Thursday, March 26, 2015

ခုနစ်ပေ အကွာကနေ ဖုန်းကို လက်ဟန် ခြေဟန်နဲ့ ထိန်းချုပ်နိုင်မည့် နည်းပညာ


 လေထဲကနေ လက်ဟန် ခြေဟန် ပြလိုက်ရုံနဲ့ ဖုန်းကို ဖွင့်ပိတ်၊ သီချင်းသံ အတိုးအကျယ်၊ ဖုန်းကိုင် ဖုန်းချ စသဖြင့် လိုသလို ခိုင်းစေနိုင်မည့် နည်းပညာလာပြီ။
နော်ဝေနိုင်ငံမှ Elliptic Labs နည်းပညာ လုပ်ငန်းက တီထွင်ခြင်း ဖြစ်သည်။ ခုနစ်ပေ အဝေးကနေ ဖုန်းကို လက်ဟန် ခြေဟန်ဖြင့် ထိန်းချုပ်နိုင်မည်။ ဖုန်းပိုင်ရှင်၏ လက်ဟန် ခြေဟန်ကို အာထရာဆောင်း လှိုင်းဖြင့် အာရုံခံမည် ဖြစ်သည်။ ဓာတ်ပုံများ တစ်ပုံပြီး တစ်ပုံ ရွှေ့ကြည့်နိုင်၊ သီချင်း အဖွင့်အပိတ် အတိုးအကျယ် လုပ်နိုင်၊ ဗီဒီယို ဖွင့်နိုင် ပိတ်နိုင်မည်။
ဆဲလ်ဖီပုံများ ရိုက်ရာတွင် ဖုန်းကို ခပ်လှမ်းလှမ်း မှာထားပြီး လက်ဟန် ခြေဟန်နဲ့ အချက် ပေးလိုက်ပြီး ရိုက်နိုင်မည်။ ဂိမ်းများကို လက်ဟန် ခြေဟန်ဖြင့် ထိန်းချုပ် ဆော့ကစားနိုင်မည်။
အာထရာဆောင်းလှိုင်း ထုတ်လွှတ်ဖို့လည်း သီးခြား ပစ္စည်းထပ် သုံးနေစရာမလို။ ဖုန်း၏ စပီကာ ပေါက်ကနေ လွှင့်ထုတ်နိုင်သည်။ ဖုန်းပိုင်ရှင်၏ လက်ဟန် ခြေဟန်ကို ရိုက်မိပြီး ပြန်ကန်လာသော လှိုင်းများကို မိုက်ခရို ဖုန်းပေါက်က ဖမ်းယူကာ အဓိပ္ပာယ်ဖွင့်ပြီး ဖုန်းကို ခိုင်းစေမည် ဖြစ်သည်။
လင်းနို့များသည် ပဲ့တင်သံကို အားကိုးပြီး သွားလာခြင်း ကဲ့သို့ပင် ဖုန်းသည်လည်း ပဲ့တင်သံကို အဓိပ္ပာယ် ဖွင့်ကာ ခိုင်းစေချက်များကို လိုက်လုပ်မည် ဖြစ်သည်။ ဖုန်းပတ်လည် (၁၈၀) ဒီဂရီလုံးမှ လက်ဟန်ခြေ ဟန် ပြသမှုကို နားလည်နိုင်စွမ်း ရှိကြောင်း သိရသည်။

Source: Daily Mail

အောက်က ဗွီဒီယို ကြည့်ပြီး လေ့လာနိုင်ပါတယ် ...




Credit : The Messenger News Journal

No comments:

Post a Comment