Wednesday, December 23, 2015

♪ " Password ထိန်းမည့် မန်နေဂျာများ " ♫

ကွန်ပျူတာသုံးနေရသရွေ့၊ မိုဘိုင်းပစ္စည်းများသုံးနေရသရွေ့၊ အွန် လိုင်းသုံးနေရသရွေ့၊ Password များက အရေးကြီးနေပါဦးမည်။ လုံခြုံမှု ကို ယင်း Password များက အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းပေး သည်ကား မှန်၏။ သို့သော် တစ်နေရာတွင် Log in ၀င်တိုင်း Password တစ်ခုလိုမည်ဖြစ်ရာ Log in ၀င်ရသောနေရာများလေ Password များလာ လေဖြစ်မည်။ စာလုံးရေအနည်းဆုံး ရှစ်လုံးမျှပါဝင်သည့် လုံခြုံသော Password တို့ကို လူတစ်ဦးသည် တစ်ကြိမ်သုံးလျှင် သုံးမျိုးထက်ပို၍ မှတ် မိရန်မလွယ်။ ထို့ကြောင့် အလွန်လွယ်ကူသော Password တစ်မျိုးတည်း ကိုပင် နေရာအစုံ၌သုံးဖြစ်ကြပါသည်။

Password တစ်မျိုးတည်းကိုပင် နေရာအစုံ၌သုံးခြင်းကား သုံးသူအဖို့ လုပ်ရကိုင်ရလွယ်၏။ သို့သော် လုံခြုံမှုအတွက် အန္တရာယ်များလှ၏။ နေရာစုံအတွက် Password အစုံသုံးမည်ဆိုလျှင် စာအုပ်ဖြင့် အကျအန ရေးမှတ်မှအဆင်ပြေပေလိမ့်မည်။ သို့တည်းမဟုတ် မိမိ၏ device ထဲတွင် မှတ်သားသိမ်းဆည်းမှ အဆင်ပြေပေလိမ့်မယ်။ ထိုနည်းလမ်းကလည်း လုံခြုံမှုအတွက် ကောင်းလှသည်မဟုတ်။ သို့ဖြစ်ရာ ပိုမိုအဆင်ပြေလွယ် ကူစေမည့်နည်းလမ်းအချို့ကိုဆောဖ့်ဝဲရေးသူများက ဖော်ထုတ်လာသည်။ ယင်းမှာ Password မန်နေဂျာများ ဖြစ်ပါ၏။ Master Password တစ်ခုကို မှတ်သားထားရုံဖြင့် ကျန်သည့် Password ပါင်းစုံကို တစ်နေရာတည်း တွင် လုံခြုံစွာသိမ်းဆည်းနိုင်ရန် Password မန်နေဂျာများက အကူအညီ ပေးသည်။ အခမဲ့အသုံးပြုနိုင်မည့် Password မန်နေဂျာများကို အောက်ပါ အတိုင်းတွေ့ရပါမည်။

* Password Box *
www.passwordbox.com မှ download ဆွဲချပြီး အသုံးပြုနိုင်သည်။ Password Box သည် စဦးတီထွင်လုပ်ငန်းဖြစ်သော်လည်း စီးပွားရေးလုပ် ငန်းကြီးများ၏ သဘောကျနှစ်ခြိုက်ခြင်းကို ခံခဲ့ရသည်။ ဤဆောဖ့်ဝဲကို Intel က ၀ယ်ယူပြီး လုံးလုံးလျားလျား အခမဲ့သုံးနိုင်ရန် ဆောင်ရွက်ပေး ခဲ့သည်။ သို့သော်ဤဆောဖ့်ဝဲသည် မူလက အခပေးဆောဖ့်ဝဲဖြစ်ခဲ့ရာ ယင်းအထဲတွင် အဆင့်မြင့်စွမ်းရည်များ အသင့်ပါနေပြီဖြစ်ပါသည်။

ဤဆောဖ့်ဝဲအား ပုံစံနှစ်မျိုးဖြင့် အသုံးပြုနိုင်သည်။ ပထမတစ်မျိုး မှာ browser တစ်ခုခုတွင် add-on အဖြစ် သုံးနိုင်ခြင်းဖြစ်ပြီး ဒုတိယတစ်မျိုး မှာ Mobile application အဖြစ် သုံးနိုင်ခြင်းဖြစ်သည်။ Add-on အဖြစ် တွဲနိုင် သော browser များတွင် Chrome ၊ Firefox ၊ Opera ၊ IE နှင့် Safari တို့ ပါ ၀င်သည်။ Safari ဟုဆိုသဖြင့် Windows သာမက Mac တွင်ပါ သုံးနိုင်မည် ဟူသော သဘောဆောင်သည်။ ထိုစနစ်တွင် မိမိ၏ Password အားလုံး ကို အွန်လိုင်းတွင်သိမ်းဆည်းပေးထားမည်ဖြစ်ပြီး ကျန် Mobile Application များနှင့်လည်း အလွယ်တကူ Sync လုပ်နိုင်ပါမယ်။ ဒုတိယအမျိုးအစား ဖြစ်သော Mobile တွင် Android နှင့် iOS စနစ်သုံးအဖြစ် ရရှိနိုင်သည်။

Password မန်နေဂျာအတော်များများသည် အခမဲ့ဟုဆိုသော်လည်း ကွန်ပျူတာ (သို့မဟုတ်) မိုဘိုင်းဖုန်းတစ်မျိုးမျိုးပေါ်တွင်သုံးမှသာ အခမဲ့ ဖြစ်ပါ၏။ device ပေါင်းစုံအပေါ်ပတ်ချာလှည့်ပြီး Sync လုပ်မည်ဟုဆိုလျှင် အခမဲ့မဟုတ်သည်က များပါ၏။ Password Box ကား ဤကဲ့သို့မဟုတ်။ မည်သည် device ပေါ်တွင် သုံးသုံး၊ device မည်မျှသုံးသုံး အခမဲ့။ ဤ သည်မှာ အားသာချက်တစ်ရပ်ဟု ဆိုနိုင်ပါသည်။

Password Box ၏၀န်ဆောင်မှုကို သုံးရသည်မှာ လွယ်လှပါသည်။ browser add-on ကိုဆွဲချပြီး account တစ်ခုပြုလုပ်ကာ သုံးရုံသာဖြစ်သည်။ account ပြုလုပ်ပြီးသည့်အခါ လူကြိုက်များသော website ခြောက်ခုတွင် Password များ မည်သို့ထည့်သွင်းပြီး သိမ်းဆည်းရမည်ကို တစ်ဆင့်ပြီး တစ်ဆင့် ပြပေးပါမည်။ ပြသည့်လမ်းကြောင်းအတိုင်း အလိုက်သင့်လုပ် ရုံသာရှိပါသည်။ ထို Website များတွင် Facebook ၊ Twitter ၊ Dropbox စသည်တို့ပါဝင်သည်။

Site တစ်ခုတွင် account သစ်အတွက် Sign-up လုပ်သည့်အခါ text-box များထဲတွင် Password Box icon ပေါ်လာမည်။ မိမိဖြည့်သွင်းသော ကိုယ်ရေးအချက်အလက် အသေးစိတ်တို့ကို Password Box က သိမ်း ဆည်းမည်ဖြစ်ကြောင်း ပြသခြင်းဖြစ်သည်။ နောက်တစ်ကြိမ် ယင်း Site သို့ ပြန်ဝင်မည်ဆိုလျှင် Password Box ၏ toolbar button လေးကို ကလစ် နှိပ်ပြီး ပေါ်လာသည့် Thumbnail icon များအနက်မှ မိမိဝင်လိုသည့် site icon ကိုနှိပ်ရုံသာဖြစ်ပါသည်။

browser add-on သည် unser name ၊ Password တို့ကို အလိုအလျောက် စနစ်ဖြင့် ဖြည့်ပေးပါမည်။ မိမိလုပ်ရမည့် အလုပ်တစ်ခုသာရှိသည်။ sing-in ဟူသော button နေရာတွင် ကလစ်တစ်ချက်နှိပ်ပေးရန် ဖြစ်သည်။ Password Box တွင် အခြားသော အပိုဆောင်းစွမ်းရည်များလည်းရှိသည်။ စိတ်ဝင်စားစရာ စွမ်းရည်တစ်ရပ်မှာ secure notepad ဖြစ်ပြီး ယင်းထဲတွင် ရေးထားသောမှတ်စုများကို ၀ှက်စာပြုလုပ်ပြီး သိမ်းဆည်းပေးမည်ဖြစ် သည်။ ထို့ပြင် မိမိ၏ Password အား မိသားစုဝင်များနှင့် မျှဝေသုံးစွဲနိုင် မည့်လုပ်ပိုင်ခွင့်ကိုလည်း ပေးအပ်ထားပါသည်။ account ပိုင်ရှင်မရှိတော့ သည့် တစ်နေ့တွင်ပင် အိမ်သားများက ယင်း account ကိုဆက်၍သုံးနိုင် ပါလိမ့်မည်။
Password အများအပြားကို သိမ်းဆည်းရန်လိုသူသည် ကွန်ပျူတာ တစ်လုံးတည်း၊ browser တစ်ခုတည်းပေါ်မှ သုံးမည်ဆိုလျှင် ဤဆောဖ့် ၀ဲအောက်တစ်ဆင့်နိမ့်သော Keepass ဆောဖ့်ဝဲကိုသုံးခြင်းက ပို၍သင့် တော်သည်။ Password များကို offine သိမ်းဆည်းပေးနိုင်ခြင်းကြောင့်ဖြစ် သည်။ Password များကို အွန်လိုင်းတွင် သိမ်းဆည်းခြင်းသည် တန်သလောက်လုံခြုံမှုရှိသော်လည်း မိမိ၏ကွန်ပျူတာထဲတွင် သိမ်းဆည်းခြင်း လောက်ကား လုံခြုံမှုမရှိနိုင်ပါ။

* KeePass Password Safe *
အလွန်သဘောကျစရာကောင်းသော Password မန်နေဂျာဖြစ် သည်။ Last Pass ကဲ့သို့ပင် open-soure ဆောဖ့်ဝဲတစ်ခုလည်းဖြစ်ပါသည်။ အထင်ကြီးလောက်စရာ interface မျိုးမရှိသော်လည်း ကောင်းစွာအလုပ် ဖြစ်သည်။ တစ်နေရာတည်းမှနေ၍ လုပ်ငန်းအားလုံးကိုစုစည်း လုပ်ဆောင် နိုင်သော အစွမ်းရှိသည်။ မိမိ၏ Password များကို offline သိမ်းဆည်းမည် ဟုဆိုလျှင် အကောင်းဆုံးဆောဖ့်ဝဲများထဲမှ တစ်ခုဖြစ်သည်။

PC အခြေပြုဆောဖ့်ဝဲဖြစ်ပြီး Portbale ဆောဖ့်ဝဲအဖြစ်လည်း မင်မိုရီ စတစ်ထဲတွင် သယ်ဆောင်ကာ အသုံးပြုနိုင်သည်။ offine သုံးနိုင်သည့် ဆောဖ့်ဝဲဖြစ်ရာ အသုံးပြုရပုံမှာ Password Box ထက် ပို၍လွတ်လပ်ပေါ့ ပါးပါသည်။ အထဲတွင်သိမ်းထားသမျှ user name နှင့် Password တို့အား ၀ှက်စာပုံစံပြောင်းပေးမည်ဖြစ်ပြီး ယင်းတို့ကို ကွန်ပျူတာထဲတွင်ဖြစ်စေ၊ မင်မိုရီစတစ်ထဲတွင်ဖြစ်စေ သိမ်းဆည်းနိုင်သည်။ ထို့ကြောင့် မိမိ၏ထိန်း ချုပ်မှုအောက်တွင် မရှိသော server ပေါ်တွင် Password များသိမ်းဆည်း သည့်အတွက်ရသော စိုးရိမ်ပူပန်မှုမျိုးတွေ့ရန် အကြောင်းမရှိပါ။

ဆောဖ့်ဝဲကိုပထမဆုံးအကြိမ်စသုံးသည့်အခါ မည်သည့်စာမျှမပါ သော ကွက်လပ်များကို တွေ့ရပါမည်။ master Password ကို ဦးစွာသတ် မှတ်ပြီးမှ ရှေ့ဆက်နိုင်ပါမည်။ user name နှင့် Password များကို သက်ဆိုင် ရာခေါင်းစဉ် သက်ဆိုင်ရာ website အလိုက် ခွဲခြားသိမ်းဆည်းနိုင်ပါသည်။ သက်ဆိုင်ရာ website တွင် log-in လုပ်ရာ၌ copy and paste နည်းဖြင့် အ လွယ်တကူဖြည့်နိုင်ပါသည်။ browser မှနေ၍ Password များကို access မလုပ်နိုင်ခြင်းကား ဤဆောဖ့်ဝဲ၏ အားနည်းချက်ဖြစ်သည်။ သို့သော် အချို့ browser များတွင် Keepass အား တွဲချိတ်၍သုံးနိုင်စေမည့် Add-on များ ထုတ်လုပ်ထားသည်လည်းရှိပါသည်။


* Clipper Z *
ဤဆောဖ့်ဝဲသည် အွန်လိုင်းအခြေပြုဆောဖ့်ဝဲဖြစ်ပါသည်။ သက်ဆိုင်ရာ personal information တို့ကိုအွန်လိုင်းမှသာပြန်လည်ရယူနိုင်သည်။ user name နှင့် Password တို့ကို သိမ်းဆည်းနိုင်မည်သာမက bank account detail နှင့် credit card detail တို့ကိုပါ သိမ်းဆည်းနိုင်ပါသည်။ data တို့ကို အွန်လိုင်းတွင်သိမ်းဆည်းထားသော်လည်း browser သုံးကာ အင်တာနက် ချိတ်ဆက်နိုင်သော မည်သည့် device မှမဆို ယင်းကို access လုပ်နိုင် သည်။ screen size အားလုံးတွင် သင့်တော်စွာအလုပ်လုပ်နိုင်အောင် စီ စဉ်ပေးထားသည်ဖြစ်ရာ မည်သည့် device ပေါ်ရှိ Clipper Z မှ သုံးသည် ဖြစ်စေ ရလဒ်မှာ အတူတူဖြစ်ပါသည်။ log-in ၀င်သည့်အခါ auto-filling လုပ်မပေးနိုင်ခြင်းကား ဤဆောဖ့်ဝဲ၏ အားနည်းချက်ဖြစ်ပါသည်။

ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 

No comments:

Post a Comment