Friday, May 27, 2016

Root လုပ်ထားသော Android OS ဖုန်းများတွင် OTA Update ပြုလုပ်ခြင်း


Android OS စနစ်မှာ OTA (Over-the-air) updates ကို Root လုပ်ထားတဲ့ ဖုန်းတော်တော် များများမှာထည့်သွင်း အသုံးပြုလို့ မရပါဘူး။ တစ်နည်းပြောရရင်  OTA update ဆိုတာက Official Firmware upgrade လုပ်ခြင်းကို ပြောတာလည်း ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း ထုတ်လုပ်သူတွေက သူတို့ထုတ်လုပ်ထားတဲ့ မော်ဒယ် တစ်ခုစီအတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ဖုန်းရဲ့မိုဘိုင်း အင်တာနက် ပေါ်ကနေတစ်ဆင့် ဖုန်းထဲကို အွန်လိုင်းကနေ ထည့်သွင်းပေးတာကို Firmware upgrade သို့မဟုတ် update ပြုလုပ်ခြင်းလို့ ခေါ်ပါတယ်။ OS update သို့မဟုတ် upgrade ကိုတော့ ထုတ်လုပ်စဉ် ကတည်းကအတိုင်း အသုံးပြုတဲ့ ဖုန်းတွေမှာသာ ရရှိတာဖြစ်ပါတယ်။

လွယ်လွယ်ပြောရမယ် ဆိုရင်တော့ ဖုန်းကိုအကြောင်း အမျိုးမျိုးကြောင့် Root လုပ်ထားတဲ့ သုံးစွဲသူတွေအနေနဲ့ ကတော့ အခုလိုမျိုး OTA update ကို ဖုန်းရဲ့ မိုဘိုင်းအင်တာနက် စနစ်ကနေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ Root မလုပ်ထားတဲ့ ဖုန်းတွေမှာသာ OTA update ကို  အသုံးပြုနိုင်မှာပါ။ အခုနောက်ပိုင်း ထွက်ရှိလာတဲ့ FlashFire လို့ခေါ်တဲ့ Tool အသစ်နဲ့ ဒီအခက်အခဲကို ကောင်းစွာ ဖြေရှင်းနိုင်ပြီ ဖြစ်ပါတယ်။
''OTA updtae ကို Root လုပ် ထားတဲ့ ဖုန်းတွေမှာ ဘာကြောင့် အသုံးမပြုနိုင်တာလဲ''
OTA update ကို Root လုပ်ထားတဲ့ ဖုန်းတွေမှာ ဘာလို့ထည့်သွင်း အသုံးမပြု နိုင်လဲဆိုတာကတော့ Andoird OS စနစ်က Linux ပေါ်အခြေခံ ထားတာဖြစ်ပြီး Android စနစ်သုံးဖုန်းတွေမှာ  Root user အနေနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားလို့ ဖြစ်ပါတယ်။  Root user ဆိုတာကတော့ Windows စနစ်မှာလိုမျိုး ကိုယ့်ရဲ့ PC ကို Administrator user account လိုမျိုး အသုံးပြုတာနဲ့ တူပါတယ်။  နောက်တစ်ချက်က Android OS စနစ်မှာ ပုံမှန်အားဖြင့် သုံးစွဲသူတွေကို Root user အနေနဲ့ အသုံးပြု နိုင်ဖို့အတွက် မဖန်တီးပေးထားပါဘူး။ ဖုန်းကို (Root user) တစ်နည်း Administrator user အနေနဲ့ အသုံးပြုနိုင်ဖို့ အတွက်ကတော့ ဖုန်းကို Root လုပ်ထားမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဖုန်းကို Root လုပ်လိုက်မယ် ဆိုရင်တော့ သုံးစွဲသူဟာ Android OS စနစ်မှာ ထည့်သွင်းပေးထားတဲ့ လုံခြုံရေးစနစ်ကို ဂရုစိုက်စရာမလိုဘဲ မိမိစိတ်ကြိုက် OS တစ်ခုလုံးကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။
ဖုန်းကို Root လုပ်လိုက်မယ် ဆိုရင်တော့ ဖုန်းထဲမှာ SuperSU ဆိုတဲ့ App တစ်ခုပေါ်လာမှာဖြစ်ပြီး အဲဒီ App ကနေ ဖုန်းထဲက App & Game တွေကို လိုသလိုထိန်းချုပ် နိုင်စေမှာလဲ ဖြစ်ပါတယ်။ Android OS Lollipop ဗားရှင်းနဲ့ သူ့အရင်ထွက်ခဲ့တဲ့ OS စနစ်တွေမှာ ဖုန်းကို နဂိုစက်ရုံက ထုတ်စဉ်ကအတိုင်း Root မလုပ်ထားမှသာ OTA update ပြုလုပ်နိုင်အောင် ဖန်တီးထားတာဖြစ်ပြီး ဖုန်းကို OTA update ပြုလုပ်မယ်ဆိုရင်တော့ ဖုန်းရဲ့ OS စနစ်ကို Unroot ပြန်လုပ်ပြီးမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်း ကို OTA update လုပ်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းမှာ ထည့်သွင်းထားတဲ့ Root စနစ်ကို ဆုံးရှုံးရမှာ ပါ။
''FlashFire ဆိုတာဘာလဲ''
FlashFire ဆိုတာကတော့ SuperSU ကို ဖန်တီးခဲ့တဲ့ Chainfire ရဲ့ အစွမ်းထက် Tool တစ်ခုပဲ ဖြစ်ပါတယ်။ FalshFire Tool နဲ့ ဖုန်းမှာ OTA update ပြုလုပ်ခြင်း၊ .zip ဖိုင်ကနေ Install လုပ်ခြင်း၊ Backup နဲ့ Restore အသစ်တွေ ကိုယ်တိုင်ဖန်တီးခြင်း၊ အချက်အလက်ဖိုင်တွေကို လိုသလို ရှင်းလင်းခြင်းစတဲ့ လုပ်ဆောင်ချက်တွေကို အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေ ကိုယ်တိုင် manual အနေနဲ့ Backup ဒါမှမဟုတ် restore စတဲ့ recovery စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် OTA Update ပြုလုပ်ဖို့ အတွက်လည်း ဖုန်းကို un-rooting လုပ်ခြင်း၊ ဖုန်းကို root ပြန်လုပ်ခြင်း re-rooting စတာတွေကို အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
OTA update လုပ်ခြင်းကို root လုပ်ထားတဲ့ ဖုန်းတော်တော် များများမှာ အသုံးမပြုနိုင်ပါဘူး။ တချို့ဖုန်းတွေ update ကို download ပြုလုပ်နိုင်ပေမယ့် ဖုန်းမှာအဆင်ပြေပြေ install ထည့်သွင်းလုပ်ဖို့အတွက် FlashFire လိုမျိုး Tool အသုံးပြုမှရရှိမှာ ဖြစ်ပါတယ်။ အရင်ကထွက်ခဲ့တဲ့ FlashFire Tool ကို Android 4.2+ နဲ့အထက် ဖုန်းတွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်ပေမယ့် ခုချိန်ထိ FlashFire App ဟာ Beta အနေနဲ့ပဲ ထုတ်လုပ်ပေးထားတာ ဖြစ်တဲ့အတွက် တချို့ဖုန်းတွေမှာ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ FlashFire ကို ဖန်တီးထားတဲ့ ChainFire က Samsung မော်ဒယ် တော်တော်များများမှာ အသုံးပြုနိုင်တဲ့အပြင် Nexus ဖုန်းတွေမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ကိုယ့်အနေနဲ့ FlashFire Tool App ကိုအသုံးပြုပြီး OTA update  လုပ်မယ်ဆိုရင်တော့ ChainFire ရဲ့ Beta စမ်းသပ်မှု အစီအစဉ်မှာ ကိုယ်တိုင်ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ စမ်းသပ်ချင်သူတွေအနေနဲ့ https://play.google.com/apps/testing/eu.chainfire.flash ဖော်ပြပေးထားတဲ့ link ကနေသွားရောက်ပြီး စမ်းသပ်အသုံးပြု သူအနေနဲ့ FlashFire App ကို Google PlayStore ကနေ ရယူအသုံးပြုရမှာ ဖြစ်ပါတယ်။
FlashFire App ကို ထည့်သွင်းပြီးပြီ ဆိုရင်တော့ ဖုန်းကို Root လုပ်ထားရင်တောင် OTA update ကို အဆင်ပြေပြေနဲ့ တင်နိုင်မှာပဲ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး  Root လုပ်ထားတဲ့ Android OS 5.0 Lollipop ဖုန်းကနေ  Android OS 6.0.1 Marshmallow ကို OTA update ပြုလုပ်ပုံကို ဖော် ပြပေးသွားမှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ကိုယ့်ဖုန်း မှာ Update လုပ်နိုင်ပြီဆိုတဲ့ အသိ ပေးချက်ဝင်လာခဲ့တယ်ဆိုရင် တော့ update ဖိုင်ကို  Download ပြုလုပ်ထားလိုက်ပါ။ Download လုပ်ရုံပဲလုပ်ထားပြီး Install မလုပ်ပါနဲ့ဦး။ အဲလိုမှမဟုတ်ဘဲ Install လုပ်လိုက်မယ်ဆိုရင်တော့ Root လုပ်ထားတဲ့ ဖုန်းတွေမှာ install fail ဆိုတဲ့ ဖုန်း Update လုပ်ခြင်း အပြည့်အဝ မအောင်မြင်ဘူးဆိုတာ  ပေါ်လာပြီး Update ထပ်လုပ်ခိုင်းမှာ ဖြစ်ပါတယ်။
Update ဖိုင်တွေကို Download လုပ်ပြီးပြီးဆိုရင်တော့ FlashFire ကိုဖွင့်လိုက်ပါ။ ကိုယ့်ဖုန်းမှာ FlashFire App မရှိသေးဘူးဆိုရင်တော့ (https://play.google.com/apps/testing/eu.chainfire.flash) ကနေတစ်ဆင့်   Beta စမ်းသပ်ခြင်းမှာ ပါဝင်ပြီး App ကို ရယူလိုက်ပါ။ ဖုန်းထဲမှာ Update ဖိုင်အချက်အလက်တွေ အပြည့်အစုံ ရရှိပြီဆိုရင်တော့ FlashFire ကနေ OTA Update ဖိုင်တွေကို Flash (Install) လုပ်မလားဆိုတဲ့ အသိပေးချက် ပေါ်လာမှာဖြစ်ပြီး Flash လုပ်မှာဖြစ်တဲ့အတွက် OK ဆိုတာကို ရွေးပေးလိုက်ပါ။

ပြီးရင်တော့ FlashFire ကနေ OTA ဖိုင်ကို ဘာတွေလုပ်နိုင်မယ်ဆိုတာကို ဖော်ပြပေးမှာဖြစ်ပြီး မိမိအနေနဲ့ စိတ်ကြိုက်ရွေးချယ်ပေး နိုင်မှာလည်း ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ဘာမှမရွေးပေးလည်း ရပါတယ်။ 
တကယ်လို့များ ကိုယ့်ရဲ့ဖုန်းကို Root လုပ်စဉ်တုန်းက သာမာန် App တစ်ခုခုသုံးပြီး လုပ်ထားတာမျိုး မဟုတ်ဘဲ TWRP လိုမျိုး Custom recovery စနစ်ကနေဝင်ပြီး လုပ်ထားတာဆိုရင်တော့ FlashFire ကနေ ဖုန်းထဲက ဖိုင်တွေကို Backup အရင်လုပ်ပြီး  OTA update ဖိုင်တွေ Flash လုပ် ဆောင်ချက်ပြီးဆုံးမှ ပြန်လည် Restore လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီတော့ OTA Update ဖိုင်တွေကို flash လုပ်ဖို့အတွက် အလည်နားက Flash ဆိုတဲ့ စာသားပါတဲ့ အတန်းလေးကို နှိပ်လိုက်ပါ။
Flash စာသားကိုနှိပ်လိုက်မယ် ဆိုရင်တော့ ဖိုင်တွေကို Flash လုပ်ဖို့အတွက် အချိန်မိနစ် အနည်း ငယ်ကြာမယ်ဆိုတာနဲ့ ဖုန်းရဲ့ မြင်ကွင်း အမည်းရောင်အဖြစ် မိနစ်ဝက်ခန့် ၂ ကြိမ်ပေါ်လာနိုင်မယ်ဆိုတဲ့ အသိပေးစာသားပေါ် လာမှာဖြစ်ပါတယ်။ စာသားပေါ် လာရင်တော့ OK ကိုပဲ ရွေးပေးပါမယ်။
OTA ဖိုင်အားလုံးကို Flash လုပ်ခြင်း အားလုံးပြီးဆုံး သွားရင်တော့ ဖုန်းကို FlashFire ကနေ Reboot ချလိုက်မှာဖြစ်သလို နဂို Root နဲ့ ဆိုင်တဲ့ အချက်တွေကို Restore ပြန်လုပ်ပေးမှာ ဖြစ်ပါတယ်။ အားလုံးပြီးဆုံးချိန်ထိ စောင့်ဆိုင်းပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အောက်ဖော်ပြပါ ပုံအတိုင်း ကိုယ့်ရဲ့ဖုန်းဟာ Android 6.0.1 ကို ပြောင်းနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

Credit: ရဲထွဋ်ဝင်း
Internet Journal
ဇူးနစ်(နည်းပညာ)

No comments:

Post a Comment