Monday, June 10, 2013

မဲဆောက်အခြေစိုက် နာမည်ကြီး ချာလီကုမ္ပဏီကို မြန်မာအလုပ်သမား ၃၀ ခန့် ဆန္ဒပြ-




ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရရှိရင် ယာယီပတ်စ်ပို့နှင့် အလုပ်သမားလက်မှတ်ပြုလုပ်ရန်အတွက် ကုန်ကျစရိတ်အနည်းဆုံး (၁၃၀၀၀) ဘတ်ရယူထားသော ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် နာမည်ကြီး ချာလီ ပတ်စ်ပို့ (ခေါ်) NIK Global Company အား ကာယကံရှင် မြန်မာအလုပ်သမား ၃၀ ခန့်က ယနေ့ ဆန္ဒပြခဲ့ကြသည်။
အခင်းဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က အဆိုပါ ကုမ္ပဏီသည် ယာယီပတ်စ်ပို့ ပြုလုပ်ရန် အကြောင်းပြချက်ဖြင့် (မဲဆောက်- တာ့ခ်) ပုံမှန်လမ်းခရီးအတိုင်း မသွားပဲ (မဲဆောက်- မယ်စရီးယန်း) ခိုးလမ်းခရီးအတိုင်း ခေါ်ဆောင်သွားခဲ့ရာမှ ကားပေါ်တွင် ပါရှိသော မြန်မာအလုပ်သမား ၄၅ ဦးအနက် ၆ ဦးကို တာ့(ခ်)ခရိုင် ထဆောင်းယန်းမြို့နယ်၊ မဲသဝေါရဲဂိတ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

(ကာယကံရှင် မြန်မာအလုပ်သမား၁ဦ့းနှင့်media interview)

ထိုသို့ ၆ ဦးဖမ်းဆီးခံခဲ့ရပြီးနောက် အခြားမြန်မာအလုပ်သမား ၃၉ ဦးတို့မှာ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။ အဆိုပါ မြန်မာအလုပ်သမား ၄၅ ဦးတို့သည် ချာလီ၏ NIK Global ကုမ္ပဏီထဲ တစ်ဦးလျှင် ဘတ် (၁၃၀၀၀) မှ (၁၄၀၀၀) အထိ ငွေပေးချေကြပြီး သူများဖြစ်ပြီး ယာယီပတ်စ်ပို့နှင့် အလုပ်သမားလက်မှတ် ရရှိရန် မသေချာသည့် အနေအထားတွင် ယနေ့ မနက်ပိုင်းက ဆန္ဒပြကာ ကုန်ကျစရိတ် ပြန်လည်တောင်းခံကြခြင်းဖြစ်သည်။

ကုမ္ပဏီမှ တာဝန်ရှိသူ ချာလီက “မင်းတို့ကို ငါပိုက်ဆံပြန်ပေးသားပဲ၊ ပေးတုန်းက မယူတော့၊ အခုဆိုရင် မြန်မာသံရုံးဆီကို မင်းတို့ စာရွက်စာတမ်းတွေရောက်သွားပြီ၊ ဒီတော့ မင်းတို့ငွေကို ပြန်လိုချင်ရင် သံမှူးဆီမှာ သွားယူရမယ်….”ဟု ဆန္ဒပြ မြန်မာအလုပ်သမားများအား ပြောဆိုခဲ့သည်။


(ချာလီ့ နှင့်ဆန္ဒပြ မြန်မာအလုပ်သမားများ)

 ချာလီကုမ္ပဏီနှင့် ဆက်သွယ်ပြီး မဲသဝေါရဲဂိတ်တွင် ထိုင်းရဲ၏ စစ်ဆေးမေးမြန်းခြင်းကိုခံခဲ့ရသည့် ကာယကံရှင် တစ်ဦးဖြစ်သူ ကိုသန်းက “ထိုင်းရဲက ကျနော်တို့ကို ပြောတယ်။ ချာလီရဲ့ စာရွက် စာတမ်ျးွှေကို မင်းတို့ မယုံကြနဲ့တဲ့ မင်းတို့ထဲက ၆ ယောက်ကိုပဲ ဒို့က စံပြခေါ်ထားတာတဲ့။ မင်းတို့အကုန်လုံး ချာလီပြောတာယုံရင် ထောင်ချပစ်လို့ရတယ်တဲ့၊” ဟု ပြန်လည်ပြောပြခဲ့သည်။

 ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယာယီပတ်စ်ပို့ အကျိုးဆောင်လုပ်ငန်းနှင့် ပတ်သက်၍ ဖောက်သည်အများဆုံး ရရှိထားသည့် ချာလီကုမ္ပဏီ (ခေါ်) NIK Global ကုမ္ပဏီသည် ယနေ့ ဆန္ဒပြအလုပ်သမားများအား ခေါ်ယူဆွေးနွေးရာတွင် ၄င်းနှင့် အလွမ်းသင့်သည့် ကုလားလူမိုက်အချို့ကို ခေါ်ယူထားပြီး ခြိမ်းခြောက်မှုတချို့ ရှိခဲ့ကြောင်း မြန်မာအလုပ်သမားအချို့က ပြောဆိုသည်။

ဆန္ဒပြ အလုပ်သမား ၃၀ ဦးအား ချာလီက လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ယာယီပတ်စ်ပို့နှင့် အလုပ်သမားလက်မှတ်ကို ဖြစ်စေ၊ ကုန်ကျစရိတ် ဘတ် (၁၃၀၀၀ မှ ၁၄၀၀၀) အထိကိုဖြစ်စေ၊ ဘတ် ၈၀၀၀ ကို ဖြစ်စေ အခြေအနေအရ ပြန်ပေးမည်ဟု ချွေးသိပ်ပြောဆိုခဲ့သည်။ ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့တွင် ချာလီ (ခေါ်) NIK Global ကုမ္ပဏီနည်းတူ ကုမ္ပဏီဆိုင်းဘုတ်တင်ကာ ယာယီပတ်စ်ပို့နှင့် အလုပ်သမားလက်မှတ် အကျိုးဆောင်လုပ်ငန်းအပြင် ထိုင်းနိုင်ငံအတွင်း ပိုင်းဒေသများသို့ တရားဝင်ရော၊ တရားမ၀င်ပါ မြန်မာအလုပ်သမားတင်ပို့မှုလုပ်ငန်း လုပ်ဆောင်နေကြသော ကုမ္ပဏီ (၄၀) ခန့်ရှိသည်။ 
 
(ဇွန်လ ၁၀ ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)

No comments:

Post a Comment