Friday, July 12, 2013

နွားနို့ ထဲက ဖားလေးနှစ်ကောင်…

July 3, 2013 at 10:12pm
တစ်ခါတုန်းက ဖားနှစ်ကောင်ရှိတယ်။ တစ်ကောင်က ၀၀ကစ်ကစ်လေးနဲ့ နောက်တစ်ကတော့ ပိန်ညောင်နေတာပဲတဲ့။ တစ်နေ့ တော့ ဒီဖားနှစ်ကောင်ဟာ အစာရှာစားရင်းနဲ့ မမျှော်လင့်ပဲ နွားနို့ အိုးကြီးထဲ ကို ကျသွားတယ်။ သူတို့ ကပြန်ထွက်ဖို့ ကြိုးစားပေမယ့် နွားနို့ အိုး နှုတ်ခမ်းက ချောနေတာကြောင့် ထွက်လို့  မရဖြစ်နေပြီး နွားနို့ ထဲမှာပဲ ကူးခပ်နေတယ်။


ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ဒီလိုပဲ ကူးခပ်နေရတာ ဘာအကျိုးမှလည်းမရှိပါဘူး။ မကြာခင် နို့ ထဲမှာ နစ်သေတော့မယ့်အတူတူ အရှုံးပေးလိုက်တာကမှ ပိုကောင်းဦးမယ်ဗျာ” လို့ ပြောလိုက်တယ်။ ဒါနဲ့ ဂျပိန်ဖားလေးက “အားတင်းထားပါ ညီလေးရာ။ ဆက်ပြီး ကူးခပ်နေပါကွာ၊ ငါတို့ ကို တစ်ယောက်ယောက်က လာကယ်မှာပါ” လို့ ပြန်ပြောလိုက်တယ်။ ဒါနဲ့ အဲဒီဖားလေးနှစ်ကောင်က နွားနို့ ထဲမှာ ဆက်ပြီး ကူးခပ်နေတာပေါ့။

ခဏကြာပြန်တော့ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ဘာမှလည်း မထူးပါဘူးဗျာ၊ ကျွန်တော်တော့ အရမ်းမောနေပြီဗျာ၊  ကျွန်တော်တော့ ဆက်မကူးခပ်နိုင်တော့ဘူး၊ နွားနို့ ထဲ နှစ်ရင်လည်း နှစ်ပါစေတော့ဗျာ။ ဒီနေ့ က တနင်္ဂနွေနေ့ ဆိုတော့ ဘယ်သူကမှ အလုပ်ကိုလာမှာလည်း မဟုတ်ဘူး၊ ကျွန်တော်တို့ တော့ မျှော်လင့်ချက်မရှိတော့ပါဘူးဗျာ၊ ဒီကနေလည်း ထွက်နိုင်တော့မှာ မဟုတ်ပါဘူးဗျာ” လို့ ပြောပြန်တော့ ဂျပိန်ဖားလေးက “အားတင်းထား ပါကွာ၊ ဆက်ပြီးတော့ ကူးနေစမ်းပါ၊ တစ်ခုခုတော့ ဖြစ်လာမှာပေါ့၊ ကူးထား၊ ကူးထား” လို့ ပြန်ပြောတယ်။ ဒီလိုနဲ့ အချိန်နာရီ တော်တော်ကုန်သွားတယ်။

နောက်တစ်ခါ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ကျွန်တော်တော့ ဆက်ပြီး မကူးနိုင်တော့ဘူး။ ဒီလိုပဲ ကူးခပ်နေရတာ ဘာအကျိုးမှလည်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ နွားနို့ ထဲ နှစ်သေမှာပဲ၊ ဘာလို့ ကူးနေရဦးမှာလဲဗျာ” လို့ ပြောပြီး ဆက်မကူးတော့ပဲ ရပ်လိုက်တယ်။ ဖားဝတုတ်လေး က နောက်ဆုံးတော့ အရှုံးပေးလိုက်တယ်။ ဒါနဲ့ ပဲ သူဟာ နွားနို့ ထဲကို နှစ်ပြီး သေသွားတယ်။ ဂျပိန်ဖားလေးကတော့ ဆက်ပြီး ကူးခပ်နေတယ်။

ဆယ်မိနစ်လောက်လဲကြာရော ဂျပိန်ဖားလေးက သူ့ ခြေထောက်အောက်မှာ ခပ်မာမာ အရာတစ်ခုကို စမ်းမိလိုက်တယ်။ သူဟာ နွားနို့ တွေကို ထောပတ် ဖြစ်သွားအောင် ကူးခပ်ခြင်းအားဖြင့် မွှေလိုက်တာပါပဲ။ နောက်ဆုံးမှာတော့ အဲဒီ ထောပတ်ကို ထောက်ပြီး အားယူပြီး အိုးထဲကနေ အပြင်ရောက်အောင် ခုန်ထွက်သွားနိုင်ခဲ့တယ်။
 
ကျွန်မတို့ တွေလဲ ဘယ်လောက်ကြီးမားတဲ့ အခက်အခဲနဲ့ ကြုံတွေ့ နေရပါစေ အားမလျှော့ပဲ နောက်ဆုံးအချိန်အထိ ရုန်းကန်လှုပ်ရှားပြီး ကြိုးစားကူးခပ်ဖို့  လိုအပ်ပါတယ်။ ကျွန်မတို့ အတွက် ရုန်းထွက်နိုင်တဲ့ နည်းလမ်းဆိုတာကို ကျွန်မတို့ ရဲ့ ရုန်းကန်မှုထဲကသာ ရှာဖွေတွေ့ ရှိနိုင်မှာပါ။ ဒါကြောင့် အားမလျှော့ပဲ ဆက်လက် ကူးခပ်ကြရအောင်နော်။ FIGHTING !!! J

Melissa D Zartman ရဲ့ Two Frogs in the Milk ဆိုတဲ့ ပုံပြင်လေးကို ပြန်ဆိုထားတာပါ။ မူရင်းအင်္ဂလိပ်လိုလည်း ထည်သွင်းပေးထားပါတယ်။
စနိုး

No comments:

Post a Comment