Monday, March 16, 2015

တာဝါတိုင် ၁,၆၀၀ ကျော် ပိုင်ဆိုင်ထားသည်ဟု Telenor ပြော


 
ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Telenor Myanmar သည် တာဝါတိုင်ပေါင်း ၁၆၀၀ ကျော် ကို လက်ရှိအချိန်၌ တည်ဆောက်ပြီးစီးခဲ့သည်ဟု Telenor Myanmar CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။

လစဉ်လတိုင်း ကျင်းပပြုလုပ်လာခဲ့သည့် Telenor ၏ Net Monday တစ်နှစ်ပြည့် အခမ်းအနား၌ Mr. Petter Furberg က ပြောကြားခဲ့ခြင်းဖြစ်သည်။

“တာဝါတိုင် ၃၄၈ တိုင်နဲ့ ရန်ကုန်မှာ စခဲ့တာပါ။ အခုဆိုရင် ရန်ကုန်မှာ တာဝါတိုင် ၆၂၅ တိုင် ရှိနေ ပါပြီ။ နေရာအနှံ့မှာ ဆိုရင်တော့ တာဝါတိုင်က ၁,၆၀၀ ကျော်ရှိနေပါပြီ” ဟု Mr. Petter Furberg က ပြော သည်။

Telenor အနေဖြင့် ၂၀၁၅ ခုနှစ်အတွင်း တာဝါတိုင် ၃,၀၀၀ မှ ၄,၀၀၀ အကြား တည်ဆောက်နိုင်မည် ဟု မျှော်မှန်းထားကြောင်း သိရသည်။ Telenor ၏ အဆိုအရ မြန်မာနိုင်ငံ၌ 2G ကွန်ရက် အသုံးပြုသူသည် သုံးပုံတစ်ပုံခန့်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် 3G မှာ အသုံးပြုသူများပြားကြောင်း၊ 4G အသုံးပြုမှုမှာ ဟန်းဆက်အသုံးပြုမှု တွင်ကျယ်လာခြင်းနှင့် အစိုးရ၏ Spectrum တိုးချဲ့မှုအပေါ် မူတည်ကြောင်း Net Monday ပွဲ၏ ဆွေးနွေးချက်များအရ သိရသည်။

Net Monday ဆိုသည်မှာ လစဉ် ပထမအပတ် တနင်္လာနေ့၌ ပုံမှန်တွေ့ဆုံ ဆွေးနွေးကြသည့် နည်းပညာ ပွဲတစ်ခုဖြစ်ပြီး အဆိုပါပွဲကို Telenor က ဦးစီး ကျင်းပလာခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့သည်ဟု သိရသည်။ အဆိုပါ တစ်နှစ်ပြည့် Net Monday ပွဲကို ယခုလ ၉ ရက်က ရန်ကုန် ပြည်သူ့ ဥယျာဉ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။


Internet Journal

No comments:

Post a Comment