ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် မိမိတို့အသုံးပြုနေသော ဆင်းကတ်များအား သက်ဆိုင်ရာအော်ပရေတာ အသီးသီးနှင့် ဆက်သွယ်ကာ အသုံးပြုသူများ၏ မိုဘိုင်းလုံခြုံမှုကာကွယ်ရေးအတွက် မှတ်ပုံတင်ထား ရမည်ဖြစ်ကြောင်းနှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသည့်ဆင်းကတ်များအား ၂၀၁၇ ခုနှစ်၊ မတ်လ (၃၁) ရက်မှစတင်ကာ ဝန်ဆောင်မှုပေးခြင်း ယာယီရပ်စဲသွားမည်ဖြစ်ပြီး စနစ်တကျမှတ်ပုံတင်ပြီးမှ သာပြန်လည်သုံးစွဲ ခွင့် ပေးသွားမည်ဖြစ်ကြောင်း အများပြည်သူလုံခြုံရေးကို ထိရောက်စွာအကာအကွယ် ပေးနိုင်ရန် ရည်ရွယ်လျက် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ အူရီဒူး၊ MPT နှင့် တယ်လီနော ဆင်းကတ်များကို အသုံးပြုသူများအားလုံး ဆင်းကတ်မှတ်ပုံတင်ခြင်းကို ပြုလုပ်ရမည်ဖြစ်ပါသည်။

အူရီဒူးအနေဖြင့် သုံးစွဲသူများ ဆင်းကတ်မှတ်ပုံတင်ရန်အတွက် လွယ်ကူအဆင်ပြေစေမည့်နည်းကို ၀န်ဆောင်မှုပေးထားပါသည်။ အူရီဒူးသုံးစွဲသူများအနေဖြင့် *666# ကို နေ့စဉ် ၂၄ နာရီပတ်လုံး အခမဲ့ခေါ်ဆိုကာ မိမိ၏ဆင်းကတ်ကို မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေးနိုင်မည်ဖြစ်ပါသည်။ မိုဘိုင်းဖုန်းသုံးစွဲသူမှ မိမိ၏ ဆင်းကတ်သည် မှတ်ပုံတင်ထားခြင်းမရှိကြောင်း တွေ့ရှိပါက မိမိနှင့်အနီးဆုံး အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင် များသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင် စသည့် သက်သေခံကတ်ပြား မိတ္တူတစ်ခုဖြင့် ဆင်းကတ်မှတ်ပုံတင်ခြင်းကို လွယ်ကူစွာပြုလုပ်နိုင်မည်ဖြစ်ပါသည်။

အူရီဒူး၏ Website link (သို့မဟုတ်) My Ooredoo Application ဖြင့် လွယ်ကူစွာ မှတ်ပုံတင်နိုင် ရန် နောင်တွင်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များလည်းရှိပါသည်။ အဆိုပါ လွယ်ကူမြန်ဆန်သည့်နည်း စနစ်ဖြင့် ဆင်းကတ်မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အစီအစဉ်ကို ဝန်ဆောင်မှုပေးရန် အဆင့်သင့်ဖြစ် သည်နှင့်တစ်ပြိုင်တည်း အူရီဒူးမှသုံးစွဲသူများထံသို့ အူရီဒူးမြန်မာမှ အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

သုံးစွဲသူများအနေဖြင့် ဆင်းကတ်ဝယ်ယူပြီးသည်နှင့်တစ်ပြိုင်နက် SIM Pack ပေါ်ရှိ PIN No. နဲ့ PUK No. ကို မှတ်ထားရန် လိုအပ်ပါသည်။ အကယ်၍ ဆင်းကတ်ပျောက်/ပျက်ခဲ့ပါက အဆိုပါနံပါတ်များကို တင်ပြခြင်းဖြင့် မိမိဆင်းကတ်ကို လွယ်ကူစွာပြန်လည်လျှောက်ထားရယူ ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ဆင်းကတ်ဝယ်ယူသည့်အခါတွင် ဆင်းကတ်ချိုးပြီးနောက် SIM Pack ကို သိမ်းထားပြီး သုံးစွဲသူအနေဖြင့် မိမိဆင်းကတ်၏ PIN No. နှင့် PUK No. တို့ကိုသိရှိမှသာလျင် ပိုင်ဆိုင်မှုပိုမိုခိုင်မာနိုင်မည်ဖြစ်သဖြင့်  ကတ်ပျောက်/ ကတ်ပျက်ဖြစ်လျင် အလွယ်တကူ ပြန်လည်သွားရောက် ထုတ်ယူနိုင်မည်ဖြစ်ပါသည်။