Wednesday, July 23, 2014

ဖုန်း / သင်ပုန်း သုံးသူတွေရဲ့ အကောင့်


ဒီကနေ့ ဖုန်း / သင်ပုန်း သုံးသူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုကို ဖြေရှင်းကြရအောင်ပါ။

1. Sign in (၀င်ခြင်း) 

အင်တာနက်နဲ့ ချိတ်ဆက်ပြီး စမတ်ဖုန်း / သင်ပုန်း အသုံးပြု ပြုချင်း မေးလ်-အကောင့် (mail account) တစ်ခုခုနဲ့ မဖြစ်မနေ Sign in ၀င်ရမြဲပါ။ ဆိုင်ကနေ ဖုန်း / သင်ပုန်း အသစ် ၀ယ်လာလို့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်ကနေ လက်လွှဲလက်ပြောင်း ရယူတာပဲ ဖြစ်ဖြစ် မိမိကိုယ်ပိုင် အကောင့်နဲ့သာ ၀င်ပြီး အသုံးပြုရတာပါ။ မေးလ်-အကောင့် (mail account) တစ်ခုခု ရှိမနေသေးရင် အသစ် လုပ်ကို လုပ်ရပါမယ်။ မြန်မာနိုင်ငံမှာတော့ အများစုက G-mail အကောင့်ကိုသာ အသုံးပြုတဲ့အတွက် G-mail အကောင့် အသစ်ဖွင့်ပြီး သုံးပေါ့။ အကောင့်ရှိပြီးသား သူများအတွက်တော့ Sign in ၀င်လိုက်ရုံပါ။

 ဒီလိုဆို မေးလ်အကောင့် မရှိတဲ့သူတွေ ဖုန်း/ သင်ပုန်းကို မသုံးရတော့ဘူးလား မေးစရာ ရှိပါတယ်။ စာရေးသူရဲ့ ပုဂ္ဂလိကအမြင်နဲ့ ဖြေရရင် ခပ်ရှင်းရှင်းပါပဲ။ No နိုး။ လုံးဝ မသုံးသင့်ဘူး။ စမတ်ဖုန်းကို ဆိုလိုတာပါနော်။ (သာမန် စကားပြောရုံလေးလောက်သာ အသုံးပြုတဲ့ ဖုန်းတွေကို မဆိုလိုပါ။) စမတ်ဖုန်းလို့ ခေါ်ကတည်းက အင်တာနက်နဲ့ ချိတ်ဆက်ပြီး အဆက်အသွယ် လုပ်ဖို့လေ။ ဆက်သွယ်ဖို့ရာ အကောင့်မရှိတဲ့ သင့်ကို ဘယ်သူက လာပြီး ဆက်သွယ်မှာလဲ၊ ပြီးတော့ သင်ကကော ဘယ်သူ့ကို သွားပြီး ဆက်သွယ်မလဲ။ ဒါကို မမေ့ကောင်းဘူး။

ဥပမာ-သတင်းထူး တစ်ပုဒ် ဖတ်လိုက်ရတယ်၊ မိတ်ဆွေတွေဆီ ရှယ်လ်ချင်တယ်။ ဒီအဆင့်လေးတင် သင်ရဲ့အကောင့်၊ မိတ်ဆွေရဲ့ အကောင့် လိုအပ်နေပြီလေ။ ပြီးတော့ မီဒီယာကဏ္ဍကို အသုံးချဖို့ အင်တာနက်က ပေးအပ်ထားတာပါ။ သင်က မန်ဘာတစ်ယောက်အဖြစ်ကော၊ မီဒီယာသမားအနေနဲ့ကော သင့်ရဲ့ စွမ်းဆောင်နိုင်သမျှ လုပ်ဆောင်ချက်ပေါ် မူတည်ပြီး အင်တာနက်ကို အသုံးချလို့ ရပါသေးတယ်။ ဒီအတွက်ကြောင့် အကောင့်တစ်ခု လိုကို လိုအပ်ပါတယ်။ ဒီနေရာမှာ အကောင့်ကို မန်ဘာဝင် (membership) လို့လည်း ခေါ်ဆိုလို့ ရပါတယ်။

အရင်ခေတ်လို ဖုန်းဆိုတာ ဖုန်းဆက်ရုံလောက် မဟုတ်တော့ဘူး။ ဖုန်းကနေတစ်ဆင့် ချိတ်ဆက်ထားတဲ့ အင်တာနက်ကွန်ယက်ကို ၀င်ပြီး အထွေထွေ သုံးတဲ့ခေတ် ရောက်ရှိနေပါပြီ။ ဒီအတွက်ကြောင့် ဆက်သွယ်ရေးကဏ္ဍမှာ ပြင်ပ ဆက်သွယ်မှုအတွက် ဖုန်းနံပါတ် ရှိနေရသလို၊ အတွင်း ဆက်သွယ်မှုအတွက် မေးလ်အကောင့်တစ်ခုကိုပါ လိုအပ်လာပါတယ်။ ဆိုရရင် အင်တာနက်နဲ့ ချိတ်ဆက်ပြီးကတည်းက သင်ဟာ အွန်းလိုင်းလောကထဲ စာရင်းဝင်သွားပြီ။ စာရင်းဝင်တစ်ယောက်ပီပီ ရယူခွင့် ရှိတာကိုလည်း ရယူကြရမယ်။ ပေးခွင့်ရှိတာကိုလည်း ပေးဆပ်ရမယ်လေ။ ဥပမာ- အွန်းလိုင်းပေါ်က တင်ထားသမျှကို ကြည့်ရုံ၊ နားထောင်ရုံ၊ ဖွေရှာ မွှေနှောက်ရုံနဲ့ သင် ဘယ်သူဘယ်ဝါဆိုတာ မည်သူကမှ ဂရုမစိုက်ပါ။ ဒါပေသိ အွန်းလိုင်းပေါ် တင်ထားတဲ့ ရယူပိုင်ဆိုင်ခွင့် တစ်ခုခုကို (အခမဲ့ဖြစ်ဖြစ်၊ ငွေပေး ၀ယ်ရတာပဲဖြစ်ဖြစ်) သင်က ရယူတော့မယ်ဆိုရင်၊ ဒါမှမဟုတ် သင်က ပေးချင်တယ်ဆိုရင် ယူကြောင်း၊ ပေးကြာင်း လက်မှတ်လေးတော့ ချန်ထားခဲ့ရမှာပေါ့။

ဒီလက်မှတ်လေးကိုပဲ အကောင့် (account) လို့ သတ်မှတ်ကြသလို လက်မှတ်ထိုးတာကိုတော့ Sign in လို့ ခေါ်ဆိုကြတာပေါ့။

2. Add (အကောင့် ထည့်ခြင်း) 

တကယ်လို့များ သင်က ဂူးဂဲလ်ရဲ့ အန်ဒရွိုက် စက်လည်ပတ်မှုစနစ်နဲ့ မောင်းထားတဲ့ ဖုန်း / သင်ပုန်းကို သုံးတော့မယ် ဆိုပါစို့…။ Gmail account ဂျီမေးလ်အကောင့် တစ်ခု မုချ လိုအပ်ပါတယ်။ ဒါဆို Gmail account ဂျီမေးလ်အကောင့်ကို သင့်ဖုန်း / သင်ပုန်းမှာ ဘယ်လို အသစ် ထည့်သွင်းမလဲ၊ အဟောင်းကို ဘယ်လို ဖျက်သိမ်းမလဲဆိုတာ သိထားသင့်ပါတယ်။ အသစ်ထည့်တာ လွယ်ပေမယ့်၊ အဟောင်းကို ဖျက်တာကိုတော့ သတိထားရပါမယ်။ ဖုန်း / သင်ပုန်းအတွင်းမှာ သိမ်းဆည်းထားတဲ့ နံပါတ်၊ လိပ်စာ-စတဲ့ အချက်အလက်တွေပါ ပျေက်သွားမှာ စိုးရလို့ပါ။ ကဲ တစ်ဆင့်ချင်းစီ လုပ်လိုက်ကြစို့ . . .။


၁။ ကျားကွက်လို အကွက်အများကြီးပါတဲ့ မီနူ-အပ်ပ် (Menu) ကို ဖွင့်လိုက်ပါ။
၂။ Setting (ပင်နယံပုံစံ) ကို ရှာပြီး နှိပ်ပါ။ (ဇယားကွက်တွေ ပေါ်လာရင်)
၃။ Accounts & Sync ကိုရွေးပြီး နှိပ်ပါ။
၎။ Add account ကိုနှိပ်ပါ။ (ကိုယ်ပိုင်အကောင့်ကို ထည့်ဖို့ပါ။)
ပြီးရင်- Corporate, Facebook, Google စတဲ့ အကောင့်အမျိုးအစား ၃-မျိုး ပေါ်လာမယ်။
၎။ Google ကိုရွေးပြီး နှိပ်ပါ။
၅။ Adding an account ကို ထပ်ရွေးပါ။
၆။ Next (ရှေ့သို့) ကို ထပ်နှိပ်ပါ။ ပြီးရင်- Already have a Google Account စာတန်း ပေါ်လာမယ်။ ထည့်သွင်းခြင်းကိစ္စ ပြီးပါပြီ။
၇။ ဒါဆိုရင် Sign In ကို အသုံးပြုလို့ ရပါပြီ။
(Sign In ၀င်တဲ့အခါမှာ ID နာမည်၊ Password လျှို့ဝှက်နံပါတ် ရိုက်ထည့်ရုံလေးပေါ့။ (အကောင့် အများကြီး ထည့်သွင်းထားရင် ထည့်သွင်းထားတဲ့ အကောင့်တိုင်းနဲ့ ၀င်သုံးလို့ ရတယ်။ ဒါပေမယ့် ပြဿနာ မကြာခဏ ပေါ်လေ့ရှိတယ်။ စက်ပြဿနာပါ။)

 3. Delete (အကောင့် ဖျက်ခြင်း) 

တစ်ခါတရံ ဖုန်းမှာ အကောင့်ရှိနှင့်နေပြီးသားလည်း ဖြစ်တတ်ပါတယ်။ မိမိလက်ထဲ မရောက်ခင် မူလပိုင်ရှင်က အကောင့်ထည့်သွင်းထားတာ၊ သို့မဟုတ် ဖုန်း / သင်ပုန်းအသစ် စ၀ယ်ကတည်းက မိမိကိုယ်ပိုင်အကောင့် မရှိသဖြင့် ဆိုင်က သူတို့ရဲ့ အကောင့်နဲ့ စမ်းသပ် ထည့်ပေးတာမျိုး ရှိတတ်တယ်။

အကောင့် ထည့်ပြီးသား ဖုန်း / သင်ပုန်း မိမိလက်ဝယ် ရောက်လာပါက ဖုန်းဆက်ရုံ၊ အင်တာနက် မွှေနှောက် အသုံးပြုရုံလေးက ကိစ္စမရှိသေးပေမယ့် တစ်ခုကို ဒေါင်းယူ (Download) ရတော့မှာတို့၊ အဘိဓာန်လိုမျိုး အသုံးချ အပ်ပ် တစ်ခုခုကို ထည့်သွင်း(Install) ချင်တာတို့ဆို ကိစ္စက ကြီးလာပါပြီ။ ဖုန်း / သင်ပုန်းမှာ ရှိနှင့်ပြီးသား အကောင့်ရဲ့ လျှိ့ဝှက်ဂဏန်း (password) ကို မိမိ ဘယ်လိုမှ မသိနိုင်ပါ။ ဟိုဘက်က စိတ်ကောင်းလို့ ပေးထားတယ် ထားဦး၊ သူများအကောင့်နဲ့ ဘယ်သုံးချင်ပါ့မလဲလေ။

 သို့ဖြင့် အကောင့်ဟောင်းကို ဖျက်တတ်ဖို့ကလည်း လိုအပ်ပါတယ်။ (မဖျက်တတ်က ထည့်သွင်းထားသမျှ၊ အချက်အလက်၊ သီချင်း၊ ဗီဒီယိုတွေ ကုန်သွားမှ ဒုက္ခ။) အဲ… သူများ အကောင့်ဟောင်းချည်းပဲ ဖျက်လို့ရတာ မဟုတ်ဘူး၊ မိမိရဲ့အကောင့်က လူသိများသွားပြီ၊ ဖျက်ချင်တယ် ဆိုလည်း ရတာပါပဲ။ ကဲ… အကောင့်ဟောင်းကို တစ်ဆင့်ချင်း ဖျက်လိုက်ရအောင်။


၁။ ကျားကွက်လို အကွက်အများကြီးပါတဲ့ မီနူ-အပ်ပ် (Menu) ကို ဖွင့်လိုက်ပါ။

၂။ Setting (ပင်နယံပုံစံ) ကို ရှာပြီး နှိပ်ပါ။ (ဇယားကွက်တွေ ပေါ်လာရင်)

၃။ Accounts & Sync ကိုရွေးပြီး နှိပ်ပါ။(တွေ့နေတဲ့ အကောင့်ဟောင်းကို ဖျက်ဖို့ရာ)

၎။ Manage accounts ကို နှိပ်ပါ။

၅။ တွေ့နေတဲ့ အကောင့်ဟောင်းကို နှိပ်နှိပ်ချင်း Data & Synchronization တပ်ခ်ျ ပေါ်လာမယ်။ (အောက်သို့ ဆွဲချပါ။)

၆။ Remove account စာတန်း ပေါ်လာလိမ့်မယ်။ နှိပ်လိုက်ပါ။

၇။ မှားမှာစိုးလို့ Do you really want to remove this account? စာတန်းနဲ့ ထပ်မေးလို့မယ်။

၈။ Remove account ကိုပဲ ရွေးနှိပ်ပါ။

ဒီနေရာမှာ သတိထားရမှာက Remove နဲ့ Delete all ပါ။ တကယ်လို့များ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ-စတာတွေကို backup လုပ်ထားရင် Remove နဲ့ Delete all ကို မှားပြီး နှိပ်မိလည်း ကိစ္စ မရှိပါ။ Restore ပြန်လုပ်လို့ ရတယ်။ backup သာ လုပ်မထားရင် Remove account ကိုပဲ ရွေးနှိပ်ပါ။


4. Restore (မူလအတိုင်း) 

ဖုန်း / သင်ပုန်းကို စက်ရုံက ထုတ်လုပ်ထားတဲ့ မူလပုံစံအတိုင်း လိုချင်ရင် Restore ပြန်လုပ်ဖို့ လိုပါတယ်။
၁။ Settings
၂။ Privacy
၃။ Personal data
၎။ Factory data reset ကို ရွေးပြီး၊
၅။ Reset ကိုသာ နှိပ်ချလိုက်ပါ။

ဖုန်း / သင်ပုန်းမှာ ထည့်သွင်း လုပ်ဆောင်ထားတဲ့ အပိုလုပ်ဆောင်ချက်တွေမှန်သမျှ မူလအတိုင်း ပြန်ဖြစ်သွားပါမယ်။ (မှတ်ချက်။ အကောင့်သစ် တစ်ခုကို ထည့်သွင်းတာ လွယ်ကူပေမယ့်၊ ရှိနှင့်နေတဲ့ အကောင့်ဟောင်း တစ်ခုကို ဖျက်ရတာ အနည်းငယ်တော့ ရှုပ်နေမယ်။ သတိထားပြီး ဖျက်ပါ။ ဖုန်း / သင်ပုန်းမှာ အရေးကြီးတဲ့ အချက်အလက် ဘာမှ ရှိမနေဘူးဆိုရင် ရဲရဲသာ ဖျက်ချကြည့်ပါ။ အားလုံး အဆင်ပြေပါစေ…။

မှီငြမ်း- Google Account
Credit :http://ayechanmon.blogspot.com

No comments:

Post a Comment