Sunday, August 28, 2016

♪ Android Nougat မှာ ပါဝင်လာတဲ့ အမိုက်စားလုပ်ဆောင်ချက်အသစ် (၂၅) ခု ♫


ကျနော်တို့ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း Google ရဲ့ မိုဘိုင်း OS စနစ်အသစ်ဟာ သြဂတ်စ်လ ၂၂ ရက်နေ့မှာ Nexus ဖုန်းတွေဆီ စတင်ထွက်ရှိလာခဲ့ပါတယ်။ “Nougat” လို့ ကုဒ်နံမည်ပေးထားတဲ့ Android 7.0 စနစ်အသစ်မှာ ထူးထူးခြားခြားလုပ်ဆောင်ချက်အသစ်တွေ ဘာများပါဝင်လာလဲ။

ပြောရမယ်ဆိုရင် Android Nougat ဟာ လုံးဝပြောင်းလဲမှုတွေလုပ်ပစ်ထားတဲ့ OS စနစ်အသစ်ပါ။ သူ့မှာ ပါဝင်လာတဲ့ feature အသစ်တွေက များလွန်းပါတယ်။ ယခုဆောင်းပါးမှာတော့ အကြီးမားဆုံးနဲ့ အထူးခြားဆုံး ပြောင်းလဲမှုတွေကို ဖော်ပြလိုက်ပါတယ်။

စာဖတ်သူတို့ တစ်ခုသတိပြုရမှာက ဒီထဲက တစ်ချို့ feature တွေဟာ ဖုန်းတစ်ချို့မှာ ရပြီးသားဆိုပေမယ့် Android စနစ်မှာ နဂိုကတည်းကပါတာမဟုတ်ဘဲ၊ ဖုန်းထုတ်လုပ်သူတွေက ထည့်ပေးထားတာဖြစ်ပါတယ်။ Google ရဲ့ ယခု feature အသစ်တွေ အကုန်လိုချင်တယ်ဆိုရင်တော့ Nexus ဖုန်းတစ်လုံးကိုင်တာ ဒါမှမဟုတ် Android stock ဗားရှင်းကို သုံးတာအကောင်းဆုံးပါပဲ။

၁။ Apps နှစ်ခု တပြိုင်တည်းသုံးမယ်

Android Nougat ရဲ့ အမိုက်ဆုံးလုပ်ဆောင်ချက်ပြပါဆိုရင် multi-window mode ပါဝင်လာတာပါ။ သင် App တစ်ခုသုံးနေစဉ်မှာ၊ နောက်သွားတဲ့ခလုတ်ကို ကြာကြာဖိထားလိုက်တာနဲ့ နောက် app တစ်ခုကို ထပ်ရွေးဖို့ ပေါ်လာပါလိမ့်မယ်။ ကိုယ်နောက်ဖွင့်ချင်တဲ့ app ကို ရွေးပေးလိုက်တာနဲ့ apps နှစ်ခုစလုံးက ဘေးချင်းကပ် ပေါ်နေမှာဖြစ်ပါတယ်။ အရွယ်အစားကိုလည်း ကိုယ့်စိတ်ကြိုက် ဆွဲညှိနိုင်ပါတယ်။

ဒါကဘာအသုံးဝင်လဲဆိုတော့ အင်တာနက်ကြည့်ရင်း၊ တစ်ချိန်တည်းမှာ ဗီဒီယိုကြည့်နေတာမျိုး၊ Browser tab နှစ်ခု တပြိုင်တည်းဖွင့်နေတာမျိုးတွေအတွက် တော်တော်အသုံးဝင်ပါတယ်။

1

၂။ Drag & Drop

Window နှစ်ခုပြိုင်သုံးရတဲ့ အတွေ့အကြုံကို ပိုကောင်းမွန်စေဖို့အတွက်၊ Google ဟာ ဖိုင်နဲ့ စာသားတွေကို Drag ဆွဲပြီး၊ Drop တန်းထည့်နိုင်တဲ့ လုပ်ဆောင်ချက်ကို Nougat မှာ ထည့်သွင်းပေးထားပါတယ်။ Developers တွေအနေနဲ့ ဒီ feature အသစ် support လုပ်ဖို့အတွက်တော့ သူတို့
apps တွေကို ပြင်ဆင်မှုတွေ လုပ်ပေးရမှာပါ။ Gmail မှာတော့ ထည့်ပေးပြီးဖြစ်ပါတယ်။

2

၃။ Apps တစ်ခုနဲ့ တစ်ခုပြောင်းတာ ပိုမိုမြန်ဆန်လာ

ကိုယ်နောက်ဆုံးသုံးခဲ့တဲ့ apps ကို ပြန်သွားချင်တယ်ဆိုရင်၊ ဖုန်းရဲ့ နောက်ပြန်သွားတဲ့ ‘Recent’ ခလုတ်ကို နှစ်ချက်နှိပ်လိုက်တာနဲ့ တန်းသွားနိုင်မှာပါ။ Windows မှာဆို Alt + Tab အလုပ်လုပ်ပုံနဲ့ ဆင်တူပါတယ်။

၎။ Recent Apps အကုန်ရှင်းမယ်

Recent Apps စာရင်းရဲ့ အောက်ဆုံးအထိ ဆွဲချလိုက်ရင် Recent Apps အကုန်လုံးကို တန်းရှင်းဖို့ “Clear All” ပါဝင်လာမှာပါ။

၅။ Notification ကနေ တိုက်ရိုက် Reply ပြန်နိုင်ခြင်း

အရင်လို app ထဲ တဆင့်ထပ်ဝင်နေစရာမလိုဘဲ၊ ဖုန်းထဲဝင်လာတဲ့မက်ဆေ့တွေကို Notification ဘားကနေ တိုက်ရိုက် စာပြန်နိုင်မှာပါ။

၆။ Notifications တွေကို အုပ်စုလိုက် (သို့) တစ်ခုချင်းလိုက် ထိန်းချုပ်နိုင်ခြင်း

“Bundled Notifications” စနစ်မှာ အီင်္းမေးလ်နဲ့ မက်ဆေ့အများကြီးကို တခါတည်း ဖျက်သင့်တာဖျက်၊ reply ပြန်တာပြန်လုပ်နိုင်မှာပါ။ App တစ်ခုချင်းဆီက ဝင်တဲ့မက်ဆေ့တွေကို အုပ်စုလိုက်ထားပေးထားမှာဖြစ်ပြီး၊ တခါတည်း အကုန်လုံးဖျက်နိုင်သလို၊ မက်ဆေ့အုပ်စုကို အောက်ဆွဲချပြီး တစ်ခုချင်းဆီ ဖျက်နိုင်ပါတယ်။.

၇။ Notification ကို အရေးကြီးမှုအဆင့် ခွဲထားနိုင်ခြင်း

Nougat မှာ app တစ်ခုချင်းဆီက ပို့တဲ့ Notification တွေကို အရေးကြီးအဆင့်ခွဲထားပေးနိုင်ပါတယ်။

၈။ Quick Settings ကို သုံးရတာလွယ်လာတယ်

Google ရဲ့ stock Android ဗားရှင်းမှာ အရင်က Quick Settings သုံးဖို့အတွက် အောက်ကို နှစ်ဆင့်ဆွဲချခဲ့ရပေမယ့်၊ Nougat မှာတော့ အသုံးအများဆုံး Settings ၅ ခုကို နိုတီဘားမှာတင် ဖော်ပြပေးထားမှာပါ။ နောက်တစ်ဆင့်ထပ်ဆွဲချလိုက်ရင် Settings icon လေးတွေ အကုန်ပေါ်လာမှာဖြစ်ပါတယ်။

၉။ Quick Settings မှာ တခြား apps တွေပါ ထည့်ထားနိုင်တယ်

System Settings တွေတင် မဟုတ်တော့ဘဲ၊ Quick Settings ပေးထားတဲ့ app တိုင်းကို Quick Settings ထဲမှာ ထည့်ထားနိုင်မှာပါ။

8

၁၀။ Lock Screen ကို Wallpaper သက်သက်ထားနိုင်တယ်

ဒါကတော့ ကျနော်တို့အများစုသုံးနေတဲ့ ဖုန်းတော်တော်များများမှာပါပြီးသားပါ။ Android မှာတော့ အခုမှ ပါလာတာဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းထုတ်လုပ်သူတစ်ဦးတစ်ယောက်ကမျှ ပြင်ဆင်ဖြည့်စွက်ထားခြင်းမရှိတဲ့ Android ပုံမှန်ဗားရှင်းဟာ UI ဆွဲဆောင်မှုအပိုင်းကော၊ လုပ်ဆောင်ချက်အပိုင်းမှာပါ ပိုကောင်းတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။

၁၁။ Updates လုပ်ရတာ ပိုအဆင်ပြေသွားမယ်

ဒီလုပ်ဆောင်ချက်ကတော့ Android Nougat တပါတည်းသွင်းပေးထားတဲ့ဖုန်းတွေအတွက်ပါပဲ။ System ကို active ရယ် inactive ရယ်ဆိုပြီး partition နှစ်ပိုင်းပိုင်းထားတဲ့အတွက် Update ထွက်တာနဲ့ inactive ပိုင်းမှာ ဒေါင်းလုဒ်ဆွဲနေမှာဖြစ်ပြီး၊ ပြီးပြီဆိုမှ “Update Available” ဆိုတဲ့ နိုတီက Active ဘက်မှာ တက်လာမှာပါ။ ဒီတော့ ကိုယ့်အနေနဲ့ ဘာမှစောင့်စရာမလိုဘဲ တစ်ချက်နှိပ်လိုက်တာနဲ့ ဖုန်းက Reboot ကျသွားပြီး၊ ပြန်တက်လာတာနဲ့ Update သွင်းပြီးသားပါ။

၁၂။ Automatic System Updates တွေ ပိတ်ထားနိုင်မယ်

Developer Options ကနေ “Automatic system updates” ကို ပိတ်ထားနိုင်ပါတယ်။ ဒါကတော့ Skinned စက်တိုင်းမှာ ပါပြီးသားပါ။

၁၃။ Audio ကို တစ်သံတည်းဖွင့်မယ်

နားကြပ်နဲ့ သီချင်းနားထောင်ရာမှာ Stereo အသံက ပိုမိုက်တယ်ဆိုပေမယ့်၊ အကြားအာရုံတစ်ဖက်ချို့ယွင်းနေသူတွေအတွက်ကတော့ ဂီတအရသာပါ ပျက်သွားစေနိုင်ပါတယ်။ ဒီအတွက် ဘယ်သံ၊ညာသံကို Mono မှာ တပါတည်းပေါင်းပြီးနားဆင်နိုင်ပါတယ်။ ကျနော့်အထင် ဒါလည်း ဖုန်းတော်တော်များများမှာ ပါပြီးထင်ပါတယ်။

၁၄။ Settings ထဲ ဟိုဝင်ဒီထွက် Navigate လုပ်တာပိုမြန်လာတယ်

ဖုန်းရဲ့ Settings အသစ်ထဲမှာ ဘာတွေအသစ်ပါလည်းလိုက်ရှာ၊ ဒါမှမဟုတ် Settings တစ်ခုခုဖွင့်ဖို့ လိုက်ရှာတာတွေ လုပ်နေချိန်မှာ back နဲ့ ပြန်ထွက်လိုက်၊ ပြန်ဝင်လိုက် လုပ်ရတာ တော်တော်အချိန်ကုန်၊ အလုပ်ရှုပ်ပါတယ်။ Nougat မှာတော့ ဘေး slide Settings တစ်ခု ထပ်ပါလာပြီး၊ ကဏ္ဍတစ်ခုချင်းစီအလိုက် အလွယ်တကူဝင်ထွက်လုပ်နိုင်မှာပါ။

၁၅။ Emoji တွေ ပိုစုံလင်လာတယ်

iOS ထက် အမြဲနောက်ကျလေ့ရှိတဲ့ Android မှာ ဒါဟာ ပထမဆုံးအကြိမ် Android က စောခြင်းလို့ ဆိုနိုင်ပါတယ်။ Nougat မှာ Unicode 9.0 စနစ်သုံး Emoji အသစ်တွေ စုံစုံလင်လင်ပါဝင်လာမှာပါ။

၁၆။ Save More Data

အကြိုက်ဆုံးလုပ်ဆောင်ချက်အသစ်တစ်ခုပါ။ Data Saver က ပိုကောင်းလာပြီး၊ ကိုယ်ယူထားတဲ့ ဒေတာပမာဏအလိုက် ၊ ဥပမာ ကိုယ်က data plan နည်းနည်းပဲ ယူထားတယ်ဆိုရင် apps တွေရဲ့ background data တွေကို အလိုအလျောက်ကန့်သတ်ပေးသွားမှာပါ။

၁၇။ Doze Mode

Nougat ရဲ့ အကောင်းဆုံးလုပ်ဆောင်ချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ Doze Mode ဟာ Marshmallow ထဲက ပါဝင်လာတာဖြစ်ပြီး၊ ဖုန်းစခရင်ပိတ်သွားတာ၊ အားသွင်းကြိုးဖြုတ်ထားတာ၊ ဖုန်းကအလျားလိုက်လဲလျောင်းနေတာမျိုးမှာ ဖုန်းကို sleep mode ပြောင်းပေးပြီး၊ ဘက်ထရီခြွေတာပေးနိုင်ပါတယ်။
Nougat မှာ Doze mode နှစ်ခုပါဝင်လာမှာဖြစ်ပြီး၊ ပထမတစ်ခု Regular Doze Mode ကတော့ Marshmallow က အတိုင်းပါပဲ။ ဒါပေမယ့် နောက်တစ်ခုမှာတော့ ဖုန်းက အလျားလိုက်လဲလျောင်းနေစရာ မလိုတော့ဘဲ အိတ်ကပ်ထဲ ထည့်ထားတဲ့အခါတွေမှာလည်း ဘက်ထရီခြွေတာပေးသွားမှာပါ။

၁၈။ ဒေါင်းလုဒ်တွေကို အလွယ်တကူ Cancel လုပ်နိုင်ခြင်း

Download ဆွဲထားတဲ့ app ကို ဖွင့်ပြီး၊ cancel လုပ်စရာမလိုတော့ဘဲ၊ Download Notification ကနေတင် Pause ၊ Cancel လုပ်နိုင်မှာပါ။

၁၉။ Apps တွေ Install လုပ်တာပိုမြန်လာတယ်

Android 7.0 မှာ Facebook နဲ့ ဂရပ်ဖစ်လိုအပ်ချက်များတဲ့ဂိမ်းကြီးတွေကို Install လုပ်ရာမှာ သုံးဆပိုမိုမြန်ဆန် သွားမှာဖြစ်ပါတယ်။

၂၀။ စခရင်ပေါ်ကအရာတွေကို လိုသလို ချုံ့၊ချဲ့နိုင်မယ်

အရင်တုန်းက Android stock ဗားရှင်းမှာ ဒီလိုလုပ်ချင်တယ်ဆိုရင် Root ဖောက်၊ တခြား app တစ်ခုထည့်ပြီး လုပ်ခဲ့ရပေမယ့်၊ Nougat မှာတော့ Display menu ကနေ Display size ကို ချုံ့ချဲ့လုပ်နိုင်ပါပြီ။

၂၁။ ဖိုင်ကူးတာပိုမြန်လာတယ်

ဖုန်းနဲ့ PC မှာ ဖိုင်ကူးမယ်ဆိုရင် Android Debug Bridge သုံးပြီး ကူးရင် အရင်ကထက် လေးဆမြန်လာမှာပါ။

၂၂။ Apps အားလုံးမှာ ဖုန်းနံပါတ်ဘလော့မယ်

ဖုန်း app တင်မဟုတ်ဘဲ၊ Apps တိုင်းမှာ ဖုန်းနံပါတ်တစ်ခုကို ဘလော့ထားနိုင်မှာပါ။

၂၃။ Apps တစ်ခု ဘယ်ကလာသလဲဆိုတာကြည့်မယ်

Apps တစ်ခုကို Install လုပ်ပြီးရင် ဒီ app က ဘယ် App Store က လာတာလဲဆိုတာ ကြည့်နိုင်ပါတယ်။

၂၄။ ကီးဘုတ်နဲ့ Shortcuts ကြည့်မယ်

တက်ဘလက်သုံးသူတွေအတွက်ဖြစ်ပြီး၊ ကီးဘုတ်နဲ့ ချိတ်ထားတယ်ဆိုရင် Alt + နှိပ်လိုက်တာနဲ့ ကီးဘုတ် shortcuts တွေ အကုန်ပေါ်လာမှာပါ။

၂၅။ Easter Egg လေးက မိုက်တယ်

Easter Egg ဘာလဲဆိုတာကတော့ နောက်မှ ဖော်ပြပေးသွားပါမယ်နော်။


Credit to ==> Digital Times


No comments:

Post a Comment