Thursday, April 23, 2015

စမတ်ဖုန်းများကို တစ်မိနစ်အတွင်း အားသွင်းနိုင်မည့် အလူမီနီယံ ဘက်ထရီ



 
စမတ်ဖုန်းများကို အားသွင်းရာတွင် တစ်မိနစ်သာ ကြာမြင့်မည့် အလူမီနီယံဖြင့် ပြုလုပ်ထားသော ဘက်ထရီကို တီထွင်နိုင်ခဲ့ကြောင်း အမေရိကန် သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။

အဆိုပါ အလူမီနီယံ ဘက်ထရီများသည် ဈေးသက်သာပြီး တာရှည်ခံသလို လိုအပ်သလို ကွေးဆန့် နိုင်ကြောင်း အဆိုပါ သိပ္ပံပညာရှင်များက ဆိုခဲ့သည်။


၎င်းအလူမီနီယံ အိုင်ယွန် ဘက်ထရီသစ်သည် လက်တော့ပ်နှင့် မိုဘိုင်းဖုန်း သန်းပေါင်းများစွာတွင် အသုံးပြုနေသည့် လစ်သီယမ် အိုင်ယွန် ဘက်ထရီများ၏ နေရာတွင် အစားထိုးနိုင်ဖွယ်ရှိကြောင်း သုတေသီများ၏ ပြောကြားချက်ကို Nature ဂျာနယ်တွင် အသေးစိတ်ဖော်ပြခဲ့သည်။


အလူမီနီယံ ဘက်ထရီသည် အားသွင်းရာတွင် အလွန်လျင်မြန်ရုံတင်မက လက်ရှိအသုံးပြုနေသည့် မီးလောင်လွယ်သော လစ်သီယမ် ဘက်ထရီများထက် ပိုမိုစိတ်ချရသလို တာရှည်ခံနိုင်ကြောင်း သိရသည်။
အလူမီနီယံ ဘက်ထရီ ဖန်တီးသည့်အဖွဲ့ကို ကယ်လီဖိုးနီးယားပြည်နယ်ရှိ စတန်းဖို့ဒ်တက္ကသိုလ်မှ ဓာတုဗေဒ ပါမောက္ခ ဟုန်ဂျီဒိုင်က ဦးဆောင်ခဲ့ပြီး ၎င်းအဖွဲ့သည် ဂရပ်ဖိုက်က အလူမီနီယံနှင့် ပူးတွဲအလုပ်လုပ်နိုင်သည်ကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တစ်မိနစ်အတွင်း အားသွင်းနိုင်သည့် အလူမီနီယံ ဘက်ထရီသစ်၏ ရှေ့ပြေးပုံစံကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။


ထို့အပြင် လစ်သီယံ အိုင်ယွန် ဘက်ထရီများကို အကြိမ် ၁,၀၀၀ ခန့်သာ အားသွင်းနိုင်သော်လည်း အလူမီနီယံ ဘက်ထရီသစ်တွင် capacity ဆုံးရှုံးမှု မရှိစေဘဲ အကြိမ် ၇,၅၀၀ ကျော်ခန့် ဆက်လက် အားသွင်းနိုင်ကြောင်း သိရသည်။


Ref: Reuters

No comments:

Post a Comment