Thursday, November 20, 2014

ဘာသာစကား ၂၀ အား အပြန်အလှန် ဘာသာပြန်ပေးနိုင်သည့် သင်ကြားမှု အထောက်အကူပြု Tablet


ဘာသာစကား ၂၀ ခန့်အား အပြန်အလှန် ဘာသာပြန်ဆို ပေးနိုင်သည့်အပြင် ဘာသာစကား လေ့လာသင်ယူခြင်းများနှင့် ခရီးသွားလာခြင်း များအတွက် အထောက်အကူ ပြုပေးနိုင်မည်ဖြစ်သည့် သင်ကြားလေ့ကျင့်မှု သင်ထောက်ကူ Learning Tablet အမျိုးစားသစ်တစ်ခု ပြည်တွင်း ဈေးကွက်သို့ ဝင်ရောက်လာကြောင်း သိရသည်။


အဆိုပါ Tablet မှာ Mobilo  V-72 အမျိုးအစားဖြစ်ပြီး Mobilo Language Learning Tablet အမည်ဖြင့် ဈေးကွက်သို့ ဝင်ရောက်လာမည် ဖြစ်သည်။ ၎င်း Tablet မှာ Android OS Version 4.2.2 အမျိုးအစားကို အသုံးပြုထားသော Tablet ဖြစ်ပြီး ယင်း Tablet တွင် ဘာသာစကားများအနေဖြင့် မြန်မာ၊ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ပေါ်တူဂီ၊ ရုရှ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ လာအို၊ ဘင်္ဂါလီ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အာရပ် အစရှိသော ဘာသာစကား အမျိုး ၂၀ အား အပြန်အလှန် ဘာသာပြန် အသုံးပြုနိုင်မည် ဖြစ်သည်။

 
Tablet တွင် ဘာသာစကား လေ့လာသင်ယူခြင်းနှင့် အသုံးပြုခြင်း များအတွက် ဘာသာစကား သင်ယူခြင်း၊ အသံဖြင့် ဘာသာပြန်ခြင်း၊ စကားပြောအဘိဓာန် (OXFORD Dictionary)၊ လုပ်ငန်းသုံး အဘိဓာန်၊ ဖတ်စာအုပ်များ၊ ဦးနှောက် လေ့ကျင့်ခန်း၊ အခြေခံမှ စတင်သင်ကြားခြင်း၊ ခရီးသွား ၁၀၀၊ မေးခွန်းများ (သဒ္ဒါ ၊ ဝေါဟာရ)၊ ဘာသာစကား အမျိုးမျိုးပြော စာအုပ်၊ လျှပ်တစ်ပြက်ကဒ်၊ စကားပြောစေခိုင်းခြင်း၊ အသံထွက်စာအုပ် အစရှိသောစ နစ်များအား အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။


ယင်းနှင့်ပတ်သက်၍ Learning Tablet အားတင်သွင်း ရောင်းချပေးသော NMC Co.,Ltd မှတာဝန်ရှိသူ ကိုစိုးငွေရက ''ဒီ Tablet ဟာ ပုံမှန် Tablet တစ်ခုအနေနဲ့ အသုံးပြုနိုင်တဲ့အပြင် ကိုယ့်ရဲ့ခရီးသွား အိတ်ဆောင် Dictionary တစ်ခုလို၊ ဒါမှမဟုတ် ဘာသာပြန် ပစ္စည်းတစ်ခုလိုမျိုး အသုံးပြုနိုင်ပါတယ်။ Android OS ကိုအသုံးပြု ထားတဲ့အတွက် အခြားကိုယ် အသုံးပြုလိုတဲ့ ဆော့ဖ်ဝဲတွေနဲ့ App တွေ၊ ဂိမ်းတွေကိုလည်း ထပ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။ ဖုန်းလိုင်းအတွက်တော့ ဖုန်းကတ်ထည့်သုံးဖို့ Sim Card ပေါက် မပါဝင်ပါဘူး။ ဒါပေမယ့် Wi-Fi စနစ်နဲ့တော့ အင်တာနက် အသုံးပြုနိုင်ပါတယ်'' ဟု ပြောသည်။


Tablet တွင်ပါဝင်သော စနစ်များထဲ၌ စကားပြော အဘိဓာန် OXFORD အဘိဓာန်စနစ်မှာ စကားပြောဆိုခြင်း စာကြောင်းများအား ဘာသာပြန်ပေး နိုင်မည်ဖြစ် ပြီး မိမိသိရှိလိုသော ပြောဆိုမှုဆိုင်ရာ အသုံးအနှုန်းများကို စာကြောင်းအလိုက် ရှာဖွေအသုံးပြု နိုင်မည်ဖြစ်သည့်အပြင် အသုံးပြုပြောဆိုလိုသော ဘာသာစကား အမျိုးအစားအတိုင်း အသံထွက်နှင့် စာလုံးပေါင်းအား ဖော်ပြပေးနိုင်မည် ဖြစ်သည်။ (ဥပမာ) မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြောဆိုလိုပါက ရှာဖွေသော နေရာတွင် မြန်မာမှ အင်္ဂလိပ်သို့ ရွေးချယ်ထားပြီး မြန်မာစာဖြင့် နေကောင်းလားဟု ရိုက်ထည့် ရှာဖွေလိုက်ပါက အင်္ဂလိပ်စာဖြင့် How are you? ဟုပေါ်လာမည်ဖြစ်ပြီး အသံထွက်ကိုလည်း တစ်ပါတည်း ဖော်ပြပေးမည် ဖြစ်သည်။ 


ထိုသို့ပင် အင်္ဂလိပ်မှ မြန်မာ၊ ဂျာမန်မှ မြန်မာ၊ မြန်မာမှ ဂျာမန်၊ ထိုင်းမှ မြန်မာ၊ မြန်မာမှ ထိုင်း အစရှိသဖြင့် ပါဝင်သော ဘာသာစကားအမျိုး ၂၀ လုံးအတွက် အပြန်အလှန် ရှာဖွေအသုံးပြု နိုင်မည်ဖြစ်သည်။
ထို့ပြင်ခရီးသွား ၁၀၀ စနစ်မှာလည်း ခရီးသွားလာသူများ ပြည်ပသို့ သွားလာသူများအတွက် အသုံးပြုရန် အဆင်ပြေနိုင်မည် ဖြစ်သော စနစ်ဖြစ်သည်။ ၎င်းစနစ်တွင် ဘာသာစကားများအား စိတ်ကြိုက်ရွေးချယ်ကာ ဘာသာတစ်ခုမှ အခြားတစ်ခုသို့ အလွယ်တကူ ဘာသာပြန်ဆို ပေးနိုင်မည်ဖြစ်ပြီး ယင်းစနစ်တွင် စကားပြောဆိုမှု အခြေခံ ပုံစံများ၊ နှုတ်ဆက်ပုံ၊ ပါတီ၊ သူငယ်ချင်းဖွဲ့ခြင်း၊ အကူအညီ တောင်းခံခြင်း အစရှိသဖြင့် ခေါင်းစဉ်များ ခွဲ ၁၀ ခု ခွဲခြားပေးထားမည်ဖြစ်ပြီး မိမိသိရှိလို ပြောဆိုလိုသော စကားလုံးနှင့် အသံထွက်အား နှစ်သက်ရာ ဘာသာဖြင့် အလွယ်တကူ လျင်မြန်စွာရှာဖွေ အသုံးပြု နိုင်မည်ဖြစ်သည်။


''ဒီ Tablet ကို အသုံးပြုတဲ့နေရာမှာ ဘာသာစကားတွေကို အသံထွက်ရော စာလုံးပေါင်းတွေကိုပါ တစ်ပါတည်း ဖော်ပြပေးနိုင်တဲ့အ တွက် ဒါက ဘာသာစကား လေ့လာသင်ယူ သူတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စာအတွက် Dictionary တွေက ဆော့ဖ်ဝဲတွေအနေနဲ့ ရှာဖွေအသုံးပြုဖို့ လွယ်ကူပေမယ့် အခြား စပိန်၊ ပြင်သစ်၊ အီတလီ အစရှိတဲ့ ဘာသာစကားတွေ အတွက်ကတော့ ရှာဖွေအသုံးပြုဖို့ သိပ်ပြီးမလွယ်ကူပါဘူး။ ဒါကြောင့် ဒီ Tablet ကို အသုံးပြုမယ်ဆိုရင် ဘာသာစကားတွေကို စတင်လေ့လာ ချင်သူတွေအတွက် ဘာသာစကား ၂၀ ကို အပြန်အလှန် လေ့လာနိုင်မှာပါ။ ဒါ့အပြင် Voice Translate လို့ခေါ်တဲ့ အသံနဲ့ ဘာသာပြန်တဲ့ စနစ်မှာလည်း ကိုယ့်ရဲ့ အသံထွက်ပေါ်မှာ မူတည်ပြီး Offline အသုံးပြုမယ်ဆိုရင် ၈၀ ရာ ခိုင်နှုန်း မှန်ကန်မှုကို ပေးနိုင်ပြီး Online အသုံးပြုမယ် ဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်း မှန်ကန်မှုကို ပေးနိုင်မှာပါ'' ဟု ကိုစိုးငွေရမှ ဆက်လက် ရှင်းပြခဲ့သည်။


၎င်း Tablet တွင် ဘာသာစကား စတင်လေ့လာသူများအတွက် ဘာသာရပ်အလိုက် စာလုံးရေးသားမှုပုံစံ ရေးသားမှု နည်းစနစ်များနှင့် အသံထွက်များကိုပါ တစ်ပါတည်း လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ Touch to Speak စနစ်တွင်လည်း ဘာသာစကားအလိုက် ပြောဆိုမှုပုံစံစာလုံးများ အသံထွက်များကို လေ့လာနိုင်မည် ဖြစ်သည့်အပြင် ကလေးသူငယ်များအတွက် အင်္ဂလိပ်စာ လေ့ကျင့်ခန်းများအဖြစ် အသုံးပြုနိုင်မည်ဖြစ်သော​ ရုပ်ပုံများဖြင့် စာသင်ကြားနိုင်သည့် Flash Cards စနစ်များကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။
အဆိုပါ Tablet ၏ အရွယ်အစားမှာ ၇.၀ လက်မဖြစ်ပြီး Dual-core 1.2GHz Cortex-A9 CPU အမျိုးအစားကို အသုံးပြုထားသည်။ မှတ်ဥာဏ်အနေဖြင့် Internal Memory 32GB ပါဝင်ပြီး Micro SD Card ထပ်မံထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ ဈေးနှုန်းမှာ ကျပ် ၂၄၉,၀၀၀ ဖြစ်ပြီး NMC Co.,Ltd ဖုန်း-၀၉၄၅၀၀၄၂၀၉၉ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မည် ဖြစ်သည်။

 
-ကိုသက်

internetjournal

No comments:

Post a Comment