်ရှိနေသည့် ကျွန်တော် တို့နိုင်ငံသည်ယနေ့အချိန်အထိကွန်ပျူတာစနစ်များဖြင့် မြန်မာစာ ရေးသားရန်အခက်အခဲတွေ့နေဆဲဖြစ် သည်ကိုစိတ်မကောင်းဖွယ် မြင်နေရပြန် သည်။ယနေ့ခေတ်တွင်နည်းပညာသည်လူတိုင်း (မဟုတ်လျှင်ပင် လူတော် တော် များများ)အတွက်နေ့စဉ်လိုအပ်ချက်တစ်ခု ဖြစ်လာသည်။လူအများနှင့် တိုက်ရိုက်မဟုတ်လျှင်ပင်သွယ်ဝိုက်ပတ်သက်ဆက်နွယ်လာနေသည်။အနည်းဆုံးကျွန်တော်တို့မိုဘိုင်းဖုန်းများ အသုံးပြုကြသည်။ကွန်ပျူတာသုံးကြသည်။ လူမှုကွန်ရက်ဝက်ဆိုက်များသည်လည်းနေ့စဉ်လူမှုဘ၀တွင်အရေးပါလာနေ သည်။ထို့အပြင်သိလိုသည်များကိုအင်တာနက်တွင်ရှာဖွေကြသည်။လေ့လာ ကြသည်။Youtubeကြည့်ကြသည်။နည်းပညာနှင့်ပတ်သက်ပြီးတစ်ခုမဟုတ် တစ်ခုတော့ကျွန်တော်တို့နေ့စဉ်ထိတွေ့ဖြစ်ကြသည်။ယခုကဲ့သို့ နည်းပညာ သည် လူတိုင်းအတွက်အရေးပါနေချိန်တွင်နည်းပညာအကျိုး ကျေးဇူးများ ကိုကမ္ဘာနှင့်အ၀ှမ်းအသုံးချနေချိန်တွင်ကျွန်တော်တို့နိုင်ငံတွင် မြန်မာစာစနစ် အဆင်မပြေမှုကြောင့်နည်းပညာ၏အကျိုးကျေးဇူးများကို ပြည့်ပြည့်၀၀ အသုံးမချနိုင်သေးဖြစ်နေသည်။အင်တာနက်တွင်သိချင်သည့်အကြောင်း အရာများကိုအင်္ဂလိပ်ဘာသာ ဖြင့်ရှာဖွေနေရဆဲ။ယူနီကုတ်စနစ်ဖြင့် ရှာဖွေ နိုင်သည်ဆိုသော်လည်းလူအနည်းစုသာအသုံးပြုသကဲ့သို့ယူနီကုတ်အသုံးပြု၍လွှင့်တင်ထားသည့် အကြောင်းအရာလည်းနည်းပါးနေသေးသည့်အတွက် အဆင်မပြေလှချေ။
အင်တာနက်၊Website များအသုံးပြုပါက မြန်မာဘာသာဖြင့်တင်ထားသည့် အကြောင်းအရာများကို မြန်မာလိုအဆင်ပြေပြေရှာဖွေလေ့လာ၍မရခြင်း သည်စိတ်ပျက်ဖွယ်ဖြစ်သည်။နဂိုမြန်မာစာအခံမကောင်းသည့်ကလေးများ သည်စနစ်မကျသည့် မြန်မာစာရေးသားမှုပုံစံအသုံးပြုထားသည့်ဇော်ဂျီfont ကိုအသုံးပြုနေရခြင်းကြောင့် မြန်မာစာရေးသားမှုအပိုင်းအားနည်းမှု ကပိုကြီး ရသည်။အင်တာနက်အသုံးပြုသူတွေအတွက် မရှိမဖြစ် Search Engine တစ်ခုဖြစ်သည့်Google ကလည်းယူနီကုတ်စနစ်ကိုသာလက်ခံသုံးစွဲသည်။ ထို့ကြောင့်Google Search Engine တွင်ရှာဖွေခြင်းများပြုလုပ်ပါကယူနီကုတ် နှင့်သာအဆင်ပြေလေသည်။ထို့အပြင်ယင်းကုမ္ပဏီမှထုတ်လုပ်သည့် Google Map, Google Earth, Gmail, Google Translate, Google Play Store စတဲ့ အက်ပလီကေးရှင်းများကိုလည်းယူနီကုတ်ဖြင့်သာအသုံးပြုခွင့်ပြုထားသည်။
ထို့အပြင်Apple ၊Microsoft ၊ ပြည်တွင်း၌လူတိုင်းနီးပါး စိတ်ဝင်စားကြသည့် လူမှုကွန်ရက်Facebook တို့သည်လည်းယူနီကုတ်စနစ်ကိုသာ လက်ခံကြ သည်။ ထို့ကြောင့်Apple ၏iOSနှင့်Google ၏Android OS သုံးစမတ်ဖုန်းများ လွှမ်းမိုးသော မြန်မာပြည်တွင် မြန်မာလူမျိုးများကိုယ်တိုင်ရေးသားထားသည့် မြန်မာစာကို မြန်မာလိုဖတ် မရသောကြောင့်မိုဘိုင်းဖုန်းဝယ်ယူပြီးပါကဆိုင်ကို မြန်မာစာfont သွင်းခိုင်းရခြင်းဖြစ်လေသည်။
ပို၍၀မ်းနည်းစရာကောင်းလှသည်မှာနာမည်ကျော်Google ကုမ္ပဏီက မြန်မာပြည်ရှိAndroid ဖုန်းအသုံးပြုသူများအတွက် မြန်မာဘာသာ Handwriting စနစ်ကိုလွန်ခဲ့သည့်နှစ်ကတည်းကဖန်တီးပေးခဲ့သော်လည်း ယူနီကုတ်စနစ်ကိုသာအခြေခံပြုလုပ်ထားခြင်းဖြစ်သောကြောင့်လူတိုင်း အသုံးပြု၍မရပေ။ယင်းသို့ဖြင့်ဖုန်းမျက်နှာပြင်ပေါ်တွင်လက်ဖြင့်စာရေးသား နိုင်သည့်အလွန်အသုံးဝင်လှ သည့်ယင်းစနစ်မှာ မြန်မာပြည်တွင် လူမသိ သူမသိစနစ်တစ်ခုအဖြစ်တိမ်မြုပ်နေဆဲဖြစ်နေလေတော့သည်။
တကယ်တမ်းဆိုရလျှင်မူကျွန်တော်တို့သည်ဇော်ဂျီလည်းသုံးဖူးကြမည်။ ယူနီကုတ်လည်းသုံးဖူးကြမည်။ထို့ထက်ပို၍ကွန်ပျူတာနှင့်စောစောထိတွေ့ သူများသည်ဝင်းမြန်မာစာစနစ်လည်းသုံးခဲ့ဖူးကြမည်။မည်သည့်မြန်မာစာစနစ်မဆိုအဓိကရည်မှန်းချက်သည် ကွန်ပျူတာနှင့်စက်လည်ပတ်စနစ်များပေါ်တွင် မြန်မာစာကိုအဆင်ပြေပြေလွယ်လွယ်ကူကူ အသုံးပြုနိုင်စေရေးပင်ဖြစ်သည်။
ယနေ့ခေတ်လိုခေတ်မီနည်းပညာများပလူပျံအောင်တိုးတက်နေသည့် ခေတ်တွင် ကိုယ်ရေးထားသည့်စာကိုတခြားသူကFont မရှိ၍ဖတ်မရခြင်း ဆိုသည်မှာလူကြားမကောင်းသော ပြဿနာဖြစ်သည်။သို့သော် ကျွန်တော်တို့ နိုင်ငံတွင် ဖြစ်နေသည်။၁၀စုနှစ်တစ်ခုကြာလာသည့်တိုင်ခုထိအဖြေမထွက် သေး။
လက်ရှိအချိန်တွင်ဇော်ဂျီစနစ်မှာလူသုံးအများဆုံး မြန်မာစာစနစ်ဖြစ်သည်။ ပြည်တွင်းပြည်ပရှိ မြန်မာများ အသုံးပြုနေသည့်ကွန်ပျူတာတိုင်းဖုန်းတိုင်း တွင်ဇော်ဂျီစနစ်ကိုသာအသုံးပြုနေကြသည်။ယူနီကုတ်မှာနိုင်ငံတကာသုံးစံ သတ်မှတ်ချက်ဖြစ်သော်လည်းအကြောင်းအမျိုးမျိုးကြောင့်အသုံးပြုသူ လက်တစ်ဆုပ်စာဖြင့်သာတန့်နေရသည်။ယင်းပြဿနာတွင် အခက်အခဲ ၂ရပ် ရှိနေသည်ဟု မြင်မိသည်။တစ်ချက်မှာဇော်ဂျီFont မှာ မြန်မာပြည်တွင် အလွန် လူသုံးများနေခြင်းကြောင့်အသုံးပြုသူများကိုအပြောင်းအလဲပြုလုပ်စေရန် ခက်ခဲနေခြင်းနှင့်တခြားအချက်တစ်ချက်မှာသက်ဆိုင်ရာအတတ်ပညာရှင်များကိုယ်တိုင်အကျိုးရလဒ်ကိုမရှေးရှု ဘဲအငြင်းအခုံများနှင့်သာအချိန်ကုန်နေကြ ခြင်းကြောင့်ဖြစ်သည်။ဇော်ဂျီမြန်မာစာစနစ်မှာအလွန်လူသုံး များနေသော ကြောင့် မြန်မာစာစနစ်ကိုအသုံး ပြုသူများမှာကြုံလာရနိုင်သည့်အခက်အခဲ များကိုတွေးပူပြီးအပြောင်းအလဲပြုလုပ်ရန်မ၀ံ့မရဲဖြစ်နေရသည်။ပညာရှင်များ၏အငြင်းအခုံများကြောင့်လည်း နည်းပညာပိုင်းတွင်ရှေ့ဆက်တိုးတက်ရန် ခက်ခဲနေပြန်သည်။စံနှုန်းကိုက်ညီသည့်Font စနစ်တစ်ခုတည်းကိုသာ အားလုံးကလိုက်နာအသုံးပြုကြမည်ဆိုလျှင်မိမိတွင်မည်သည့်Font အမျိုးအစား ရှိနေသည်ဖြစ်စေ၊မိမိစာကိုမည်သည့်Font ကိုအသုံးပြုပြီးရေးသားထားသည် ဖြစ်စေမည်သူမဆိုဖတ်ရှု၍ရလိမ့်မည်။ မြန်မာဘာသာဖြင့်အင်တာနက်ပေါ် တွင် ရေးသားထားသည့်အကြောင်းအရာအားလုံးကို မြန်မာဘာသာဖြင့်ပင် စိတ်တိုင်းကျ ရှာဖွေနိုင်လိမ့်မည်၊ဖတ်ရှုနိုင်လိမ့်မည်ဖြစ်သည်။
ယခုမူယင်းကဲ့သို့စံနှုန်းကိုက်ညီသည့်ယူနီကုတ်စနစ်တစ်ခုဖွံ့ဖြိုးအောင် အကောင်အထည်မဖော်နိုင်သေးသောကြောင့် မြန်မာစာစနစ်သာမက တစ်နွယ်ငယ်တစ်စင်ပါတိုင်းရင်းသားစာပေများပါကွန်ပျူတာနှင့်နည်းပညာ နယ်ထဲတွင်တိုးတက်မလာနိုင်တော့ပေ။အားလုံးလက်ခံနိုင်သည့် ယူနီကုတ် စနစ်အကောင်အထည်ပေါ်မှသာတိုင်းရင်းသားစာပေများလည်းကွန်ပျူတာ ပေါ်တွင်ဆက်လက်ရှင်သန်နိုင် မည်ဖြစ်သကဲ့သို့လက်ရှိဇော်ဂျီအသုံးပြုသူများလည်းယူနီကုတ်ကိုပြောင်းလဲအသုံးပြုလာကြမည်ဖြစ် သည်။ဇော်ဂျီကိုUpgrade လုပ်ခြင်းမလုပ်ခြင်း၊ယူနီကုတ်ကိုပြောင်းကြခြင်း၊မပြောင်းကြခြင်းများသည် အတတ်ပညာရှင်များ၏အပိုင်းသာဖြစ်ပြီးအသုံးပြုသူများအတွက်မူအသုံးပြုရ အဆင်ပြေလွယ်ကူမှုရှိ၊မရှိသည်သာပဓာနဖြစ်သည်ကိုမမေ့ကြသင့်ပေ။
လူအများ၏သဘောမှာရှင်းပါသည်။မည်သည့်အပြောင်းအလဲကိုမဆိုတန်သည်ထင်လျှင်မည်သူမှတိုက်တွန်း စရာမလိုသူဆန္ဒအလျှောက်ကိုပြောင်းချလာပါ လိမ့်မည်။၎င်းတို့၏ရင်ထဲအသဲထဲရောက်အောင်လုပ်ပြနိုင်ဖို့သာလိုသည်။ဒီ အတိုင်းနေရင်းပင်လျှင်Software များApp များကိုဖုန်းBill အကုန်ခံUpdate လုပ်ကြသေးသည်။ကွန်ပျူတာ၊အင်တာနက်နှင့်မိုဘိုင်းဖုန်းများပေါ်တွင် မြန်မာ လိုပို၍အဆင်ပြေပြေတိတိကျကျလွယ်လွယ်ကူကူသုံးနိုင်မည်မှာသေချာနေ သောယူနီကုတ်ကိုအဘယ်ကြောင့် မသုံးချင်မည်နည်း။ပို၍ပင်သုံးချင်ကြဦးမည်ထင်သည်။
ထို့ကြောင့်အဆိုပါကိစ္စလေးတစ်ခုကိုတော့ဖြင့်ပြီးစီးအောင်မြင်အောင် သက်ဆိုင်ရာStakeholders များမှအမှန်တကယ်အလုပ်ဖြစ်နိုင်မည့် အခြေ အနေအထိရှေ့ဆက်တိုးသင့်ပေသည်။ပညာရှင်များသာနားလည်နိုင်သည့်ကိစ္စရပ်များအတွက်ပညာရှင် အချင်းချင်း အငြင်းပွားနေကြသောကြောင့်သုံးစွဲသူများမှာအသိပညာဗဟုသုတများ၊ငွေကြေးများ၊နည်းပညာများနှင့် အခွင့် အရေးများ မဆီမဆိုင်ဆုံးရှုံးနေရခြင်းမှာမသင့်လျော်လှပေ။ထို့ကြောင့် မြန်မာ့နည်းပညာ လောကတိုး တက်ရေးနှင့် မြန်မာပြည်သူများအတွက်မရှိမဖြစ် အရေးပါလာ မည့်ကွန်ပျူတာသုံးမြန်မာစာစနစ်တိုးတက်ရေးအတွက်သင့်တင့်ကောင်းမွန် သော မြန်မာ Font တစ်ခုလိုအပ်လှပေသည်။

 မောင်မိုးဇွန်
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment