Monday, May 13, 2013

စနစ်ကျသော ဘဝအစီအစဉ်

internetcopy များ ( ချိုးငှက်ဟူသည်မှ )

Aung Ko U

အနာဂတ်အောင်မြင်မှုအတွက် ခြေလှမ်းများ (၂)
စနစ်ကျသော ဘဝအစီအစဉ်

ယခင်တစ်ပတ်က အနာဂတ်အောင်မြင်မှု ခြေလှမ်းအမှတ်(၁) တွင် ဘဝအတွက် တိကျသော ရည်မှန်းချက်ပန်းတိုင် ကိုသတ်မှတ်ရန် ပြောခဲ့ပြီးဖြစ်ပါသည်။ ယခုတစ်ပတ်တွင် မိမိ မျှော်လင့်ထားသော ရည်မှန်းချက်ပန်းတိုင် ကို အရောက်သွားရန်အတွက် စနစ်ကျသော ဘဝအစီအစဉ်ကို မည်သို့ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်များကို ဆက်လက်ပြောလိုပါသည်။

ပထမခြေလှမ်းဖြစ်သည့် တိကျသော ရည်မှန်းချက်ပိုင်းတိုင်ကို ဖြစ်ချင်သော ဆန္ဒ၊ ဝါသနာပါရာကို အခြေခံကာ ရွေးချယ်ပြီးလျှင် ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အတွက် ဘဝစီမံကိန်းကို တစ်နှစ်ခြင်း၊ တစ်လခြင်း၊ တစ်နေ့ခြင်း အလိုက် စနစ်တကျ သတ်မှတ်ရပါမည်။ နောင်လာမည့် (၁ဝ) နှစ်တွင် မိမိလိုချင်သော ဘဝပိုင်ဆိုင်ရမည် ဆိုသည်မှာ မဟာဗျူဟာ (Strategy) ဖြစ်ပြီး၊ နေ့စဉ်၊ လစဉ်၊ နှစ်စဉ်ဆောင်ရွက်ရမည့် အသေးစိတ်အစီအစဉ်များသည် နည်းဗျူဟာ (Tip tap) များဖြစ်ပါသည်။ ၎င်းတို့ကို သတ်မှတ်ထားသည့် အချိန်အတိုင်း အတာအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် မိမိလိုချင်သော ပန်းတိုင်ကို အရောက်လှမ်းနိုင်ပါလိမ့်မည်။

မိမိသတ်မှတ်ထားသည့် ပန်းတိုင်အတွက် (၁ဝ) နှစ်သတ်မှတ်ထားလျှင် ပထမ (၃)နှစ်တွင် သက်ဆိုင်ရာ ပညာရပ်တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်စေရန် စိတ်နှစ်ကာ တစ်စိုက်မတ်မတ် လေ့လာသင်ယူ လေ့ကျင့်ရပါမည်။ ဒုတိယ (၃) နှစ်တွင် ထိုပညာရပ်ကို အခြေတည်ကာ လုပ်ငန်းခွင်ကို ဝင်ရောက် ကြရပါမည်။ လုပ်ငန်းခွင်တွင် ထို(၃)နှစ်အတွင် မိမိပညာကို ပိုမိုတိုးပွားအောင် ဆက်လက်လေ့လာရမည် ဖြစ်သလို နေရာတစ်ရာကို ရောက်ရှိအောင် ဆက်လက်ကြိုးစားနေကြရပါမည်။ ထိုအချိန်တွင် ငွေရေးကြေးရေးကို အတိုင်းအတာ တစ်ခုအထိ ရရှိလည်ပတ်နေလျှင် ကျေနပ်သင့်ပါသည်။ တစ်ခါတစ်ရံ လုပ်ငန်းခွင်တွင် ပိုက်ဆံနောက်ကို အလွန်အမင်း လိုက်မိလျှင် ရည်မှန်းချက်နှင့် လွဲချော်ကာ လမ်းပျောက် သွားတတ်ပါသည်။ ရောက်ရှိနေသည့် နေရာတွင် အမြဲတမ်း သာယာ ရောင့်ရဲမနေရန်လည်း အရေးကြီး ပါသည်။ (ဤသို့ ပြောသည့်အတွက် မိမိအလုပ်ကို ခြေစုန်ကန်ကာ ပြောင်းလဲ စေလိုခြင်းမဟုတ်ပါ။) လက်ရှိနေရာထက် မြင့်မားသော တစ်နေရာကို ဆက်လက် တက်လှမ်းနိုင်ရန် အတွက် အမြဲမပြတ် လေ့လာ အားထုတ် စေလိုခြင်း ဖြစ်ပါသည်။ အခြေအနေအရ လိုအပ်လာလျှင်လည်း ပြောင်းသင့်ပါက ပြောင်းရပါမည်။ တတိယ (၃) နှစ်တွင် နေရာတစ်ခု ခိုင်မြဲစပြုလာသောအခါ၊ အခြေကျစ ပြုလာသောအခါ ပိုက်ဆံစုဆောင်းနိုင်ရန် ကြိုးစားရပါတော့မည်။ ဝင်ငွေ၏ ၁ဝ% မှ ၂ဝ% ရာခိုင်နှုန်းကို မိမိ၏ ပညာရပ်အတွက် ပြန်လည် ရင်းနှီးမြှတ်နှံပါ၊ မိမိပညာရပ်နှင့်သက်ဆိုင်ရာ စာအုပ်စာတမ်းများ ဝယ်ယူခြင်း၊ သင်တန်းများ တက်ရောက်ခြင်း၊ ပညာရပ်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ ဝယ်ယူခြင်း စသည်များကို ဆိုလိုပါသည်။ ၃ဝ% ရာခိုင်နှုန်းခန့် စုဆောင်းနိုင်အောင်ကြိုးစားပါ။ အသုံးစရိတ်များအတွက် လိုချင်မှု (want) နှင့် လိုအပ်ချက် (need) ကိုခွဲခြားကာ သုံးစွဲနိုင်အောင် ထိန်းသိမ်းပါ။ အလျင်းသင့်သလို တတ်နိုင်သမျှ အလှူဒါနပြုပေးပါ။ စိတ်ထား ကောင်းမွန်၊ မြင့်မြတ်ခြင်း၊ ဘာသာတရားနှင့် အညီကျင့်ကြံ နေထိုင်နိုင်ခြင်း သည်လည်း ဘဝအောင်မြင်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါသည်။

နှစ်စဉ်လုပ်ဆောင်ရမည့် ကိစ္စများကို မပျက်မကွက် အကောင်အထည်ဖော်နိုင်ရန် အတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ချက်များတွင်လည်း အချိန်မှန်မှန် ဆောင်ရွက်ရန် အရေးကြီးပါသည်။ နေ့စဉ်လုပ်ငန်း ဆာင်ရွက်ရာတွင် သတိထားရမည့် အချက်မှာ ပေါ့လျော့တတ်ခြင်း နှင့် အခက်အခဲများနှင့် ကြုံရသည့်အခါ စိတ်ပျက် အားငယ် လက်လျော့တတ်ခြင်း များပင် ဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှ အချိန်ဇယား တစ်ခုထဲမှာ ဘဝကို လည်ပတ်ရသည်အခါ ပျင်းတတ်ပါသည်၊ ပေါ့တတ်ပါသည်။ ထိုအခါ လုပ်ငန်းကိစ္စများကို ရွှေ့တတ်ကြပါသည်။ ချက်ချင်းတော့ ဘာမှ ဖြစ်မသွားနိုင်ပါ။ နောက်တစ်နေ့တွင် ပုံမှန်အတိုင်း ဖြစ်နေသည့်အတွက် ဘာမှမဖြစ်ဟု ထင်နိုင်သော်လည်း နောင် (၁ဝ) နှစ်ကြာသည့်အခါ မိမိဆောင်ရွက်သမျှ အကောင်း၊ အဆိုးကို ခံစား၊ စံစားကြရပါမည်။ နောက်တစ်ချက်ဖြစ်သည့် အခက်အခဲ နှင့် ကြုံရသည့်အခါ စိတ်ဓါတ်မကျပါနှင့်၊ ဘဝကို စတင်ရရှိကတည်းက လူသားအားလုံးသည် အခက်အခဲကို ပိုင်ဆိုင်ထားကြသည်ပင် ဖြစ်ပါသည်။ တွေ့ရသည့် အချိန်၊ တွေ့ရသည့် အကြိမ်အရေအတွက် များသာ ကွာခြားကြပါလိမ့်မည်။

စာရေးသူ၏ ဘဝကို အနည်းငယ်ပြောလိုပါသည်၊ စာရေးသူသည် နောက်ဆုံးနှစ်ကတည်းက ဆရာဦးနေမျိုး(စိန်ပေါလ်) ထံတွင် အင်္ဂလိပ်ဘာသာစကားကို စတင်လေ့လာခဲ့ပြီး ၂ဝဝ၅ ခုနှစ်၊ ကျောင်းပြီး ချိန်တွင် နိုင်ငံခြားတွင် ပညာဆက်လက် သင်ကြားရန် ရည်ရွယ်ချက်ဖြင့် ဆရာကြီးကျောင်းကို အင်္ဂလိပ်ဘာသာစကား သင်ယူရန်အတွက် ရောက်လာခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြား မသွားဖြစ်ဘဲ ၂ဝဝ၈ ခုနှစ်မှာ လုပ်ငန်းခွင် ဝင်ခဲ့ရပြန်ပါတယ်။ လုပ်ငန်းခွင်အတွင်း တစ်နှစ်အတွင်းမှာ ကျန်းမာရေး ပြဿနာ ကြုံရပြန်တယ် ။ ၂ဝ၁ဝ ခုနှစ်မှာ ကျန်းမာရေး အခြေအနေကြောင့် အလုပ်မှထွက်ကာ ဘဝရှေ့ရေးအတွက် ကျွန်တော် စဉ်းစားရပြီလေ ။ ကျွန်တော့် ကျန်းမာရေး အခြေအနေဟာ သာမာန် စိတ်ဓါတ်နဲ့ဆိုရင် ဘဝကို ဆက်လက် မတည်ဆောက်ချင်တော့ လောက်အောင် စိတ်ပျက် အားငယ် အရှုံးပေး ရပ်တန့်သွားနိုင်တယ်။ ဒါပေမဲလည်း ကျွန်တော် ဘဝကို အရှုံးမပေးခဲ့ပါ။ တည်ငြိမ်အောင်တော့ တော်တော်ကို ကြိုးစားရပါသည်။ ဒီလိုနဲ့ အင်္ဂလိပ်ဘာသာစကား ဆရာတစ်ယောက် အဖြစ်နဲ့ပဲ အသက် မွေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်အလုပ် မဝင်ခင်က အင်္ဂလိပ်ဘာသာစကားကို တော်တော် ကျွမ်းကျွမ်းကျင်ကျင် ဖြစ်နေပေမဲ့ အလုပ်ထွက်ပြီး ပြန်လာတဲ့အခါ အလေ့အကျင့် ပျက်သွားတော့ သိနေပေမဲ့ ပြေမထွက်တော့ဘူး၊ ပုံမှန်ပြန်ဖြစ်အောင် အသည်းအသန် ပြန်လေ့ကျင့်ရတယ်။ အခုတော့ စာဖတ်သူတို့ တွေ့ရတဲ့အတိုင်း နိုင်ငံကျော် ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းကျောင်းမှာ လက်ထောက်ဆရာ တစ်ယောက်ဖြစ်လာခဲ့သလို ကိုယ့်ရဲ့ အသိပညာ ဗဟုသုတ တွေကိုလည်း တတ်စွမ်း သမျှ မျှဝေပေးနေပြီး လူအများရှေ့မှာ ရပ်တည်ရတဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ယခု အကြောင်းများကို ပြောနေခြင်းသည် ကိုယ်ရည်သွေးပြီး ပြောနေခြင်းမဟုတ်ပါ။ အခက်အခဲကို ရင်ဆိုင်နိုင်ရန်အတွက် ဥပမာ ပေးခြင်းသာ ဖြစ်ပါသည်။
မည်သည့်အခက်အခဲနှင့် တွေ့ကြုံသည်ဖြစ်စေ မိမိဆက်လုပ်ရမည့် ကိစ္စကိုသာ မဆုတ်မနစ် ဇွဲမလျှော့ဘဲ လုပ်ရန်သာ အရေးကြီးပါသည်။ ၂ဝ၁ဝ ခုနှစ်မှ ပြန်လည် စတင်ခဲ့သည့် စာရေးသူ၏ ဘဝအစီအစဉ်ကို တစ်ရက်ခြင်း၊ တစ်လခြင်း၊ တစ်ရက်ခြင်း သတ်မှတ်ထားသည့် အတိုင်း အကောင် အထည်ဖော်ခဲ့သည်မှာ ယခုအချိန်သည် ပထမ (၃) နှစ် အတွက် နောက်ဆုံးနှစ်ကို ရောက်နေပါပြီ နောက်နှစ် ၂ဝ၁၄ ခုနှစ်တွင် မိမိဘဝ တစ်ဆင့်ထပ်မြှင့် နိုင်ဖို့အတွက် ဆက်လက်ကြိုးစားရပါမည်။

အချုပ်အားဖြင့် ပြောရပါလျှင် လူသားတို့သည် မွေးဖွားချိန်မှ သေဆုံးချိန်အထိ ဘဝခရီးလမ်း တစ်လျှောက်တွင် ပထမအဆင့်အနေဖြင့် ဘဝရပ်တည်နိုင်ရေး ကြိုးစားကြရပါသည်။ ထိုမှတဆင့် မိမိဖြစ်ချင်သော၊ ဖြစ်လိုသော အောင်မြင်မှု၊ ထင်ရှားကျော်ကြားမှု စသည့် ပန်းတိုင်များကို ဆက်လက် လျှောက်လှမ်းရန် ကြိုးစားကြပါသည်။ ထိုသို့လျှောက်လှမ်းကြရာတွင် ဦးတည်ချက်ပန်းတိုင်၊ လျှောက်မည့် လမ်းများကို တိတိကျကျ သေသေချာချာဖြင့် တွေ့ကြုံလာသည့် အခက်အခဲဟူသမျှကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှားကာ အောင်မြင်နိုင်ကြပါစေ ………

No comments:

Post a Comment