မိုဘိုင်းဖုန်းငွေကြေး ဝန်ဆောင်မှုဖြစ်သည့် myKyat ဝန်ဆောင်မှုကို ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်ကာ မိတ်ဆက်လိုက်ကြောင်း သိရသည်။
myKyat အသုံးပြုသူ အချင်းချင်း ငွေလွှဲပြောင်းခြင်း၊ ငွေလက်ခံခြင်း၊ ငွေတောင်းခံခြင်း၊ အရောင်းအဝယ် ကိစ္စ အရပ်ရပ် တို့အတွက် ငွေပေးချေခြင်း၊ လစာထုတ်ပေးခြင်း အစရှိသည့်လုပ်ငန်းများကို မိုဘိုင်းဖုန်းများမှ တစ်ဆင့် ဆောင်ရွက်နိုင်မည့် စနစ်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စတင်မိတ်ဆက်ခြင်းသာ ဖြစ်၍ မှတ်ပုံတင်ထားခြင်းကိုသာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အသုံးပြုမှုကိုမူ ၂၀၁၅ နှစ်စပိုင်းတွင်မှသာ ရန်ကုန် တစ်မြို့လုံး စတင်အသုံး ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ “ဘဏ်အကောင့် မရှိတဲ့သူတွေအတွက် ဒီစနစ်ကို ဆောင်ရွက်လိုက် တာပါ၊ လက်ရှိ အသုံးပြုလို့ မရသေးပေမယ့် Register လုပ် (မှတ်ပုံတင်) ထားနိုင် ပါတယ်” ဟု Frontier Technology Partners ၏စီအီးအို ဦးအောင်မြင့်ထွန်းကပြောသည်။ အဆိုပါစနစ်ကို ပထမပုဂ္ဂလိကဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
www.mykyat.com တွင် myKyat နှင့်ပတ်သက်၍ လေ့လာနိုင်မည်ဖြစ်ပြီး မိုဘိုင်း Application ရယူလိုသူများ အနေဖြင့် Google Play Store တွင် Download ရယူနိုင်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ကိုယ်စားလှယ် များကိုလည်း ဖိတ်ခေါ်လျက် ရှိသည်။
“မြို့နယ်တစ်ခုမှာ ကိုယ်စားလှယ် နှစ်ယောက်ထားဖို့ ဆောင်ရွက်ထားပါတယ်၊ အသုံးပြုတဲ့ အတွက် နှစ်စဉ်ကြေး၊ လစဉ်ကြေးပေးရမှာမဟုတ်ပါဘူး၊ အခမဲ့ ဖြစ်ပါတယ်” ဟုဦးအောင်မြင့်ထွန်းကပြောသည်။ ဆိုင်ပိုင်ရှင်များ၊ ငွေကြေးဝန်ဆောင်မှု အတွေ့အကြုံ ရှိသူများ၊ စီးပွားရေးလုပ်ငန်း တစ်ခုခု ပိုင်ဆိုင်ထား သူများ၊ ငွေသွင်းငွေထုတ် ကိုယ်စားလှယ်အဖြစ် ပူးပေါင်း လုပ်ကိုင်သူများကို myKyat မှ ဖိတ်ခေါ်ထားပြီး info@frontiertechnologypartners.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
Internet Journal

No comments:
Post a Comment