Friday, September 5, 2014

မိုဘိုင်းဖုန်း အသုံးပြုရာ၌ တစ်စက္ကန့်ကို တစ်မိနစ်နှုန်းဖြင့် ကောက်ခံသည့်အတွက် Ooredoo ကို ဝေဖန်

♪ မိုဘိုင်းဖုန်း အသုံးပြုရာ၌ တစ်စက္ကန့်ကို တစ်မိနစ်နှုန်းဖြင့် ကောက်ခံသည့်အတွက် Ooredoo ကို ဝေဖန် ♫

မိုဘိုင်းဖုန်းလိုင်း အသုံးပြုရာ၌ တစ်စက္ကန့် ကျော်လွန်သည်နှင့် တစ်မိနစ်စာ အသုံးပြုခကို ကောက်ခံသည့် အတွက် Ooredoo ဖုန်းလိုင်းကို အသုံးပြုသူများက ဝေဖန်ပြောဆိုနေပြီဖြစ်သည်။  Ooredoo ဖုန်းလိုင်းများ သည် မိုဘိုင်းဖုန်းပြောဆိုခကို တစ်မိနစ်လျှင် ၃၅ ကျပ် ( Other Operator) သတ်မှတ်ထားသော်လည်း ၎င်းတို့ သည် တစ်မိနစ်နှင့် တစ်စက္ကန့် ကျော်လွန်သည့်အခါ နှစ်မိနစ်နှုန်းဖြင့် တန်ဖိုး ၇၀ ကျပ် ဖြတ်တောက်သည်ဟု လက်ရှိ Ooredoo ဖုန်းလိုင်း အသုံးပြုသူများက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချပေးနေသည့် မိုဘိုင်းဖုန်းလိုင်းများသည် မိုဘိုင်းဖုန်းပြောဆိုခကို တစ်မိနစ်လျှင် ၅၀ ကျပ် ကောက်ခံသော်လည်း မိုဘိုင်းဖုန်း ပြောဆိုသည့် အချိန်ကို စက္ကန့်ဖြင့် ပိုင်းခြား ကောက်ခံသည့်အတွက် အသုံးပြုရန် အဆင်ပြေသည်ဟု မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူများက ပြော သည်။  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုခကို တစ်စက္ကန့်ကျော်လွန် သွားသော်လည်း တစ်မိနစ်နှုန်း ဖြတ်တောက်ခြင်းမရှိကြောင်း၊ တစ်မိနစ်ကို ဆယ်ပုံပုံ၍ ကောက်ခံခြင်းဖြစ် သည့် အတွက် ခြောက်စက္ကန့်လျှင် ၅ ကျပ်သတ်မှတ်၍ ကောက်ခံနေခြင်းဖြစ်ကြောင်း အထက်ပါ လုပ်ငန်းဌာနမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။

Ooredoo ၏ မိုဘိုင်းဖုန်းလိုင်းများအနေဖြင့် မိုဘိုင်းဖုန်းအသုံးပြုခကို တစ်စက္ကန့်ကျော်လွန်လျှင် တစ်မိနစ်နှုန်း ဖြတ်တောက်နေခြင်းနှင့် ပတ်သက်၍ Ooredoo ၏ CEO ဖြစ်သူ Mr. Ross Cormack ကို တိုက်ရိုက် မေးမြန်းခဲ့သော်လည်း တိကျစွာပြန်လည် ဖြေကြားခဲ့ခြင်းမရှိပေ။  “MPT ကလည်း အရင်တုန်းက မိနစ်နဲ့ ဖြတ်တယ်ဗျ။ နောက်ပိုင်းတော့ သူကစက္ကန့်နဲ့ ဖြတ်တယ်။ Call အကြာကြီး ပြုလုပ်တတ်သူတွေ အတွက် မိနစ်နဲ့ဖြတ်တာ ပြသာနာမဟုတ်ပေမယ့် Call တိုတိုလေးတွေ ခဏခဏ ပြုလုပ်တဲ့လူတွေအတွက် မိနစ်နဲ့ဖြတ်တာ တော်တော်ဆိုးတယ်။ သူက တစ်စက္ကန့်ကျော်လွန်တိုင်း တစ်မိနစ်နှုန်း ဖြတ်ဖြတ်နေတယ်”ဟု Ooredoo နှင့် MPT မိုဘိုင်းဖုန်းလိုင်း နှစ်မျိုးစလုံး အသုံးပြုနေသူ ကိုမျိုးက ပြောသည်။
Internet Journal

No comments:

Post a Comment