Saturday, August 3, 2013

ဘဝအကြောင်းပုံပြင်…




 
               တစ်ခါက…ခရီးသွားတစ်ယောက်ဟာ လွင်ပြင်တစ်ခုကိုဖြတ်လျက် ခရီးသွားနေတုန်း သတ္တဝါကြီးတစ်ကောင်နောက်ကနေ လိုက်လာပါသတဲ့..။ ဒါနဲ့သူဟာ ရေမရှိတဲ့ရေတွင်းပျက်ထဲကို တွယ်ကပ်ဆင်းလိုက်ပါတယ်…။ ဒါပေမယ့် ရေတွင်းရဲ့  အောက်ခြေမှာလည်း နဂါးကြီးတစ်ကောင်က ပါးစပ်ကြီးဟပြီး စောင့်နေပါသတဲ့..။ဒါကြောင့် ခရီးသွားဟာ အပေါ်လည်းမတက်ရဲ အောက်လည်းမဆင်းဝံ့ဘဲ ရေတွင်းအုတ်ကြားမှာတွယ်ကပ်ပေါက်နေတဲ့ သစ်ပင်တစ်ပင်ရဲ့  သစ်ကိုင်းကို တွယ်ပြီး တွဲလောင်းခိုထားပါတယ်..။
 
            ခိုထားတဲ့ လက်တွေဟာလည်း အားအင်ဆုတ်ယုတ်လာကြပါတယ်..။ မကြာမီမှာပဲ သူဟာ ရေတွင်းအောက်သို့ဆင်းရမည်..ဒါမှမဟုတ် အထက်သို့တက်ရမည်..။ အောက်ဆင်းသည်ဖြစ်စေ အထက်တက်သည်ဖြစ်စေ ခရီးသည်ဟာ မိမိသေမယ်ဆိုတာ သိတဲ့အတွက် အားခဲပြီး သစ်ကိုင်းကိုတွဲခိုထားပါတယ်..။

              ခရီးသည်ခိုထားတဲ့ အပင်ရဲ့  အမြစ်ကိုတော့ ကြွက်ဖြူနဲ့ ကြွက်မည်းနှစ်ကောင်က လှည့်ပတ်ကိုက်ဖြတ်နေကြပါတယ်..။ ခရီးသည်က သူဆွဲကိုင်ထားတဲ့ သစ်ကိုင်းကိုစူးစမ်းကြည့်တဲ့အခါ ပျားအုံတစ်အုံလည်းစွဲနေတာကို သတိထားမိပါသတဲ့။ တစ်ခါ⁠တစ်ခါ ပျားတုတ်ခံရတာပေါ့…။ တစ်ခါ⁠တစ်ခါမှာတော့ ပျားအုံက ကျလာတဲ့ ပျားရည်စက်ကလေးတွေကို လျှာနဲ့ လှမ်းလျက်လိုက်ပါသေးသတဲ့…။ ပျားရည်ရဲ့  အရသာကို စွဲမက်ယစ်မူးပြီး ပျားအုံကို တုတ်နဲ့ထိုးလိုက်…ပျားတုတ်ခံလိုက်.. ရံဖန်ရံခါ ကျလာတဲ့ ပျားရည်စက်ကလေးကို တရှိုက်မက်မက်လျက်လိုက်နဲ့ သူ့ရဲ့  လက်ရှိဒုက္ခတွေကို မေ့လျော့သွားပါတော့သတဲ့…။

        အဲဒီခရီးသွားကတော့ တစ်ခြားမဟုတ်ပါဘူး..။ ကျနော်တို့တွေ ကိုယ်တိုင်ပါပဲ..။ သစ်ကိုင်းကတော့ တို့တွေရဲ့ ဘဝပါ..။ကြွက်ဖြူနဲ့ ကြွက်မည်းကတော့ နေ့နဲ့ညဆိုတဲ့ အချိန်ပါ…။ ပျားရည်စက်လေးကတော့… တို့တွေတပ်မက်နေကြတဲ့ စည်းစိမ်ဥစ္စာကာမဂုဏ်အာရုံတွေပေါ့…။ ကာမဂုဏ်စည်းစိမ်ဆိုတာ…ဒုက္ခတွေကြားက ပျားရည်စက်မျှသာပါပဲ..။ ပျားတုတ်ခံရတယ်ဆိုတာက ဒီကာမဂုဏ်အာရုံတွေ ရှာဖွေလို့ ကြုံလာရတဲ့ ဒုက္ခတွေပေါ့..။

      မြတ်စွာဘုရားက သဗ္ဗေသင်္ခါရာ ဒုက္ခာ၊ ဖြစ်ပျက်သမျှ ဒုက္ခလို့ ဟောပါသော်လည်း ဘဝကိုဒုက္ခလို့ မမြင်နိုင်ကြပါဘူး..။ ဘဝဒုက္ခကို ပျားရည်စက်ကလေးနဲ့ ဖုံးထားခံရတာပါ..။ ဒီပျားရည်စက်ကလေးပေါ် တပ်မက်မှုကို ဖယ်ခွာပြီး ကိုယ့်ဒုက္ခကိုယ်မြင်ကာ ဒုက္ခလွတ်ရာလမ်းကို ရှာဖွေကြပါစို့လား သူငယ်ချင်းရာ…. ။ ။

ကျမ်းကိုး…. ဘဝအဓိပ္ပါယ်နှင့်ဘဝသစ္စာ(နန္ဒာသိန်းဇံ)
 
You might also like:

No comments:

Post a Comment