Samsung Galaxy S7 မှာပါတဲ့ ကြိုးမဲ့အားသွင်းစနစ်ကို သိကြမှာပေါ့။
ဖုန်းကို အားသွင်းကြိုးနဲ့ ပလပ်ပေါက်မှာ ထိုးပြီး အားသွင်းစရာမလိုဘဲ၊
အားသွင်းပြား (charging pad) ပေါ်တင်လိုက်ရုံနဲ့ ဖုန်းအားသွင်းနိုင်မယ့်
နည်းပညာဖြစ်ပါတယ်။
ယခုအခါ “Energysquare” ဆိုတဲ့ ပြင်သစ်ကုမ္ပဏီတစ်ခုရဲ့ ကျေးဇူးကြောင့် ဒီလိုကြိုးမဲ့အားသွင်းစနစ်ကို ဖုန်းတိုင်းမှာသုံးနိုင်တော့မှာ ဖြစ်ပါတယ်။
‘Energysquare’ က ထုတ်လုပ်ထားတဲ့ ကြိုးမဲ့အားသွင်းစတစ်ကာလေးကို ဖုန်းနောက်ကျောဘက်မှာ ကပ်ပြီး၊ အားသွင်းပြားပေါ်တင်လိုက်ရုံနဲ့ ဖုန်းကို ကြိုးမဲ့အားသွင်းစနစ်ရအောင်လုပ်ပေးမှာဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ပြောကြားချက်အရ၊ ယခုအားသွင်းစနစ်ဟာ လက်ရှိစနစ်တွေလို လျှပ်စစ်သံလိုက်ကူးပြောင်းခြင်းနိယာမ (electromagnetic induction) ကို မသုံးထားဘဲ၊ လျှပ်ကူးနည်း (electric conduction) နဲ့ ကြိုးမဲ့အားသွင်းပေးတာဖြစ်တယ်လို့ သိရပါတယ်။
ဖုန်းမှာကပ်ရတဲ့ စတစ်ကာရဲ့ USB ခေါင်းပါအမြီးပိုင်းကို စမတ်ဖုန်းရဲ့ အားသွင်းပေါက် ( iPhone မှာဆို lightning port) ထဲထိုးပေးလိုက်တာနဲ့၊ စတစ်ကာမှာပါတဲ့ အီလက်ထရုဒ် (လျှပ်ကူးခေါင်း) နှစ်ခုက ဖုန်းတွင်းက ဘက်ထရီနဲ့ ချိတ်ဆက်ပြီးသားဖြစ်သွားပါတယ်။
ထို့နောက်မှာတော့ အဆိုပါစတစ်ကာကပ်ထားတဲ့ဖုန်းကို Energysquare ကပဲထုတ်ထားတဲ့ လျှပ်ကူးအခံပြားသုံး အားသွင်းပြားပေါ်မှာတင်လိုက်ရုံနဲ့ စတစ်ကာရဲ့ လျှပ်ကူးခေါင်းနဲ့ အားသွင်းပြားပေါ်က လျှပ်ကူးအခံပြားနှစ်ခု ချိတ်ဆက်မိပြီး၊ အလိုလိုကြိုးမဲ့အားသွင်းသွားမှာဖြစ်ပါတယ်။ ဖုန်းအားပြည့်သွားပြီဆိုရင်လည်း အားသွင်းမှုကို အလိုလိုရပ်ဆိုင်းပေးသွားမှာဖြစ်တာကြောင့် ဘက်ထရီထိခိုက်မှာလည်း မပူရပါဘူး။
ဒီ့အပြင် ဈေးကွက်တွင်းက တခြားချာဂျာပြားတွေလို ဖုန်းတစ်လုံးပဲတင်ပြီး အားသွင်းနိုင်တာမဟုတ်ဘဲ၊ ဖုန်းအလုံးရေအများအပြားတင်ပြီး အားသွင်းနိုင်တယ်လို့ သိရပါတယ်။
iPhone အတွက် lightning connector သုံးစတစ်ကာ၊ နောက်ဆုံးပေါ်စမတ်ဖုန်းတွေအတွက်၊ USB-Type C ခေါင်းစတစ်ကာတွေလည်းရှိပြီး၊ ဖုန်းအမျိုးအစားမရွေးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တက်ဘလက်နဲ့ လက်ပ်တော့တွေအထိ သုံးနိုင်တဲ့ ချာဂျာပြားနဲ့ စတစ်ကာတွေ ထုတ်လုပ်သွားဖို့ရှိတယ် လို့လည်း သိရပါတယ်။
ဒီကြိုးမဲ့အားသွင်းစတစ်ကာနဲ့ ချာဂျာပြားတို့ကို ဈေးကွက်ဝင်ထုတ်လုပ်ဖို့အတွက် ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုဒ် Kickstarter မှာ ကမ့်ပိန်းလုပ်ကာ ရန်ပုံငွေရှာလျက်ရှိပြီး၊ ရန်ပုံငွေ ဒေါ်လာ ၃ သောင်း ၃ ထောင်ကျော်ရဖို့ ခန့်မှန်းထားပေမယ့်၊ ယခုအခါ ရန်ပုံငွေထည့်ဝင်သူပေါင်း ၇၅၈ ယောက်ထံကနေ ဒေါ်လာ ၇ သောင်းကျော် ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
Energysquare ကြိုးမဲ့အားသွင်းစတစ်ကာတွေကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလလောက်မှာ စတင်ရောင်းချသွားဖို့ ရှိပြီး၊ စတစ်ကာတစ်ခုကို ဆယ်ဒေါ်လာလောက်နဲ့၊ ချာဂျာပြားကို ၆၅ ဒေါ်လာလောက်ပဲ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။
Energysquare စတစ်ကာမသုံးဘဲ၊ ဖုန်းတိုင်းကို ကြိုးမဲ့အားသွင်းစနစ်ရအောင်လုပ်ပေးမယ့် နည်းလမ်းလေးကိုလည်း ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
Credit to ==> Digital Timesယခုအခါ “Energysquare” ဆိုတဲ့ ပြင်သစ်ကုမ္ပဏီတစ်ခုရဲ့ ကျေးဇူးကြောင့် ဒီလိုကြိုးမဲ့အားသွင်းစနစ်ကို ဖုန်းတိုင်းမှာသုံးနိုင်တော့မှာ ဖြစ်ပါတယ်။

No comments:
Post a Comment