Tuesday, July 15, 2014

Samsung Galaxy Note 4 တွင် eye scanner ပါဝင်လာဖွယ်ရှိ





Samsung သည် Galaxy S5 ကို မမိတ်ဆက်ပေးမီက ၎င်းစမတ်ဖုန်းတွင် eye scanner ကို အသုံးပြုမည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း Galaxy S5 ထွက်ပေါ်လာချိန်တွင် eye scanner ထက် fingerprint sensor ကိုသာ Samsung က ထည့်သွင်းပေးခဲ့သည်။

သို့သော်လည်း @SamsungExynos Twitter account ၏ tweet တစ်ခုတွင် eye scanning user interface ပါဝင်သည့် ဖုန်းတစ်ခု၏ ဓာတ်ပုံတစ်ခုကို ပြသခဲ့သောကြောင့် Samsung အနေဖြင့် eye scanning နည်းပညာကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုရမည် ဖြစ်သည်။

အဆိုပါ ဓာတ်ပုံတွင် Samsung ၏ eye scanning နည်းပညာကို မိုဘိုင်းဖြင့် ငွေပေးချေခြင်း၊ လျှပ်စစ်ဓာတ်အားနှင့် ဈေးဝယ်စင်တာတွင် ငွေပေးချေခြင်းတို့အတွက် အသုံးပြုနိုင်ကြောင်း ဖော်ပြထားသည်။ Galaxy S5 တွင် အသုံးပြုထားသည့် fingerprint sensor သည် PayPal မှတစ်ဆင့် ငွေပေးချေမှုများ ပြုလုပ်နိုင်သည်။

Samsung သည် ယခုနှစ် မေလတွင် စမတ်ဖုန်းကို မျက်လုံးဖြင့် စစ်မှန်ကြောင်း အထောက်အထားပြနိုင်မည့် user interface အတွက် တောင်ကိုရီးယား၌ မူပိုင်ခွင့်တစ်ခု လျှောက်ထားခဲ့သည်။ အဆိုပါ eye scanner များကို မကြာမီတွင် စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများတွင်လည်း အသုံးပြုနိုင်မည်ဟု Samsung ဒုဥက္ကဋ္ဌက အတည်ပြု ပြောကြားထားဖူးသည်။

ကောလာဟလ သတင်းများ အနေဖြင့် ထွက်ပေါ်နေသည့် Galaxy Note 4 တွင် အသစ်ထွက်ရှိမည့် Exynos 5433 octa-core processor နှင့်အတူ ကွေးညွှတ်နိုင်သည့် ၅.၇ လက်မ QHD (1440x2560 pixel) resolution display ကို အသုံးပြုထားသည်။ ထို့အပြင် 3GB RAM, 32GB internal storage, 16-megapixel ကင်မရာနှင့် Android 4.4 (KitKat) တို့ကို အသုံးပြုထားကြောင်း သိရသည်။

Samsung သည် Galaxy Note 4 ကို ယခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် IFA 2014 ပြပွဲ၌ Google Glass ၏ ပြိုင်ဘက်ဖြစ်သော Gear Blink နှင့်အတူ မိတ်ဆက်ပြသဖွယ်ရှိသည်။
Ref: The Times of India

Internet Journal

No comments:

Post a Comment